ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ‌၇၈ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲပြုလုပ်မည်

By ကီရာ (မဇ္ဈိမ)
13 June 2023
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ‌၇၈ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲပြုလုပ်မည်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ တာကာဒါနိုဘာဘာအနီးရှိ တိုးရာမပန်းခြံတွင် ဇွန်လ ၁၈ ရက်နေ့  နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ‌စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံထားရသည့်နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့် မွေးနေ့‌ဆုတောင်းပွဲနှင့် ရန်ပုံငွေ ဈေးရောင်း ပွဲတော်ကို ဂျပန်ရောက် မြန်မာလူမျိုးများမှ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“မွေးနေ့ဆုတောင်းပွဲ လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံထား ရတဲ့ လူထုခေါင်းဆောင်အနောက်မှာ ပြည်သူလူထုက တသားတည်းအတူရှိပြီး ထောက်ခံအားပေးနေ တယ်ဆိုတာကိုပြသချင်တဲ့အတွက်ရယ် နောက်တခုက မွေးနေ့ရှင်မရှိတဲ့အတွက် သူ့ကိုယ်စား သူ့ကိုချစ် ခင်လေးစား တန်ဖိုးထားတဲ့သူတွေက မွေးနေ့အလှူဒါနပြုလုပ်ပေးချင်တာရယ်ကြောင့် ဖြစ်ပါတယ်”ဟု ပွဲဖြစ်မြောက်ရေး လုပ်ဆောင်နေသည့် Spring Festival မှ စီစဉ်သူတဦးက ပြောသည်။ 

ယခုဆုတောင်းပွဲသည် ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ကျင်းပခဲ့ ပြီး ရရှိခဲ့သည့် အလှူငွေသိန်း၈၀၀ ကျော်ကို စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ကျေးရွာများ ပြန်လည်တည်ဆောက်ရေးတွင် အသုံးပြုခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၈ ရက်နေ့တွင် ပြုလုပ်မည့် ဆုတောင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ ‌ဆုံးမဩဝါဒများကိုဖတ် ကြားခြင်းနှင့် ၎င်း၏ ထင်ရှားကျော်ကြားသည့် မှတ်ချက်စကားများကိုလည်း ဓာတ်ပုံမှတ်တမ်းအဖြစ် ပြသ ထားမည်ဟု သိရသည်။

မွေးနေ့ဆုတောင်းပွဲအမှတ်တရ ကံစမ်းမဲအစီအစဉ်လည်းလုပ်ဆောင်ထားပြီး ကံစမ်းမဲလက်မှတ် တစောင် လျှင် ယန်း ၁၅၀၀ သတ်မှတ်ထားပြီး လက်မှတ်စောင်ရေ ၇၈၀ သာ ထုတ်ဝေထားကြောင်း သိရသည်။

ပွဲသို့ လာရောက်သည့် ပထမဆုံး လူအယောက် ၁,၀၀၀ အတွက် ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ပါ သည့် လက်ကိုင်ပဝါများကို လက်ဆောင်ပေးသွားမည်ဖြစ်ပြီး လာရောက်သူများမှ မွေးနေ့ဆုတောင်းများ ရေးသားနိုင်ရန် နေရာတခုလည်း စီစဉ်ပေးထားမည်ဖြစ်သည်။

လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် အသက် ၇၈ နှစ်ပြည့်မြောက်မည်ဖြစ်သည့် မွေးနေ့ရှင် ဒေါ်အောင်ဆန်း စုကြည်သည် ‌စစ်ကောင်စီမှစွပ်စွဲထားသည့် အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ကျခံထားရပြီး လက် ရှိတွင် နေပြည်တော်အချုပ်ထောင်၌ ဖမ်းဆီးခံထားရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required