သက်ဆင် ပြန်လာမည့် အစီအစဉ်က ရဲအရေးကိစ္စသာဖြစ်ဟု ထိုင်းဝန်ကြီးချုပ် ပြော

By Bangkok Post
14 June 2023
သက်ဆင် ပြန်လာမည့် အစီအစဉ်က ရဲအရေးကိစ္စသာဖြစ်ဟု ထိုင်းဝန်ကြီးချုပ် ပြော

တရားခံပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာက ကိုယ်တိုင်ပြည်ပြေးနေရာမှ ထိုင်းနိုင်ငံသို့ ပြန်လာမည့် အစီအစဉ်နှင့်ပတ်သက်ပြီး ရဲချုပ်နှင့် တွေ့ဆုံမှု၌ ဆွေးနွေးပြောဆိုခြင်း မရှိခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက တနင်္လာနေ့တွင် ပြောသည်။

အမျိုးသား ရဲတပ်ဖွဲ့ ရဲချုပ် ဒမ်ရောင်ဆတ် ကစ်တီပရာပတ်စ်နှင့် တွေ့ဆုံဆွေးနွေးမှုအကြောင်းနှင့် သက်ဆင်နှင့် ပတ်သက်ပြီး ၎င်းတို့နှစ်ဦး ပြောဆိုဖြစ်မဖြစ် မေးခွန်းအား ဗိုလ်ချုပ်ကြီး ပရာယွတ်က မီဒီယာသို့ တုံ့ပြန်ဖြေဆိုခြင်း ဖြစ်သည်။

“ကျွန်တော်တို့ သက်ဆင်အကြောင်း ဘာမှ မပြောဘူး၊ သူ့အကြောင်း ပြောစရာ လိုမှာလား”ဟု ၎င်းက ပြောသည်။

သက်ဆင် ပြန်လာခဲ့လျှင် ရဲတပ်ဖွဲ့က မည်သို့ ပြင်ဆင်ရန် လိုအပ်သနည်းဆိုသော အမေးအား ယင်း ကိစ္စမှာ အစိုးရက မည်သို့မျှ ဆောင်ရွက်စရာ မလိုဘဲ ဥပဒေ စိုးမိုးရေး အရေးကိစ္စသာဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောသည်။

“သူ ပြန်လာရင် သူဟာ တရားဥပဒေနဲ့ ရင်ဆိုင်ရမှာပဲ၊ ဒါပါပဲ၊ ကျွန်တော်ကတော့ ဘာမှ လုပ်မှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

သက်ဆင်က ဇူလိုင် ၂၆ ရက်တွင် ကျရောက်မည့် သူ့အသက် ၇၄ နှစ်ပြည့် မွေးနေ့မတိုင်ခင် ထိုင်းနိုင်ငံသို့ ပြန်လာရန် ဆုံးဖြတ်ထားကြောင်း မေ ၁၄ ရက် ရွေးကောက်ပွဲ မတိုင်ခင် တွစ်တာ၌ ရေးသားခဲ့သည်။ သူ့ မြေးများကို စောင့်ရှောက်ရန် ပြန်လာလိုသည်ဟုလည်း ၎င်းက ရေးသည်။ သူ့အနေဖြင့် တရားဥပဒေနှင့် ရင်ဆိုင်ရန် အသင့်ရှိသည်ဟုလည်း ဆိုထားခဲ့ခြင်း ဖြစ်သည်။

သက်ဆင်သည် ပြည်ပ၌ ရှိစဉ် ၂၀၀၆ စက်တင်ဘာ ၁၉ ရက် စစ်အာဏာသိမ်းမှုအတွင်း ဖြုတ်ချခံခဲ့ရခြင်း ဖြစ်သည်။ ယင်းနောက် ကိုယ်တိုင် ပြည်ပြေးအဖြစ် နေထိုင်ပြီး ၂၀၀၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ခဏတာ လာရောက်ဖူးရုံသာ ရှိသည်။ ထိုင်းသို့ ပြန်လာမည်ဟု ဆိုခြင်းသည် ယခုအကြိမ်နှင့်ဆိုလျှင် ၁၈ ကြိမ်မြောက် ရှိပြီဖြစ်သည်။

၂၀၀၉ မတ် ၃၀ ရက်က ပထမဆုံးအဖြစ် အစိုးရအိမ်တော်ရာ အပြင်ဘက်၌ ရှပ်နီဆန္ဒပြသူများကို အွန်လိုင်းဗီဒီယိုမှတစ်ဆင့် သက်ဆင်က မိန့်ခွန်းပြောခဲ့သည်။ “ပြည်သူကို ပထမဆုံး ပစ်ခတ်တယ်ဆိုတာနဲ့ ကျွန်တော် ဘန်ကောက်ကို ပြန်လာမယ်”ဟု ၎င်းက ပြောခဲ့သည်။

သက်ဆင်သည် အာဏာအလွဲသုံးစားမှု လေးမှုဖြင့် တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ်ထားခြင်းဖြစ်သည်။ ထိုင်းတရားစီရင်ရေး သက်ရောက်ရာသို့ ရောက်သည်နှင့် ၎င်းအနေဖြင့် ဖမ်းဆီးခံရမည့် ဘေးအန္တရာယ်က ရှိနေသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.bangkokpost.com/thailand/general/2591204/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required