မြန်မာနိုင်ငံတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်စုစုပေါင်း ၁၁ခုတွင် စားနပ်ရိက္ခာအခက်အခဲများ လျော့ပါးရေးအတွက် ထောက်ပံ့ကူညီသွားရန် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP အဖွဲ့က နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးကြောင်း အစိုးရပိုင်သတင်းများတွင် မတ် ၂၉ ရက်က ဖော်ပြသည်။
စားနပ်ရိက္ခာအကျပ်အတည်းနှင့် အာဟာရချို့တဲ့မှု လျှော့ချရေးတို့အတွက် စီမံကိန်းနားလည်မှုစာလွှာအား နေပြည်တော်တွင် မတ် ၂၈ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
အမေရိကန်ဒေါ်လာ ၁၃၄ ဒသမ ၇၉ သန်း အကုန်အကျခံမည့် ယင်းစီမံကိန်းအရ ရခိုင်၊ ကချင်၊ ရှမ်း၊ ကရင်၊ ချင်း၊ မွန်၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လာမည့်နှစ်အထိ စီမံကိန်းအကူအညီများ ပေးအပ်သွားမည်ဖြစ်သည်။
အဆိုပါ စီမံကိန်းတွင် ယင်းတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ဆန်တန်ချိန် ၉၄၆၅၆ တန်နှင့် အစားအစာများ ထောက်ပံ့ပေးသွားမည်ဖြစ်ကာ ချေးငွေချထားခြင်းနှင့် လေ့ကျင့်ရေး သင်တန်းများကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။
ကုလသမဂ္ဂအစီရင်ခံစာတစ်ရပ်အရ မြန်မာနိုင်ငံတွင် ဇူလိုင်နှောင်းပိုင်းနှင့် သြဂုတ်အစောပိုင်းတို့က ကြုံတွေ့ခဲ့သည့် ဆိုင်ကလုန်းဖြစ်စဉ်ကြောင့် စပါးစိုက်ခင်း ၄၇၀,၀၀၀ ဟတ်တာ ပျက်စီးကာ ကျွဲနွားတိရစ္ဆာန် လေးပုံတစ်ပုံနီးပါး သေဆုံးရကြောင်း၊ ထိုသဘာဝဘေးဒဏ်ကို ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပိုမိုဆိုးဝါးစွာ တွေ့ကြုံရကြောင်း သိရသည်။