နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၂ ဇွန်  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၂ ဇွန်  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပေါ်ပေါက်လာမှု  အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် အရေးပါသော ဗဟိုချက်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလက ပြောသည်။ 

  • ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ယနေ့ ဇွန် ၁၂ ရက်တွင် တရားဝင် ထူထောင် လိုက်ပြီဖြစ်ကြောင်း အဆိုပါ အုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌ ခူဦးရယ် ကြေညာသည်။ 

  • အမေရိကန် ပြည်ထောင်စု၊ ကင်တာကီ ပြည်နယ် နှင့် Indiana ပြည်နယ်တို့တွင် CRPH ဥက္ကဋ္ဌ နှင့် NUG ဝန်ကြီးများက အမေရိကန်ရောက် မြန်မာနိုင်ငံသားများနှင့် ဇွန် ၁၀ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတွင် ရှိသည့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲကို ဇွန် ၁၁ ရက်၊ နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ပေါ်သို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက် ကြီး နှင့် တပ်ဖွဲ့ဝင်များသည် ဇွန် ၆ ရက်က လက်နက် အပြည့်အစုံဖြင့် သွားလာခဲ့ပြီး စစ်တပ် နှင့် ရဲများ ကတုတ်ကျင်း နှင့် ဘန်ကာထဲမှ ထွက်မလာတော့ကြောင်း Zero ပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက်အထွက်ရှိ ညောင်ပင်သာကျေးရွာအတွင်းသို့ ယနေ့ ဇွန် ၁၂ ရက်၊ မွန်းလွဲ ၂ နာရီခန့်က အကြမ်းဖက်စစ်တပ် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ရာ ပြည်သူအမျိုးသမီးဦး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို မီးရှို့ဖျက်ဆီး လိုက်ကြောင်း Monywa Roads Information – MRI မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုများက ဦးဆောင်ကာ ယနေ့ ဇွန် ၁၂ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြကြကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန် ၁၂ ရက်တွင် "ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတို့တွင် ဝင်ရောက် မီးရှို့‌ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၄၈ လုံးပြာကျခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့ အုပ်ချူပ်ရေး ပအဖ၊ ပကဖ၊ ပလဖ အဖွဲ့ နှင့် လက်ပံ တောင်းတောင် ပင်မသပိတ်၊ Salingyi (SPDF)၊ သေမင်းတမန်ပြောက်ကြားတပ်ဖွဲ့ (ဆားလင်းကြီး)နှင့် ဒေသ ပြည်သူများ ပူးပေါင်းကာ ဇွန် ၁၁ ရက်တွင် "အလေးနီပြုပါသည် ကိုဗန့်ဂျီ" စာတန်း ကိုင်ဆောင် ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆူးတပ်ကျေးရွာနှင့် ရွာလည်ကျေးရွာရှိ ရေဘေးသင့် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က မိုးကာများ လှူဒါန်း ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ဥမင်ကုန်းကျေးရွာတွင် ဇွန် ၄ရက်က စစ်ကောင်စီတပ် စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည့် တိုက်ပွဲရုပ်သံမှတ်တမ်းကို တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွက် လူမှုကွန်ရက် စာမျက်နှာတွင် ဝမ်းနည်းကြောင်း အနက်ရောင်ပရိုဖိုင်(Profile) ပြောင်းလဲခဲ့သည့် သရုပ်ဆောင် မေပန်းချီကို ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများက ဇွန်လ ၁၀ရက်တွင် ဖော်ပြထားသည်။ 

  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကြည်ရွာမှ ဆီမီးခုံမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်သား ၂ ဦးကို ဇွန် ၁၀ ရက်၊ နေ့လယ် ၁၁ နာရီခွဲခန့်က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၂ ဦး လုံး သေဆုံးသွားပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

  • မကွေးတိုင်း၊ စလင်းမြို့နယ်၊ သရက်တော ရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲတပ်ဖွဲ့နှင့်စစ်သားများ အားလုံး ဇွန် ၁၁ ရက်က စလင်းမြို့ပေါ်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း ဒေသခံ ပြည်သူများက ပြော သည်။ 

  • ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ တစ်နေရာ၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဇွန် ၁၁ ရက်၊ ညနေ ၃ နာရီ မိနစ် ၄၀ ခန့်က မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း တပ်ရင်း ၃၈၀၁ ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ပဲခူးတိုင်း နတ္တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MRF-Nattalin)၏ ရှေ့တန်းကင်းစခန်း နေရာအား ဇွန် ၈ ရက်က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့သောကြောင့် ရဲဘော်သုံးဦး ကျဆုံး ခဲ့ရကြောင်း MRF-Nattalin က အသိပေးထုတ်ပြန်သည်။ 

  • တနင်္သာရီတိုင်း ၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကို  စစ်ကောင်စီတပ်ဖွဲ့ က ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့တွင် ကျေးရွာအတွင်း စစ်ကြောင်းနှစ်ကြောင်းခွဲကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်ထံမှ သိရသည်။ 

  • ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မဘိမ်းမြို့နယ်၊ ရွှေတုန်းရွာ နှင့် ခွေးဟောင်တုန်းရွာကို ဇွန် ၁၁ ရက်၊ မွန်းလွဲပိုင်းက စစ်တပ်က မီးတင်ရှို့နေပြီး  ပြည်သူ ၅၀ ဦးကို စစ်တပ်က လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားမှုမှာလည်း ပြန်လည် လွှတ်ပေးခြင်းမရှိကြောင်း ဒေသပြည်သူများထံမှ သိရသည်။ 

  • ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ခိုလှုံနေသည့် မတူပီစစ်ဘေးရှောင်များ အရေးပေါ် အကူ အညီများ လိုအပ်လျက်ရှိကြောင်း ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူများ ထံမှ သိရသည်။ 

  • ထိုင်းနိုင်ငံ၊ ချာချင်ဆောင်မြို့တွင်  ဇွန် ၁၁ ရက်က ၁၀ ကြိမ် အဖြစ် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈)​မြောက် မွေးနေ့ ဆုတောင်းဖြင့် ဂုဏ်ပြုပွဲကို ဂျပန်နိုင်ငံ တောင်ပိုင်း Fukuoka မြို့ Fukufuku Plaza တွင် အခမ်းအနား အစီအစဉ် များဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် မေ ၂၇ ရက်ကနေ ဇွန် ၉ ရက်အထိ အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ပြည်သူများထဲတွင် ကလေးသူငယ် ၃ ဦး ပါဝင်သည်ဟု မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

  • ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် ဇွန် ၁၁ ရက်၊ ညပိုင်းက ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

  • တိုက်ပွဲ ပြင်းထန်နေသည့် ရှမ်း-ကရင်နီ နယ်စပ်၊ ဖယ်ခုံ အနောက်ဘက်ခြမ်း တိုက်ပွဲတွင် အသုံးပြုရန် ငါးကြင်းမြီး (MG-3) တစ်လက် ဝယ်ယူနိုင်ရေး ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DMO-PDF တပ်ရင်း (၃) က "ငါးကြင်းမြီးနဲ့ အောင်လံထူ" ကမ်ပိန်း ပြုလုပ်နေကြောင်း သိရသည်။ 

စစ်ကောင်စီ 

  • အာဏာသိမ်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးဆောင်သော ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးတို့သည် မေ ၂၇ ရက်နှင့် ဇွန် ၄ ရက်တို့တွင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ထောင်အတွင်း သွားရောက်တွေ့ဆုံခဲ့ကြောင်း ဧရာဝတီသတင်းတွင်ဖော်ပြထားသည်။ 

  • ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အရပ်ဖက် အဖွဲ့အစည်းများကို လုပ်ငန်းဆောင်ရွက်ရန် ပြန်လည်ခွင့်ပြုကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ 

  • ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် နှစ်လတာကာလအတွင်း ပြည်ပသို့ ပဲတင်ပို့မှုအနေဖြင့် တန်ချိန် (၃) သိန်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၂၄၀ ဒဿမ ၈၇၀ ဘီလီယံရရှိထားကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ 

  • "မိုခါ"မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် စက်မှုဝန်ကြီးဌာန၊မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သည့် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ ဆေးဝါး ၇ မျိုးအား ဇွန် ၁၁ ရက်၊ ညနေပိုင်းက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • ရှေ့တန်းတွင် ဒဏ်ရာရလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တပ်မှထွက်ခွင့်မပြုဘဲ ချောင်းသာ ကမ်းခြေသို့ အပန်းခြေခရီးပို့ဆောင်ပေးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ 

  • ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဖွင့်လှစ်ထားသော တက်တူး(tattoo)ဆိုင်များပိတ်သိမ်းရန် ဇွန်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ် စည် ပင်သာယာရေးအဖွဲ့က သတိပေးစာများပေးပို့ထားသည်ဟု တက်တူးဆိုင်ပိုင်ရှင်များထံမှ သိရသည်။ 

ဇွန် ၁၂ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီတပ်သည် နိုင်ငံရေး စစ်ရေးအကျပ်အတည်းများ ရင်ဆိုင်လာရချိန် ၎င်းတို့မတရားဖမ်းဆီး ထားသည့် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လွှတ်ပြီး သွားရောက်တွေ့ဆုံ ရသည်ကို ကြည့်ပါက စစ်ကောင်စီအနေဖြင့် နိုင်ငံရေးထွက်ပေါက် ရှာနေသည်ကို တွေ့ရသည်။ 

  • တိုက်ပွဲများပြင်းထန်နေသည့် ကရင်နီပြည်နယ်တွင် ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ထူထောင်လာနိုင်သည်ကို ကြည့်ပါက ပြည်သူ့အုပ်ချုပ်ရေး အားကောင်းလာသည်ကို တွေ့ရသည်။ 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly