ချင်းစစ်ဘေးရှောင် ပြည်သူများရဲ့ မျှော်လင့်ချက် (ဆောင်းပါး)

By ယောလင်းထန်း(မဇ္စျိမ)
13 June 2023
ချင်းစစ်ဘေးရှောင် ပြည်သူများရဲ့ မျှော်လင့်ချက် (ဆောင်းပါး)

ပြည်တွင်းစစ်အရှည်ကြာဆုံးသော နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ ကရင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့သည် ပြည်တွင်းစစ်ကြောင့်တိုက်ပွဲဖြစ်ပွားမှုအများဆုံးပြည်နယ်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြည်နယ်များတွင် နေထိုင်ကြသော ဒေသခံပြည်သူများသည် အတွေ့အကြုံအရ တိုက်ပွဲဖြစ်ပွားမှုနှင့် ယဥ်ပါးနေကြပြီဖြစ်သော်လည်း ချင်းပြည်နယ်အတွင်းမှာတော့ တိုက်ပွဲမရှိသလောက် ရှားပါးသည် ။

သို့သော် ၂၀၁၀ခုနှစ်နောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(ULA/AA)ပေါ်လာပြီးနောက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲတွင် အခြေစိုက်စခန်းများချခဲ့ရာမှ စစ်တပ်နှင့်အေအေနှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ပလက်ဝဒေသခံများနှင့်ဆမီးဒေသခံတို့ စစ်ဘေးရှောင်ရတော့သည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီက မဲစာရင်းကို အကြောင်းပြကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ ၎င်းနောက်ပိုင်းတစ်နိုင်ငံလုံးဆန္ဒပြပွဲများအပြင် ဒေသအလိုက်၊ လူမျိုးအလိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ(PDF)ပေါ်ပေါက်လာခဲ့သည်။ ချင်းပြည်နယ်တွင်လည်း Chinland Defence Force (CDF)တပ်ဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။

ပြည်တွင်းစစ်ဖြစ်ပေါ်လာသည့်အပေါ် CDFတပ်ရင်းမှူးတစ်ဦးက ``စစ်တပ်က အာဏာမသိမ်းရင် CDF၊ PDFဆိုတာ ပေါ်လာစရာအကြောင်းမရှိဘူး။ ပြည်တွင်းစစ်ရဲ့ တရားခံက မင်းအောင်လှိုင်ပဲဖြစ်တယ်´´လို့ ကောက်ချက်ချ ပြောဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ခုခံတော်လှန်ရန် မြန်မာနိုင်ငံ၊ ဒေသအနှံ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF/CDF)များ ပေါ်ပေါက်လာပြီး လက်နက်ကြီးသံ၊ သေနတ်သံမကြားဖူးသော ဒေသများတွင် တိုက်ပွဲသံများပေါ်ထွက်လာတော့သည်။ ထိုဒေသထဲတွင် ချင်းပြည်နယ်လည်း ပါဝင်သည်။

ချင်းအမျိုးသားတပ်မတော်/ချင်းအမျိုးသားတပ်ဦး(CNA/CNF)သည် လက်နက်၊ အင်အားအခြေအနေကြောင့် ချင်းပြည်နယ်အတွင်းတွင် ကြီးကြီးမားမား တိုက်ပွဲမဖော်ဆောင်နိုင်ခဲ့ကြောင်း CNF တပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်အရသိရသည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် ချင်းအမျိုးသားတပ်မတော်/ချင်းအမျိုးသားတပ်ဦး(CNA/CNF)သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှု (Nationwide Ceasefire Agreement - NCA)လက်မှတ်ထိုးနိုင်ခဲ့ပြီး ပလက်ဝမြို့နယ်မှအပ ချင်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သည်ကိုလည်း တွေ့ရှိရသည်။

``အာဏာမသိမ်းခင်မှာတော့ ပလက်ဝနယ်ထဲမှာ AAနဲ့ စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် ပလက်ဝပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်´´လို့ ဆမီးမြို့နယ်၊ ဒေသခံအမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။

၂၀၂၁ခုနှစ်၊ ဧပြီလမှ စတင်ပြီး ချင်းပြည်နယ်တွင် တိုက်ပွဲအသံ စတင်ထွက်ပေါ်လာခဲ့သည်။ မင်းတပ်မြို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ရိုးရာတူမီးဖြင့် စစ်ကောင်စီတပ်ကို စတင်တော်လှန်တိုက်ခိုက်ခဲ့သော တိုက်ပွဲအသံပင်ဖြစ်သည်။

၎င်းတိုက်ပွဲမှ တစ်ဆင့် ချင်းပြည်နယ်တစ်ဝန်းသို့ တဖြည်းဖြည်းကူးစက်လာခဲ့ပြီး မြို့နယ်အလိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့များ အသီးသီးဖွဲ့စည်းကာ စစ်ကောင်စီတပ်ကို ရရာလက်နက်ဖြင့် တော်လှန်တိုက်ခိုက်တော့သည်။

သေနတ်သံနှင့် မရင်းနှီးဖူးသော ချင်းပြည်သူများသည် ကရင်၊ ကချင်၊ ရှမ်းတို့ထက် အတွေ့အကြုံအရ အလွန်နုသေးသည်ဟု ဆိုရမည်ဖြစ်သည်။

``တိုက်ပွဲဆိုတာ ကြားပဲ ကြားဖူးတာ၊ မကြုံဖူးဘူး။ ကိုယ့်ပြည်နယ်မှာ တိုက်ပွဲတွေ စဖြစ်တော့ အိပ်မက်လို့တောင် ထင်ယောင်ထင်မှားဖြစ်နေတာ´´လို့ မင်းတပ်မြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက မိမိအတွေ့အကြုံကို ပြောဆိုခဲ့သည်။

ဒေသဖွံ့ဖြိုးရေးအပါအဝင် အစစအရာရာတွင် အခြားပြည်နယ်များထက် ခေတ်နောက်ကျနေသော ချင်းပြည်နယ်သည် စစ်မြေတလင်းဖြစ်လာပြီး ဒေသခံပြည်သူအများအပြားလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မြို့အဝင်/အထွက်များကို ပိတ်ဆို့ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်းနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုတို့ကြောင့် ချင်းပြည်သူစုစုပေါင်း တစ်သိန်းကျော်သည် ပြည်တွင်း၊ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA)က ထုတ်ပြန်ထားသည်။

``စစ်ဘေးရှောင်အများစုက နေရပ်ပြန်ချင်နေကြပြီ။ အထူးသဖြင့် သက်ကြီးရွယ်အိုပိုင်းတွေက နေအိမ်ကို အရမ်းလွမ်းနေကြတယ်။ အိမ်လွမ်းတဲ့စိတ်က သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို အများကြီးထိခိုက်စေတယ်။ မခံသာလို့ နေကြပေမယ့် မိမိဒေသလို ပျော်ရွှင်တဲ့ရက်မရှိသလောက်ပါပဲ´´လို့ မီဇိုးရမ်ပြည်နယ်သို့ စစ်ဘေးရှောင်နေကြသော ချင်းပြည်သူများ၏ ခံစားချက်ကို ချင်းစစ်ဘေးရှောင်ကော်မတီမှ တာဝန်ခံအမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။

ချင်းစစ်ဘေးရှောင်ပြည်သူများသည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရင်း သေဆုံးသူအများအပြားလည်းရှိနေပြီဖြစ်သည်။ သက်ကြီးရွယ်အိုများသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့် သေဆုံးမှုပိုများသည်။ မိသားစုဝမ်းရေးအတွက် ရုန်းကန်ရှာဖွေရင်း မတော်တဆထိခိုက်မှုများကြောင့် လူရွယ်လူလတ်များလည်း သေဆုံးကြရသည်။

အသက် ၅၀ ကျော်ရှိ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ``ဘယ်ချိန်တိုက်ပွဲပြီးဆုံးမလဲဆိုတာ မသိပေမယ့် မိမိအိမ်ကို ဖြစ်နိုင်ရင် ချက်ချင်းပြန်ချင်တယ်။ ဒီမှာနေရတာ မျှော်လင့်ချက်မရှိဘူး။ သေတဲ့အခါ ကိုယ့်ဒေသ၊ ကိုယ့်အိမ်မှာပဲ သေချင်တယ်´´ဟု ပြောဆိုသည်။

အိမ်နှင့် မခွဲခွာဖူးသော ချင်းတိုင်းရင်းသားများသည် စစ်ကောင်စီက အာဏာသိမ်းမှုကြောင့် အိုးအိမ်စွန့်ကာ တစ်ပါးပြည်နယ်တွင် အခက်အခဲပေါင်းစုံ၊ ဒုက္ခပေါင်းစုံဖြင့် ရုန်းကန်နေထိုင်ခဲ့ရသည်။ ချင်းပြည်နယ်တွင် စစ်ကောင်စီက မြို့တွင်းကိုသာ အဓိကထိန်းချုပ်ထားပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ယခင်ထက် တိုက်ပွဲပိုမိုပြင်းထန်လျက်ရှိသည်။

သို့သော်စစ်ပွဲပြီးချိန် တစ်နေ့နေ့ တစ်ချိနိချိန်တွင် မိမိဒေသသို့ အဆင်ပြေချောမွေ့စွာ ပြန်နိုင်မည်ဟူသော မျှော်လင့်ချက်ကိုယ်စီဖြင့် နေ့ရက်များကို ချင်းစစ်ဘေးရှောင်ပြည်သူများက ရင်ဆိုင်ကျော်ဖြတ်နေဆဲ ဖြစ်သည်။

#ဆောင်းပါး

#mizzima

#မျှော်လင့်ချက် #ချင်းစစ်ဘေးရှောင်

#မင်းတပ်မြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly