မိုးတွင်းကာလ စားနပ်ရိက္ခာနှင့် ဆေး၀ါးများ ကြိုတင်စုဆောင်းနိုင်ရေး ၀ိုင်း၀န်းကူညီကြရန် ကာကွယ်ရေးတပ်ဖွဲ့  မေတ္တာရပ်ခံ 

By ရောင်နီ (မဇ္စျိမ)
13 June 2023
မိုးတွင်းကာလ စားနပ်ရိက္ခာနှင့် ဆေး၀ါးများ ကြိုတင်စုဆောင်းနိုင်ရေး ၀ိုင်း၀န်းကူညီကြရန် ကာကွယ်ရေးတပ်ဖွဲ့  မေတ္တာရပ်ခံ 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အခြေစိုက်လှုပ်ရှားနေသည့် TBK တောဆင်ရိုင်းတပ်ဖွဲ့က မိုးတွင်းကာလအတွက် စားနပ်ရိက္ခာနှင့် ဆေး၀ါးများ ကြိုတင်စုဆောင်းနိုင်ဖို့ ကူညီကြရန် ပြည်သူများအား မေတ္တာရပ်ခံသည်။ 

ဇွန်လ အစောပိုင်း ရက်များမှစတင်ပြီး ကာကွယ်ရေးတပ်၏ လှုပ်ရှားနယ်မြေများတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်နေကာ ထောက်ပို့လုပ်ငန်းများလုပ်ဆောင်ရာတွင် သွားလာရေးခက်ခဲမှုများ ကြုံတွေ့နေရကြောင်း သိရသည်။ 

“ ကျွန်တော်တို့ဘက်မှာ မိုးတွင်းကစနေပြီ။ ပုံမှန်အခြေနေမှာဆို ထောက်ပို့အတွက် နေ့စဥ်သွားလာလို့ရပေမယ့် အခုမိုးတွင်းမှာတော့ နေ့တိုင်း မလုပ်နိုင်တော့ပါဘူး။  ထောက်ပို့တွေရဲ့ ဆိုင်ကယ်တွေ မကောင်းတာနဲ့ လမ်းက မကောင်းတာနဲ့ဆိုတော့ သွားလာရေးတွေမှာ ခက်ခဲပါတယ်။ ” ဟု TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုမျက်ပြူးက မဇ္စျိမကို ပြောသည်။ 

ထို့ကြောင့် ကာကွယ်ရေးတပ်ဖွဲအနေဖြင့် မိုးတွင်းကာလအတွင်း တပ်ရင်းတပ်ဖွဲ့များမှ ရဲဘော်များအတွက် လိုအပ်သည့် စားနပ်ရိက္ခာများကို ကြိုတင်စုဆောင်းရန် ပြင်ဆင်နေကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် မိုးတွင်းကာလအတွင်း ရာသီအကူးအပြောင်းကြောင့် ဖြစ်ပွားတတ်သည့် ဖျားနာခြင်းများအတွက် ကုသနိုင်ရန် ကာကွယ်ရေးတပ်ဖွဲ့တွင် ဆေးတပ်သားမရှိသည့်အပြင်  ဆေး၀ါးလ်ိုအပ်ချက်များလည်း  ရှိနေကြောင်း သိရသည်။   

“ တောထဲမှာဆိုတော့ ဖျားနာမှာ ပူကြရတယ်။ တပ်ဖွဲ့မှာ ဆေးတပ်သားလည်း မရှိဘူး။ ဖျားနာခဲ့လို ဆေး၀ယ်ဖို့ကြတော့လည်း တောထဲမှာဆိုတော့ ၀ယ်လို့ အဆင်မပြေတာတွေ ရှိတယ်။ အဲ့လိုတွေကြောင့် ရဲဘော်တွေက မဖျားအောင် ဂရုစိုက်နေကြရပါတယ်။” ဟု TBK တပ်ဖွဲ့  တာ၀န်ရှိသူက ဆိုသည်။ 

ရဲဘော်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှု အခက်အခဲများ ဖြေရှင်းနိုင်ရန်အတွက်လည်း ဆေး၀ါးကျွမ်းကျင်သည့် အမျိုးသား အမျိုးသမီး မည်သူမဆို တပ်ဖွဲ့နှင့် လာရောက်ပူးပေါင်း ပါ၀င်နိုင်ကြောင်းလည်း ၎င်းက ဖိတ်ခေါ်ထားသည်။ 

ယင်းအပြင် မိုးတွင်းကာလအတွက် လိုအပ်သည့် စားနပ်ရိက္ခာများနှင့် ဆေး၀ါးများ ၀ယ်ယူစုဆောင်းနိုင်ရန်အတွက်လည်း ပြည်သူများအနေဖြင့် ၀ိုင်း၀န်းကူညီပေးကြရန် ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။ 

“ အဆုံးအဖြတ်က နီးလာပါပြီ၊ ပြည်သူတွေကို အားမလျော့ဘဲ ဆက်ပြီး ရုန်းကြဖို့ မှာချင်ပါတယ်။ တကယ့်အချိန်ရောက်မှ ရပ်လိုက်မှာကို စိုးရိမ်ပါတယ်။ တောင့်ခံရင်း ဆက်တွန်းကြရအောင်ပါ။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခက်အခဲတွေကို  ပြည်သူတွေက ကူညီပေးကြလို့ ဒီအခြေအနေအထိ ရောက်လာတာပါ။ မကူညီဘဲ နေသာသလို နေနေကြတဲ့ ပြည်သူတွေကိုလည်း ပါ၀င်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောသည်။  

ကာကွယ်ရေးရဲဘော်များအတွက် စားနပ်ရိက္ခာနှင့် ဆေး၀ါးများ လှူဒါန်းလိုသည့် ပြည်သူများအနေဖြင့် TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲဲ့၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် https://www.facebook.com/tbkwegf တွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ 

TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့သည် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် အခြေစိုက်ကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေသည့် ဒေသကာကွယ်ရေးအဖွဲ့တစ်ခု ဖြစ်သည်။ 

သပိတ်ကျင်းမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် တပ်စွဲထားမှုများရှိသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့က တိုက်ပွဲဖော်ဆောင်ရာတွင် အခက်အခဲတချို့ရှိနေကြောင်း သိရသည်။ 

သို့သော် TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့စတင်တည်ထောင်သည့်အချိန်မှ ယခုနှစ် ဇွန်လအထိ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ယာဥ်တန်းများအား မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ထိတွေ့တိုက်ပွဲများ အပါအ၀င် စုစုပေါင်း တိုက်ပွဲ ၁၁ ခုကို လုပ်ဆောင်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required