ဆားလင်းကြီးမြို့နယ် နှင်းတော ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့

By လွှမ်းမိုး (မဇ္ဈိမ)
14 June 2023
ဆားလင်းကြီးမြို့နယ် နှင်းတော ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ နှင်းတောကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၄ ရက် မွန်းလွဲ ၂ နာရီ အချိန်တွင် စတင်၍ မီးရှို့နေတာဖြစ်ကြောင်း ဆားလင်းကြီးဒေသခံ တစ်ဦးထံမှ သိရသည်။

“အိမ်ခြေ ၄၀၀ ကျော်ခန့် ရှိတဲ့ နှင်းတောကျေးရွာကို စစ်ကောင်စီတပ်က စစ်အင်အား ၂၀၀ ခန့် ဖြင့် မွန်းလွဲ ၂ နာရီမှာ မီးစရှို့တယ်။ ကျေးရွာနေပြည်သူတွေကတော့ ပြေးနေရတယ်။ ရွာရဲ့ သုံးနေရာလောက်က မီးခိုးတွေ ထွက်လာမှ မီးရှို့ခံရတာ သိရတယ်” ဟု ဆားလင်းကြီး ဒေသခံ ကိုထက်မြတ်က ဆိုသည်။

ဆားလင်းကြီးမြို့နယ်တွင် ယခုတစ်ပတ်အတွင်း နှင်းတော အပါအဝင် မီးရှို့ခံရသည့် ကျေးရွာ ခုနစ်ရွာခန့် ရှိနေပြီး ဒေသခံ ပြည်သူ ၇,၀၀၀ ကျော်ခန့် စစ်ရှောင်နေရကြောင်း သိရသည်။

“ ဒီကနေ့ရောဆို စစ်ရှောင်ရတာ ခုနစ်ရက် ရှိပါပြီ ။ စစ်ကြောင်းလာပြီဆိုတော့ အကုန်လုံးက အဝတ်တစ်ထည် ကိုယ်တစ်ခုတည်းနဲ့ ပြေးလာရတာ ဖြစ်တဲ့အတွက် စားဝတ်နေရေး တော်တော်လေး အခက်အခဲဖြစ်နေပါတယ်။ မိုးကလည်း အဆက်မပြတ်ရွာနေတော့ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေရဲ့ ကျန်းမာရေး စိုးရိမ်နေရတယ်” ဟု ကိုထက်မြတ်က ဆိုသည်။

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် နှင်းတော ၊ ထန်းတော ၊ ညောင်ပင်ကြီး အမှတ်(၃)၊အမှတ်(၄) ၊ ရွာရှည် ၊ သိန်တော ၊ သုံးဆု စတဲ့ ကျေးရွာများမှ ဒေသခံ ၇,၀၀၀ ကျော်ခန့် စစ်ရှောင်နေရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က ညောင်ပင်ကြီး ကျေးရွာရှိ လမ်းများကို ဘိုဒူဇာမြေထိုးစက်များဖြင့် ထိုးဖျက်ကာ စခန်းနှင့် ပေ တစ်ရာပတ်လည်ကို တပ်ပိုင်နက်အဖြစ် သိမ်းဆည်းထားကြောင်းလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဆားလင်းကြီးမြို့နယ်

#မီးရှို့

#စစ်ကြောင်းထိုး

#ကလေးငယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly