၇၄ နှစ်မြောက် ကော်သူးလေနေ့ အခမ်းအနား KNU  ဗဟိုတွင် ကျင်းပ  

By YT (မဇ္ဈိမ)
14 June 2023
၇၄ နှစ်မြောက် ကော်သူးလေနေ့ အခမ်းအနား KNU  ဗဟိုတွင် ကျင်းပ  

၇၄ နှစ်မြောက် ကော်သူးလေနေ့ အခမ်းအနားကို ယနေ့ ဇွန်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ် တစ်နေရာတွင် အကျဉ်းချုံး ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ 

အဆိုပါအခမ်းအနားအား KNU ဗဟို တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ပဒိုစောကလယ်စေး၊ ပဒိုနော်ဒါးဒါး၊ ပဒိုမန်းကနေဒီး၊ ဒု- ဗိုလ်မှူးကြီးစောအောင်စိန်၊ ဒု-ဗိုလ်မှူးကြီး စောမိုးဇက် အပြင် အခြားသော KNU ခေါင်းဆောင်များ၊ စစ်ဘက် နယ်ဘက် တာဝန်ရှိသူများနှင့် ကရင်လူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

ကော်သူးလေနေ့ဆိုသည်မှာ ကော်သူးလေကရင်ပြည်နယ် ထူထောင်ခြင်းနှင့် ကော်သူးလေအစိုးရ စတင်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည့် ၁၉၄၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ကို အစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်ပြီး ကရင်တစ်မျိုးသားလုံး​၏ နေ့ထူးနေ့မြတ်တစ်ရက်အဖြစ် သတ်မှတ်ထားကြကာ နှစ်စဉ် ဇွန်လ ၁၄ ရက်နေ့ရောက်တိုင်း ကော်သူးလေနေ့အား ဂုဏ်ပြုအခမ်းအနား ကျင်းပလေ့ရှိကြောင်း သိရသည်။ 

ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် ကျရောက်သော ကော်သူးလေနေ့အပေါ် ၎င်း​တို့၏ ခံစားချက်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA) ရဲဘော်တစ်ဦးနှင့် ကရင်ဒေသခံတစ်ဦးက မဇ္ဈိမထံ မျှဝေသည်။ 

" ဒီ ၇၄ နှစ်မြောက် ကော်သူးလေနေ့မှာပေါ့နော်၊ ကရင်လူမျိုးတစ်ယောက် အနေနဲ့ စိတ်ထဲမှာ အရမ်းဂုဏ်ယူမိပါတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၇၄ နှစ်တုန်းက ကော်သူးလေပြည် ထူထောင်ပြီး ကော်သူးလေအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ကြတယ်။ ပြီးတော့ ကော်သူးလေအသံလွှင့်ဌာနကနေ ကော်သူးလေပြည် ထူထောင်ခြင်းနဲ့အစိုးရဖွဲ့စည်းကြောင်း ကမ္ဘာကိုကြေညာနိုင်ခဲ့တယ်ဆိုတဲ့ ကြီးမားတဲ့သမိုင်းမှတ်တမ်းကြောင့်ပါ" ဟု ကရင်အမျိုးသားလွတ်​မြောက်ရေးတပ်မတော်( KNLA)  ရဲဘော်က မဇ္ဈိမကိုပြောသည်။

ထို့အပြင် ကော်သူးလေနေ့သည် ကရင်တစ်မျိုးသားလုံးအတွက် သမိုင်းကြောင်းကို ပြန်လည်ထင်ဟပ်စေသောနေ့၊ ကရင်လူမျိုးများ​၏ အမှန်တရားကို ချစ်မြတ်နိုးစိတ်၊ ဖိနှိပ်မှုများစွာ ကြုံခဲ့ရသော်လည်း မလျော့တဲ့ ဇွဲနဲ့ ပေးဆပ်ခဲ့သူများအား ပြန်ပြီးအမှတ်ရစေသောနေ့ဖြစ်ကြောင်း အဆိုပါရဲဘော်က ဆက်လက်ပြောဆိုသည်။ 

" ကော်သူးလေနေ့ဆိုတာကတော့ ကရင်အမျိုးသားထုတစ်ခုလုံးရဲ့နေ့ထူးနေ့မြတ် တစ်နေ့ပေါ့။ အခုအချိန်ဆို ၇၄ ကြိမ်မြောက်ပြီ။ ဒါက ကရင်တစ်မျိုးသားလုံးရဲ့ သမိုင်းမှန်၊ နိုင်ငံရေးလှုပ်ရှားမှု မှတ်ကျောက်တစ်ခုပါ။ ကော်သူးလေနေ့ရောက်တိုင်း ကရင်လူထုတစ်ခုလုံးရဲ့ဖြတ်သန်းမှု၊ ဖိနှိပ်ခံရမှုတွေ ပြန်လည်ပြောကြားရတဲ့ နေ့တစ်နေ့။ ဒါကြောင့်ပဲ ကော်သူးလေနေ့ဆိုတာ နှစ်စဥ်နှစ်တိုင်း ကျင်းပကြတာကို ဝမ်းမြောက် ပိတိ ဂုဏ်ယူ ကြိုဆိုပါတယ်" ဟု ကရင်လူမျိုး လူငယ်က မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် ၇၃ နှစ်မြောက် ကော်သူးလေနေ့ အခမ်းအနားကိုလည်း KNU ဗဟို၊ သေ့ဘေ့ထတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly