နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၄ ဇွန်  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၄ ဇွန်  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ကရင်နီပြည်နယ်၏ ခုခံစစ်သည် ပြည်နယ်ဧရိယာနှင့် မမျှအောင် သာလွန်ကြီးမားနေပြီး ပြည်နယ်က ပြည်သူများ၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့်ပြည်နယ် အရေးတော်ပုံတပ်သားများ၏ ရဲရင့်မှုသည် အင်မတန် အံ့ဩစရာကောင်းသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ကရင်နီ ပြည်နယ်၊ ကြားကာလ အုပ်ချုပ်ရေးကောင်စီ တရားဝင် မိတ်ဆက်ကြေညာခြင်း အခမ်းအနားတွင် ဂုဏ်ပြုစကားပြောကြားခဲ့သည်။ 

  • ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းနိုင်ခဲ့ပြီး ဇွန်၁၂ရက်တွင် ပြည်သူလူထုကို တရားဝင် မိတ်ဆက်နိုင်ခဲ့တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာ ဂုဏ်ယူ ဝမ်းမြောက်မိသည်ဟု ယနေ့ ဇွန် ၁၄ ရက်စွဲဖြင့် ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ 

  • အာဆီယံနှင့်နိုင်ငံတကာကို စစ်ကောင်စီကျူးလွန်နေသည့် ရာဇဝတ်မှုများကို ဖော်ထုတ်အရေးယူနိုင်မည့် အစီစဉ်ကို ယခုထက်ပိုမို ဆောင်ရွက်ပေးကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က မေတ္တာရပ်ခံထားသည်ဟု ဇွန် ၁၃ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ 

  • မြန်မာနိူင်ငံသည် ယူကရိန်းနိုင်ငံကဲ့သို့ နိုင်ငံတကာ၏ကူညီပံ့ပိုးမှုများ ထိုက်တန်ပြီး ၊ယူကရိန်းရ​သောအကူအညီများ၏ ၁ ရာခိုင်နှုန်းရလျှင် ​တော်လှန်​ရေးအင်အားစုများက စစ်​ကောင်စီကို လပိုင်းအတွင်းအနိုင်ယူပြီး​အောင်ပွဲရယူနိုင်​ကြောင်း​တော်လှန်​ရေး​ခေါင်​ဆောင်များဖြစ်​သော ဦးရည်မွန်၊ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်​မော် နှင့် ဦးမင်းကိုနိုင်တို့က ပူးပေါင်း၍ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု (USIP)တွင် ​ဆောင်းပါး​ရေးသားတိုက်တွန်းလိုက်သည်။ 

  • ကရင်နီ(ကယား)ပြည်နယ်တွင် ပြန့်ကျဲနေသာ အုပ်ချုပ်ရေး နှင့် လက်နက်ကိုင်အဖွဲ့အားလုံးစုစည်း၍ အစိုးရအဖြစ်  ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းသို့ ဖွဲ့စည်းခြင်းသည် ခွဲထွက်ရန်မဟုတ်ဘဲ ဖက်ဒရယ် ပြည်ထောင်စုကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်မည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများက ဇွန် ၁၂ ရက်က ပြုလုပ်သည့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်း၏ ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

  • သြစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနယ်ကို ကြားကာလ ဗဟိုဘဏ် အထူး အကြံပေးပုဂ္ဂိုလ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဇွန် ၁၃ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။ 

  • စစ်ကိုင်းတိုင်းရှိ မြို့နယ် (၄)ခုက ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များကို အမှုစစ်ဆေးခြင်းနှင့် ပတ်သတ် သည့် (၁၀)ရက်တာ သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။ 

  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် ရှိသည့် မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို ဇွန် ၁၃ ရက်၊ နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ကြသည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့၏ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် များကို ဖိတ်ကြားပြီး CRPH ၏ ကဏ္ဍအလိုက် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းကို ဇွန် ၁၂ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီနှင့်ရန်ကုန်တိုင်းက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲကို ဇွန်၁၃ ရက်၊ နေ့လယ် ၁နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ပညာရေးကော်မတီ နှင့် ပြည်သူ့ရေးရာ ကော်မတီတို့ တွေ့ဆုံမှုကို ဇွန် ၁၂ ရက်၊ မွန်းလွဲ ၃ နာရီတွင် ပြုလုပ်ခဲ့ကြပြီး ပညာရေးကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်ဟု သိရသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက် ခြမ်း သပိတ်အင်အားစုက ဇွန် ၁၄ ရက်၊ နံနက်ပိုင်းက ချီတက်သပိတ်မှောက်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်က အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ၈၁၆ ရက်မြောက်အဖြစ် ယနေ့ ပြုလုပ်ခဲ့သည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းကို ဇွန် ၁၃ ရက်၊ မွန်းလွဲပိုင်းက မိုင်းဆွဲပြီး ပြန်လည်ဆုတ်ခွာစဥ် မိုင်းမတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ ကာကွယ်ရေး တပ်ဖွဲ့၀င် ရဲဘော်ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် (၂၂) တပ်ရင်း ပြန်ကြားရေး တာ၀န်ရှိသူက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာ-အမြင့်လမ်းဘေး ကျေးရွာတစ်ရွာတွင် ကျေးရွာ( ပ အ ဖ) ၊ (ပ က ဖ)၊ (ပ လ ဖ) များ တပ်ရင်းတပ်ဖွဲ့များ အကူအညီဖြင့် လူထုဟောပြောပွဲကို ဇွန် ၁၃ ရက်က ပြုလုပ်ခဲ့သည်။ 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းမြို့ဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ဇွန် ၁၂ ရက်၊ နံနက် ၅ နာရီခွဲခန့်က တော်လှန်ရေးအဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှု များရှိကြောင်း 96 Soldiers-PDF အဖွဲ့မှ ကိုဇေယျာလွင်၏ ပြောဆိုချက်ကို ကိုးကားပြီး လူထုနွေဦး သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိအခိုက်အကျ အဆုံးများစွာ ဖြင့် ပြန်လည်ဆုတ်ခွာသွားကြောင်း ဖောင်းပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည့် HPDF-124 က ယမန်နေ့ ဇွန် ၁၃ ရက်တွင် ရုပ်သံမှတ်တမ်းနှင့်အတူ ထုတ်ပြန်ခဲ့သည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းကို ဇွန် ၁၄ ရက်၊ နံနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်း ဖြင့် ဝင်ရောက်လာပြီး ရှမ်းကုန်းရွာကို မီးတင်ရှို့နေကာ ကျေးရွာ ၁၂ ရွာကျော်မှ ပြည်သူထောင် ပေါင်းများစွာ ထွက်ပြေးနေရကြောင်း Infinity Group မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အင်အား အများအပြားဖြင့် တပ်စွဲထားသော နေရာ၌ ဇွန် ၁၃ ရက်တွင် ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီက "အသက်လှလှထွက်ချင်ရင် လက်နက်ချကြ" စာတန်းချိတ်ဆွဲခဲ့ကြောင်း သိရသည်။ 

  • တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံ ပြည်သူများက ပြောသည်။ 

  • ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သပိတ်အင်အားစုများ ဦးဆောင်ကာ "ရွေးကောက်ပွဲလို့ လေလည် လိုက်တာနဲ့ အမြီးမနှံနဲ့ အသက်ရှူရပ်သွားတတ်တယ်" စာတန်း ကိုင်ဆောင်ပြ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် ၊ တူရွင်းဘို့ကျေးရွာ နှင့် သစ်ရုံကျေးရွာကြားတွင် ထောင်ထားသည့် မိုင်းများကို ရှင်းပြီး ပြန်လာသည့်အကြမ်းဖက် စစ်တပ်ကို ဇွန် ၁၁ ရက်၊ ညနေပိုင်းက ပြည်သူ့ ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့ မှ ပ​ဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ၇ ဦး သေဆုံးခဲ့သည်ဟု MYINGYAN 35 ပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွရွာရှိ ပျူစောထီး စခန်းကို ဇွန် ၁၃ ရက်၊ ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က ဝင်ရောက် တိုက်ခိုက်ရာ စစ်သားနှင့် ပျူစောထီး ၈ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဇွန် ၁၄ ရက်တွင် ကျေးလက်မြေအဖွဲ့နာယက ဦးဇော်မင်းထိုက် က ဆန်၊ ဆီ၊ ငါးခြောက်၊ မုန်ညင်း၊ သခွားသီး၊ ကြက်သွန်၊ အာလူးနှင့် အသီးအရွက် မျိုးစုံတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • မြန်မာ-ထိုင်း နယ်စပ် ၊ ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ဘန်စင်ဟင်မြို့သို့ မြန်မာ စစ်ဘေး ဒုက္ခသည် ၃,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်လာကြောင်း ထိုင်း Nation Online သတင်းတွင် ယနေ့ ဇွန် ၁၄ ရက်၊ နံနက်ပိုင်းက ရေးသားဖော်ပြထားသည်။ 

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ် (၇၇) ဦး အပါအဝင် ပါတီဝင် ၁၂၀၀ ဖမ်းဆီး ခံထား ရသည်ဟု NLD လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန် လိုက်သည်။ 

  • တောင်ငူထောင်တွင် အကျဉ်းချခံထားရသည့် သမ္မတဦးဝင်းမြင့် ကျန်းမာရေးမကောင်းသည့်အတွက် ပြင်ပဆေးရုံတွင် ဆေးကုသမှု ခံယူရန် တောင်းဆိုထားကြောင်း မိသားစုနှင့် နီးစပ်သူ၏ ပြောဆိုချက်ကို ကိုးကားပြီး ဘီဘီစီမြန်မာပိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ပျူစောထီး အမာခံကျေးရွာ ဖြစ်သည့် ဇီးဖြူကုန်းကျေးရွာမှ ထွက်ခွာ လာသည့် စစ်ကြောင်းမှူး ဗိုလ်ကြီးမင်းမြတ်သူ ဦးဆောင်သော ခလရ ၇၀၄ တပ်ရင်း နှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို မင်းတိုင်ပင်ကျေးရွာ နှင့် ဇီးဖြူကုန်း ကျေးရွာအကြားတွင် ဇွန် ၁၄ ရက်၊ နံနက် ၇ နာရီခွဲခန့်က ABSDF ချင်းတွင်းဒေသ တပ်ရင်း နှင့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပုလဲ ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ  စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ABSDF Column - 3 တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မွန်ပြည်နယ်၊ သထုံမြို့ အခြေစိုက် အမှတ် ၁ ခြေမြန်တပ်ရင်းနှင့် အမှတ် ၄၀၂ အမြောက်တပ် တို့ကို KNLA ၊ PDF ၊ သထုံပကဖနှင့် ဘီးလင်း ပကဖ ပူးပေါင်းတပ်များက ဇွန် ၇ ရက်၊ နံနက်ပိုင်းက တိုက်ခိုက် မှုကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သော အမှတ် ၄၀၂ အမြောက်တပ် တပ်ရင်းမှူး  ဒုတိယဗိုလ်မှူးကြီး သည် ဆေးကုသမှုခံယူရင်း သေဆုံးသွားခဲ့ကြောင်း သထုံပကဖမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • ထိုင်း-ကရင်နီ နယ်စပ်က စစ်ကောင်စီတပ်စခန်း နှင့် ရဲစခန်းကို အလုံးစုံ သိမ်းပိုက်နိုင်ပြီ ဖြစ်သည်ဟု တိုးတက်သော ကရင်နီ ပြည်သူ့ အင်အားစု-PKPF က ယနေ့ အတည်ပြု ထုတ်ပြန်လိုက်သည်။ 

  • ကရင်နီ (ကယား) ပြည်နယ်၊ မယ့်စဲ့မြို့မရဲစခန်း အပါအဝင် တပ်စခန်း ၄ ခုကို KA ၊ KNDF ပူးပေါင်း တပ်ဖွဲ့ တွေက ဇွန် ၁၃ ရက်၊ နံနက်ပိုင်းက စတင်ပြီး တပြိုင်နည်းတည်း တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး  ၁၂၀ မမ  လက်နက်ကြီး ၂ လက် အပါအဝင် လက်နက်ကြီး/ငယ် ၄၂ လက်ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီ စစ်ဖက်ဆိုင်ရာဗဟို သတင်းနှင့်ပြန်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ချင်းပြည်နယ်အတွင်း အုပ်ချုပ်ရေးစနစ်ပိုမိုခိုင်မာလာစေရေးအတွက် ဒေသအသီးသီးရှိ ချင်းကာကွယ်ရေး တပ် (CDF) များနှင့် ဆွေးနွေးထားကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသား တပ်မတော် (CNF / CNA) တပ်မှူး ဗိုလ်မှူးကြီး ဆော်လမွန်၏ ပြောကြားချက်ကို The Chin Journal သတင်းဌာနက ဖော်ပြ ထားသည်။ 

  • ချင်းပြည်နယ် ၊ ဟားခါးမြို့နယ် လုံခါရ်တောင်တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA)၌ တာဝန် ထမ်းဆောင်နေသည့် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း The Zotung Post သတင်းဌာနက ဇွန် ၁၂ ရက်တွင် ဖော်ပြထားသည်။ 

  • ရှမ်း-ကယား နယ်စပ် ဖယ်ခုံမြို့နယ်တွင် ဇွန် ၃ ရက်မှ ၁၃ ရက်ထိ ၁၁ ရက်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲ အတွင်း၌ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၂၇ ဦးသေဆုံးပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ ကြောင်း PDF - Pekhon တပ်ဖွဲ့ထံမှ သိရသည်။ 

  • ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ကို  စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ရန် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ စစ်ကောင်စီတပ်နှင့် ကရင်နီ ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး ကျည်ဆန်များအရေးပေါ်လိုအပ်နေကြောင်း မိုးဗြဲ PDF (ကျွဲချိုတပ်ခွဲ) တာဝန်ခံက ပြောသည်။ 

  • ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လဲချားမြိုနယ်ထဲက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) လက်နက် ကိုင်အဖွဲ့၏ တပ်စခန်းနေရာ ၁၀ ခုကို ဆုတ်ခွာပေးရန် တပ်မတော်က စာပေးပို့ အကြောင်း ကြားထားပြီး SSPP/SSA ဘက်က ဆုတ်ခွာပေးမည် မဟုတ်ကြောင်း  SSPP/SSA က ထုတ်ပြန်ကြေညာထားသည်။ 

စစ်ကောင်စီ 

  • အကျဉ်းချခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ၏ ဒုတိယဗိုလ်ချုပ်ကြီးများ သွားတွေ့သည်ဆိုသော သတင်းတွေထွက်ပေါ်နေမှုအပေါ် ကောလာဟလ ဖြစ်သည်ဟု စစ်ကောင်စီ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောဆိုချက်ကို ကိုးကားပြီး ဘီဘီစီမြန်မာပိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။ 

  • မကွေးတိုင်းဒေသကြီး၏ ဥပဒေချုပ်အဖြစ် ဦးတင့်ဝေအား ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီက ဇွန် ၁၃ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ခဲ့သည်။ 

  • တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် အကျဉ်းသား၊ အကျဉ်းသူများ ပညာဆက်လက် သင်ယူ နိုင်ရေးအတွက် သက်ဆိုင်ရာဌာနကို တိုက်တွန်းသွားမည်ဟု စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဇွန် ၁၃ ရက်တွင် ထုတ်ပြန်လိုက်သည်။ 

  • မြန်မာနိုင်ငံတွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် နှင့် နှစ်နိုင်ငံငွေကြေးများကို သုံးစွဲနိုင်ရန် စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးက ဇွန် ၁၃ ရက်က အိန္ဒိယနိုင်ငံ၊ ကော်လ် ကတ္တားမြို့တွင် ကျင်းပသည့် ဘင်းမ်စတက် စီးပွားရေးလုပ်ငန်း ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောသည်။ 

  • ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပါတီအသစ် တည်ထောင်ခွင့်လျှောက်ထားသည့် ၁၃ ပါတီ ထဲ က ပါတီ ၇ ပါတီကို တည်ထောင်ခွင့်ပြု ထားပြီးဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၁၃ ရက်စွဲဖြင့် ထုတ်ပြန်သည်။ 

  • လာမည့် သြဂုတ်လတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် တရုတ် (ကူမင်း) သွင်းကုန်-ပို့ကုန် ကုန်စည်ပြပွဲ နှင့် (၇) ကြိမ်မြောက် တရုတ် - တောင်အာရှကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ကြားခံရကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။ 

  • ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာထွက်‌ပြေးနေရသူများအား ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမှ တာ၀န်ရှိသူများ ဇွန်၁၃ ရက်၊ နံနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ 

  • မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု ၉၈ရာခိုင်နှုန်း ပြန်ရ နေပြီဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူက စစ်ကောင်စီပိုင် မီဒီယာတွင် ပြောသည်။ 

  • မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့မှ မော်လမြိုင်မြို့သို့ သွားသည့် သံလွင်တံတားပေါ်တွင် ဇွန် ၁၃ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က FAW အမျိုးအစား စစ်ကားကြီး တစ်စီးသည် ဆိုင်ကယ်နှစ်စီးကို တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး တံတားအောက်သို့ ပြုတ်ကျသေဆုံးပြီး စစ်ကားလည်း တိမ်းမှောက်ခဲ့ရာ စစ်သားတစ်ဦးလည်း သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

ဇွန် ၁၄ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီက ရှမ်းလက်နက်ကိုင် SSPP တပ်စခန်းများကို ဆုတ်ခွာပေးရန် အကြောင်းကြား ထားသည့်အတွက် နှစ်ဖက်စစ်ရေးတင်းမာလာပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်ရှိနေသည်။ 

  • စစ်ကောင်စီအနေဖြင့် စစ်ရေးနိုင်ငံရေးအကျပ်အတည်းများကို ဖုံးကွယ်လို၍ စစ်ဗိုလ်ချုပ်များ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံသည့် သတင်းအား ငြင်းဆိုခြင်းဖြစ်မည်ဟု ယူဆရသည်။ 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly