လူတစ်ဦးချင်း ဆန်စပါးစားသုံးမှု စစ်တမ်း ကောက်ယူမှု အချိန်ကန့်သတ်ချက်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာ ခြံုငုံမိဖို့မလွယ်ကူ

လူတစ်ဦးချင်း ဆန်စပါးစားသုံးမှု စစ်တမ်း ကောက်ယူမှု အချိန်ကန့်သတ်ချက်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာ ခြံုငုံမိဖို့မလွယ်ကူ

လူတစ်ဦးချင်းဆန်စပါး စားသုံးမှု စစ်တမ်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံနိုင်ရန် မလွယ်ကူကြောင်း ဆန်စပါး လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။

အဆိုပါစစ်တမ်းကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအဖွဲ့ချုပ် နှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တို့ ပူးပေါင်းကာ ဧပြီလ နှင့် မေလအတွင်း အပြီးကောက်ယူမည်ဟု ကြေညာထားသော်လည်း အချိန် နှင့် ငွေကြေး ကန့်သတ်ချက်ရှိနေသည် ဟု တာဝန်ခံကောက်ယူမည်ဟု ရေဆင်းတက္ကသိုလ် တွဲဘက်ပါမောက္ခ ဒေါ်သိင်္ဂီမြင့်က ပြောသည်။

“အချိန်ကာလ နှစ်လ ဆိုတာ တော်တော်ကို နည်းတဲ့ အနေအထားပါ ဒီအနေအထားမှာကျွန်မတို့က ၁၀% ထိ အမှားအယွင်းမရှိအောင် ကျိုးစားလုပ်ဆောင်ရမှာပါ” ဟုဒေါ်သိင်္ဂီမြင့်က ပြောသည်။

စစ်တမ်းကို ရေဆင်းတက္ကသိုလ်မှ စိုက်ပျိုးရေး မဟာတန်းတက်ရောက်နေသော ကျောင်းသားကျောင်းသူ ၁၄၆ ဦးဖြင့် ကောက်ယူမည်ဖြစ်ပြီး နေပြည်တော် အပါအဝင် ပြည်နယ် နှင့် တိုင်း ၁၅ ခုတွင် ကောက်ယူမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဌ ဒေါက်တာ စိုးထွန်းက “တကယ်တန်းကောက်တဲ့ အခါမှာ ကျွန်တော်တို့ အတွေ့အကြုံအရ စိန်ခေါ်ချက်တွေအများကြီးဖြစ်နေတယ်။ ဒါကြောင့်ကောက်နိုင်တဲ့ နေရာ လူဦးရေပေါ်မူတည်ပြီး တိတိကျကျ ဖြစ်သင့်ပါတယ်။ ဒါကို အမျိုးသားအဆင့်လို့ သတ်မှတ်ဖို့ဆိုရင် ထိုက်တန်တဲ့ ရင်းနှီးမှုတွေနဲ့ တိတိကျကျ လုပ်ရမှာပါ”ဟု ဆိုသည်။

အဆိုပါ လူတစ်ဦးချင်း ဆန်စားသုံးမှု စစ်တမ်းကို လာမည့်အစိုးရလက်ထက် ဆန်စပါးနှင့်ပတ်သက်သော မူဝါဒများရေးဆွဲရာတွင် အသုံးပြုနိုင်အောင်တင်ပြမည်ဟု ဆန်စပါးလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly