မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ်က ခက်ခဲသော လုပ်ငန်းတာဝန်နှင့် ရင်ဆိုင်ရမည် (အယ်ဒီတာ့အာဘော်)

မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ်က ခက်ခဲသော လုပ်ငန်းတာဝန်နှင့် ရင်ဆိုင်ရမည် (အယ်ဒီတာ့အာဘော်)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာသည် သူမ၏ ၁၈ လ တာ သက်တမ်းတစ်ခု ထမ်းဆောင်ပြီးနောက် ရာထူးမှ ထွက်တော့မည် ဆိုသည့် ပြီးခဲ့သည့် သီတင်းပတ်က သတင်းကြောင့် သက်ပြင်းချနိုင်စရာ ဖြစ်ခဲ့သည်။ ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သည့် သူမ၏ သက်တမ်းအတွင်း ဟေဇာသည် မြန်မာ အာဏာသိမ်းစစ်အုပ်စုရော၊ ၎င်းတို့၏ အတိုက်အခံများရောထံမှ ဝေဖန်မှုကို ရင်ဆိုင်ခဲ့ရသည်။

မြန်မာသည် ၂၀၂၁ ၊ ဖေဖေါ်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက ဝရုန်းသုန်းကား အခြေအနေတစ်ခုအတွင်း ရောက်ရှိနေပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်တို့အကြား ပဋိပက္ခ တိုက်ပွဲများကို ဦးတည်စေခဲ့သည်။

ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) တို့၏ သံတမန်ရေး ကြိုးပမ်းမှုများ ရှိလင့်ကစား စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော အကြမ်းဖက်မှုကို ထိန်းချုပ်ရန်နှင့် အကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများက အထမမြောက်၊ မအောင်မမြင် ဖြစ်နေခဲ့သည်။ စင်္ကာပူနိုင်ငံသူ လူမှုဗေဒပညာရှင်တစ်ဦး ဖြစ်သည့် နိုလင်း ဟေဇာကို မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၂၁ ၊ အောက်တိုဘာလတွင် ဂူတာရက်စ်က ခန့်အပ်တာဝန်ပေးခဲ့သည်။ သူမ၏ သက်တမ်းသည် ယခု ဇွန်လ ၁၂ ရက်တွင် ကုန်ဆုံးပြီ ဖြစ်ပြီး မြန်မာပြည်သူများနှင့် ငြိမ်းချမ်းရေး ကိုယ်စား သူမ၏ မမောနိုင် မပန်းနိုင် ကြိုးစားအားထုတ်မှုများအတွက် ကျေးဇူးတင်ကြောင်း ဂူတာရက်စ်က ထုတ်ဖော်ခဲ့သည်။ ဟေဇာ၏ နေရာတွင် အစားဝင်မည့် အထူးကိုယ်စားလှယ်သစ်တစ်ဦးကို ခန့်အပ်တာဝန်ပေးမည် ဖြစ်ကြောင်း ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ဟေဇာ၏ နေရာ အစားထိုးအသစ်ခန့်အပ်မှုတစ်ခု ဖြစ်ပေါ်လိမ့်မည်ဟု အမှန် ယူဆရပြီး အဆိုပါ အစားထိုးခန့်အပ်မှုက ခက်ခက်ခဲခဲ ရွေးချယ်ရမှုတစ်ခုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အစားထိုးခန့်အပ်မှုက မြန်မာအကျပ်အတည်း ဒစ်ပလိုမေစီကို မည်သို့မည်ပုံ ကိုင်တွယ်မလဲ ဆိုသည်နှင့်ပတ်သက်သည့် သဘောကွဲမှုကိုလည်း ကိုင်တွယ်ဖြေရှင်းရလိမ့်မည် ဖြစ်သည်။

ဟေဇာ၏ အဓိက တာဝန်အခန်းကဏ္ဍမှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရ ဖြုတ်ချခံရပြီးနောက် ဖြစ်ပေါ်လာသော အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းမှုကို အဆုံးသတ်စေရေးနှင့် အတိုက်အခံများနှင့် နိုင်ငံရေး ဆွေးနွေးမှုတွင် ပါဝင်လာစေရန် မြန်မာစစ်အုပ်စုကို တိုက်တွန်းရေး ပင် ဖြစ်သည်။ ပြီးခဲ့သည့် နှစ် ဩဂုတ်လက ဟေဇာသည် မြန်မာနိုင်ငံကို လာရောက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အခြားသော အဆင့်မြင့် စစ်ဘက်အရာရှိများနှင့် တွေ့ဆုံခဲ့သည်။ သို့သော် အဆိုပါ တွေ့ဆုံမှုကို လူ့အခွင့်အရေး အဖွဲ့များက ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းလုပ်ဆောင်ချက်က စစ်ဗိုလ်ချုပ်ကြီးများကို တရားဝင်ဖြစ်မှု ကမ်းလှမ်းပေးသလို ဖြစ်ကြောင်း ပြောဆိုသလို “အာဏာခွဲဝေမှု” ဆိုသည့် သူမ၏ အကြံပြုချက်နှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်စကားများ ထုတ်ဖော်ခဲ့ကြသည်။ ဟေဇာသည် သူမ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထိန်းသိမ်းအကျဉ်းချခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ဘဲ ယင်းအတွက်ကြောင့်လည်း စစ်အုပ်စုနှင့် သူမအကြား ဆက်ဆံရေးကို ထပ်မံ တင်းမာစေခဲ့သည်။ ထို့နောက်တွင် သူမသည် ဆွေးနွေးမှုများနှင့် စပ်လျဉ်းပြီး တစ်ဖက်သတ် ထုတ်ပြန်ချက် ထုတ်ပြန်ကြောင်း စစ်အုပ်စု တာဝန်ရှိသူများက စွပ်စွဲသည်။ နောက်ပိုင်းတွင် ဟေဇာကလည်း သူမအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရပါက မြန်မာကို ထပ်မံလာရောက်တော့မည် မဟုတ်ဟု ပြောခဲ့သည်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အုပ်စု ထိန်းချုပ်သည့် တရားရုံး၌ တံခါးပိတ် စစ်ဆေးမှုနှင့်အတူ ထောင်ဒဏ် ၃၃ နှစ်အထိ ချမှတ်ခြင်း ခံထားရသည်။

အာဏာသိမ်းယူခြင်းခံရသည့် မြန်မာအရပ်သားအစိုးရနှင့် ပြည်သူများကို ကိုယ်စားပြုကြောင်း တစ်နည်းမဟုတ် တစ်နည်းဖြင့် ထိထိရောက်ရောက် အခိုင်အမာ ပြောဆိုသည့် အတိုက်အခံ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် အခြား ဆက်စပ် တော်လှန်ရေး အဖွဲ့များကို ဂုဏ်ဒြပ်ဖြင့် အထူးအလေးထား ဆက်ဆံရန် ပျက်ကွက်ခြင်းက ဝေဖန်သူများ အဓိက မနှစ်သက်သည့်အရာပင် ဖြစ်သည်။ အကယ်၍ ကုလအနေဖြင့် မြန်မာစစ်အာဏာသိမ်းမှုက တရားမဝင်ဘူးဟု လက်ခံအသိအမှတ်ပြုသည် ဆိုပါက NUG နှင့် အခြား မဟာမိတ်အဖွဲ့များအနေဖြင့် သံတမန်ရေးအရ အသိအမှတ်ပြုမှု ရထိုက်ကြောင်းကို ၎င်းတို့အနေဖြင့် လက်ခံရန် လိုအပ်သည် ဆိုပြီး အကျိုးသင့် အကြောင်းသင့် ဆွေးနွေးမှုကို ပြုလုပ်ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဟေဇာတို့ လူသိရှင်ကြား တွေ့ဆုံမှု၏ မျှော်လင့်မထားခဲ့သော သဘောသဘာဝကို မြန်မာ့အရေး အကဲခတ်သုံးသပ်သူများ နားလည်သဘောပေါက်သည်က ယင်းတွေ့ဆုံမှုမှာ အထူးသဖြင့် အလွန်ပင် နောက်ကျနေပြီ၊ အလွန်ပင် မပြောပလောက်စရာဖြစ်နေသည် ဆိုသလို ဖြစ်ပြီး ဟေဇာအနေဖြင့်လည်း စင်မြင့်ထက်မှ ဆင်းသွားရပြီဖြစ်သည်။

ခြုံပြောရလျှင် မြန်မာ့အရေးကိစ္စကို ကောင်းစွာ ကိုင်တွယ်ထားခဲ့ခြင်း မရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကုလသမဂ္ဂအတွက် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဟေဇာသည် မဖြစ်နိုင်သော မစ်ရှင်နှင့် ရင်ဆိုင်ခဲ့ရသည်။ ကုလတွင် မြန်မာနှင့်ပတ်သက်ပြီး သံတမန်များဖြစ်ရခြင်းက စိတ်ညစ်စရာ ဖြစ်ခဲ့သည်။ လက်ရှိ မြန်မာနှင့် ပတ်သက်ပြီး သံတမန်များအဖြစ် ဟေဇာနှင့် တွန်အန်ဒရူးစ်တို့ ရှိခဲ့ရာ တွန် အန်ဒရူးစ်ဆိုလျှင် လတိုင်းနီးပါး ဆိုသလို မြန်မာစစ်အုပ်စုအပေါ် ဒေါသဖြင့် ဝေဖန်ပြောဆိုမှုများ ပြုလုပ်ထားခဲ့သည်။

ဆိုရလျှင် ကုလ အတွင်းရေးမှူးချုပ်ကို ကိုယ်စားပြုသည့် အထူးကိုယ်စားလှယ်သစ်တစ်ဦးကို ထုတ်ဖော်လာတော့မည်လား။ စောင့်ကြည့်ကြပါစို့။

မြန်မာတွင် လုံခြုံရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းတို့ ရှိနေခြင်းနှင့်အတူ ကုလ အထူးကိုယ်စားလှယ်သစ်အနေဖြင့် အထူးသဖြင့် ဆိုင်ကလုန်း မိုခါ တိုက်ပြီးနောက်ပိုင်းနှင့် မြန်မာ၌ မုတ်သုံရာသီ တည့်တည့်ကြီး ဝင်လာနေချိန်တွင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန်နှင့် တိကျပြတ်သားမှု ရှိရန် လိုလိမ့်မည် ဖြစ်သည်။ အဓိကကျသော ကုလနှင့် အခြား နိုင်ငံတကာ အကူအညီပေးရေး ကြိုးပမ်းမှုများမှာ အဟန့်အတားများ သို့မဟုတ် နှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရသည်။ အကယ်၍သာ ကုလသမဂ္ဂ၊ WFP ၊ EU နှင့် အခြားအဖွဲ့များအနေဖြင့် NUG နှင့် အခြား ဆက်စပ် နိုင်ငံရေး၊ လူသားချင်းစာနာမှု အဖွဲ့များနှင့်အတူတကွ လုပ်ဆောင်ရန် ကြိုးပမ်းမှုများ လုပ်ပါက အကူအညီ လိုအပ်နေသူများထံ အကူအညီများ ဖြန့်ဖြူးပေးပို့ရာတွင် ပိုမိုကောင်းမွန်သော အခွင့်အလမ်းတစ်ခု ရှိကောင်း ရှိနိုင်သည်။

သို့သော် ယင်းသည် ခက်ခဲသော ရွေးချယ်စရာကိစ္စတစ်ခု ဖြစ်သည်။ နိုင်ငံခြား သံတမန်များအနေဖြင့် စစ်ကောင်စီ လမ်းကြောင်းများမှတစ်ဆင့် သို့မဟုတ် အနည်းဆုံးတော့ စစ်အုပ်စု၏ ခွင့်ပြုချက်ဖြင့်နှင့် တစ်ခြားတစ်ဘက်တွင် အစိုးရမဟုတ်သော လမ်းကြောင်းများ၊ အတိုက်အခံ လမ်းကြောင်းများမှတစ်ဆင့်၊ နှစ်ဘက်စလုံးကို ၎င်းတို့ အကူအညီများ မည်ကဲ့သို့ ပေးပို့နိုင်မလဲ ဆိုသည်နှင့်ပတ်သက်ပြီး သံသယများ ရှိကောင်းရှိနိုင်သည်။ ယင်းမှာ အပြောလွယ်သလောက် အလုပ်ခက်သည်။

အကယ်၍ မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ်တစ်ဦး ခန့်အပ်ပါက ၎င်းတို့အနေဖြင့် ၎င်းတို့၏ ချဉ်းကပ်လုပ်ဆောင်မှုတွင် ပိုမို အားလုံးပါဝင်စေရန်နှင့် ပိုမို ဟန်ချက်ညီစေရန် လိုအပ်ကောင်းလိုအပ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly