မိုးဗြဲတိုက်ပွဲတွင် လက်နက်ကြီးကျည်အချို့ စစ်ကောင်စီတပ်သားများကိုပြန်မှန်ပြီး သေဆုံးမှုများရှိ

By 001 (မဇ္စျိမ)
12 June 2023
မိုးဗြဲတိုက်ပွဲတွင် လက်နက်ကြီးကျည်အချို့ စစ်ကောင်စီတပ်သားများကိုပြန်မှန်ပြီး သေဆုံးမှုများရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှပစ်ခတ်သည့်လက်နက်ကြီးကျည်အချို့ ၎င်းတို့တပ်သားများကိုပြန်မှန်ပြီး သေဆုံးမှုများရှိခဲ့ကြောင်း MBPDF ၊ သိမ်းငှက်တပ်ခွဲထံမှ သိရသည်။

“သူတို့လက်နက်ကြီးက သူတို့ကို ပြန်မှန်သွားတာလည်းရှိသွားတာပေါ့။ သူတို့က ကျွန်တော်တို့ တော်လှန်ရေးသမားရှိတဲ့နေရာပဲ ပစ်တာမဟုတ်ဘူး။ သူတို့လူရှိတဲ့နေရာလည်း အကုန်ပစ်ထည့်လိုက်တာပေါ့။ ဒါကြောင့်သူတို့လူကလည်း အကျအရှုံးကရှိတာများတာပေါ့နော်။ အဲ့ဒီလိုမျိုးရှိတယ် ”ဟု သိမ်းငှက်တပ်ခွဲ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဇွန်လ ၁၁ ရက်နေ့တွင် မိုးဗြဲမြို့၊ ပွဲကုန်း (၃) ရပ်ကွက်၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များအကြားတိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများ ရှိခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်မှ လေးဦး ကျဆုံးခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်း အမှတ် (၁၀၀၁) မှ ဇွန်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များဘက်မှ ကျဆုံးခဲ့သူများမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း (၃) မှ ရဲဘော်နှစ်ဦး၊ MBPDF လင်းယုန်တပ်ခွဲမှ ရဲဘော်တစ်ဦးနှင့် မြို့ပြတော်လှန်ရေးတပ်ဦး URF မှ ရဲဘော်တစ်ဦးတို့ ဖြစ်သည်။

မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်မှ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံနှင့် စက်တော်ရာတောင်ပေါ် စသည့်နေရာများမှ လက်နက်ကြီးပစ်ကူခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က တိုက်ပွဲတွင် တာဝေးပစ်လက်နက်ကြီး အလုံး ၁၀၀ ကျော် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှအကျအဆုံးများခဲ့သည့်အတွက် ဇွန်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် မိုးဗြဲမြို့အနောက်ဘက်ရှိ လူနေကျေးရွာများဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိမ်းငှက်တပ်ခွဲထံမှသိရသည်။

မိုးဗြဲမြို့နယ်တွင် ယခု ဇွန်လ အစပိုင်းမှစတင်ပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားနေကာ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ သေနတ်ဖြင့်ပစ်သတ်မှုတို့ကြောင့် ကလေးသူငယ်အပါအဝင် အရပ်သားသေဆုံးမှုများလည်းရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဓာတ်ပုံ - ပုံအဟောင်း

စာတည်း ။။ Alden

#MPDF

#KNDF

#URF

#မိုးဗြဲတိုက်ပွဲ

#လက်နက်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly