ရူပီးငွေကြေးဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ရန် မြန်မာအား အိန္ဒိယ တိုက်တွန်း

ရူပီးငွေကြေးဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ရန် မြန်မာအား အိန္ဒိယ တိုက်တွန်း

လွယ်လင့်တကူ သဘောတူညီနိုင်မည်ဖြစ်သော လုပ်ထုံးလုပ်နည်းတစ်ရပ်အဖြစ် နှစ်နိုင်ငံ ငွေကြေးဖြင့် ကုန်သွယ်မှုကို ပေးချေဆောင်ရွက်ရေး၌ အရှိန်မြှင့်ဖော်ဆောင်ရန် မြန်မာအား အိန္ဒိယက တိုက်တွန်းထားကြောင်း ပို့ကုန်လုပ်ငန်းရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောသည်။

အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များမှ ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသို့ ရောက်ရှိနေသော မြန်မာစစ်ကောင်စီ ကုန်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကိုလ်ကတ္တားမြို့တွင် တွေ့ဆုံပြီး ကုန်သွယ်ရေး၌ နှစ်နိုင်ငံငွေကြေးကို အသုံးပြုရေးအား ဆွေးနွေးသည်။

“မြန်မာဝန်ကြီးက နှစ်နိုင်ငံငွေကြေးနဲ့ ကုန်သွယ်ရေး ဆောင်ရွက်မယ့် လုပ်ထုံးလုပ်နည်း မကြာခင် အကောင်အထည် ပေါ်စေရမယ်လို့ အာမခံပေးပါတယ်”ဟု Engineering Exoprt Promotion Council (EEPC)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ပီကေရှားက တွေ့ဆုံမှုအပြီး ရိုက်တာသို့ ပြောသည်။

နိုင်ငံခြားငွေ အရန်ထားရှိမှု၌ ရှားပါးပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံသည် အမေရိကန်ဒေါ်လာအား မှီခိုနေရမှု လျှော့ချရေးအတွက် တရားဝင် ပေးချေနိုင်သည့် ငွေကြေးအဖြစ် ထိုင်းဘတ်ငွေ၊ တရုတ် ယွမ်ငွေတို့နှင့်အတူ အိန္ဒိယ၏ ရူပီးငွေကိုလည်း စတင်လက်ခံမည်ဟု ပြီးခဲ့သည့်နှစ်က ကြေညာထားသည်။

ထို အစီအစဉ်အားဖြင့် ဆေးဝါးနှင့် ကုန်ထုတ်လုပ်မှု ပစ္စည်းများ အိန္ဒိယမှ တင်ပို့ရာအပြင် ပဲ၊ သစ်နှင့် မြန်မာနိုင်ငံမှ အခြား ထုတ်ကုန်များ တင်သွင်းရာတွင် အကူအညီဖြစ်စေမည်ဟု ပို့ကုန်သမားများက ပြောသည်။

ပြည်တွင်းသုံး ငွေကြေးများဖြင့်သာ ကုန်သွယ်မှု ပြုလုပ်သည့်အခါ၌ နှစ်နိုင်ငံကြားက ကုန်သွယ်ရေးသည် လက်ရှိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံမှ သိသိသာသာ တိုးတက်လာလိမ့်မည်ဟု ရှားက ဆိုသည်။

မြန်မာနှင့် နိုင်ငံခြား ကုန်သွယ်မှု ပေးချေမှုအတွက် special rupee Vostro account (SRVA) ကို ဖွင့်လှစ်ထားရန် နိုင်ငံပိုင် Punjab National Bank (PNB) အား အိန္ဒိယဗဟိုဘဏ်က အစောပိုင်းက အခွင့်အာဏာ ပေးထားသည်။

လုပ်ထုံးလုပ်နည်းသစ်အရ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယသို့ ၎င်း၏ ပို့ကုန်မှန်သမျှကို အိန္ဒိယ ရူပီးဖြင့် ပေးချေမှုအား လက်ခံရမည် ဖြစ်ပြီး တူညီသော ပို့ကုန်ဝင်ငွေကို အိန္ဒိယမှ ကုန်စည်နှင့် ဝန်ဆောင်မှုများ တင်သွင်းရာ၌ ပေးချေနိုင်မည်ဖြစ်ကြောင်း EEPC က ပြောသည်။

အိန္ဒိယ ရူပီးနှင့် ကျပ်ငွေဖြင့် ကုန်သွယ်မှု ပေးချေရေးအတွက် Vostro account ဖွင့်ထားရေးအတွက် မြန်မာ CB Bank နှင့် UAB Bank တို့ကို PNB က ချည်းကပ်ခဲ့ကြောင်း ယင်းက ဆိုသည်။

သို့ရာတွင် ယခုကဲ့သို့ နှစ်နိုင်ငံ ငွေကြေးဖြင့် ကုန်သွယ်မည့် လုပ်ထုံးလုပ်နည်းသစ်တွင် အခြားသော ဘဏ်များပါ မြန်မာဘက်က ပါဝင်လိုခြင်း ဖြစ်သည်။

“သဘောတူထားတဲ့ လုပ်ထုံးလုပ်နည်းကို အသက်သွင်းဖို့ ဆုံးဖြတ်ချက်က မကြာခင် ကြေညာဖို့ ရှိတယ်”ဟု ရှားက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.channelnewsasia.com/business/india-asks-myanmar-expedite-tra...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly