မိုးဗြဲမြို့တွင် တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်လာမှုကြောင့် ကျည်ဆန် အရေးပေါ်လိုအပ်နေ

By ကိုဇာနည် (မဇ္ဈိမ)
14 June 2023
မိုးဗြဲမြို့တွင် တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်လာမှုကြောင့် ကျည်ဆန် အရေးပေါ်လိုအပ်နေ

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ကို  စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ရန် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့ အကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး ကျည်ဆန်များအရေးပေါ်လိုအပ်နေကြောင်း မိုးဗြဲ PDF( ကျွဲချိုတပ်ခွဲ) တာဝန်ခံက မဇ္စျိမကို ပြောသည်။ 

 လက်ရှိ မိုးဗြဲ PDF( ကျွဲချိုတပ်ခွဲ)တွင် တိုက်ပွဲ နှစ်ပွဲစာအတွက်သာ ကျည်ဆန် လက်ကျန်ရှိပြီး M-16 ကျည်ဆန် ၂,၀၀၀ နှင့် AKကျည်ဆန် ၁,၀၀၀ အရေးပေါ်လိုအပ်နေခြင်းဖြစ်သည်။ 

"ပြည်တွင်း ၊ ပြည်ပက မိဘပြည်သူများအနေနဲ့ ခွန်အားနဲ့ မတတ်ရင်တောင် ငွေ ၅၀၀ ၊ ၁၀၀၀ ကအစ ပါဝင်ပေးကြပါ ။ ဒါမှ စစ်ကောင်စီတပ်ကို ထိထိရောက်ရောက်ချေမှုန်းနိုင်မှာဖြစ်တယ်၊ပါဝင်လှူဒါန်းတဲ့ ပြည်တွင်း၊ ပြည်ပက မိဘပြည်သူများအနေနဲ့ ကျွဲချိုထောက်ပို့ Page ၏ Chat box မှာ  ဆက်သွယ်လှူဒါန်းပေးကြပါ” ဟု ၎င်းက မေတ္တာရပ်ခံတောင်းဆိုထားသည်။

လိုအပ်နေသည့် ကျည်ဆန်များကို  ဇွန်လ  ၁၃  ရက်မှ ၃၀ရက်အတွင်း  ဖြည့်ပေးကြရန် အရေးပေါ် တောင်းဆိုထားသည်။ လက်ရှိတွင် မိုးဗြဲမြို့ နေရာသုံးနေရာ၌ စခန်းချထားသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့ တစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

"   စက်တော်ရာ ဘုရားတောင်ပေါ်ရယ်၊ မြို့တွင်း ညောင်ဝိုင်းနဲ့ မိုးဗြဲ-ပီကင်း ရထားလမ်းရယ် အဲ့နေရာသုံးခုကို နေရာယူထားပြီး ဒီရက်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်"ဟု မိုးဗြဲ PDF (ကျွဲချိုတပ်ခွဲ) တာဝန်ခံက ပြောသည်။

ထိုတိုက်ပွဲများအတွင်း အရပ်သားပြည်သူ ဦးရေ၂၀  သေဆုံးခဲ့ရပြီး အသက် ၁၈ အရွယ်သမီးနှင့် အမေဖြစ်သူတို့ စစ်ကောင်စီတပ်၏  မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။ 

 အရေးပေါ်ကျည် ထောက်ပံလိုသူများအနေဖြင့်  (m.me/mbkywegyo )Telegram-(https://t.me/kywegyo) သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly