မတ္တရာမြို့နယ်က ကားလမ်းဘေးအနီး ဦးခေါင်းကို ပစ်သတ်ခံထားရသော ရုပ်အလောင်း ၂ လောင်း တွေ့ရှိ

By 007 (မဇ္စျိမ)
12 June 2023
မတ္တရာမြို့နယ်က ကားလမ်းဘေးအနီး ဦးခေါင်းကို ပစ်သတ်ခံထားရသော ရုပ်အလောင်း ၂ လောင်း တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့မြောက်ဘက် ယက္ကန်းစင်တောင် သွား ကားလမ်းအနီးတွင် လက်ပြန်ကြိုးတုပ်ပြီး သေနတ်ဖြင့် ပစ်သတ်ခံထား ရသည့် အမျိုးသားရုပ်အလောင်း နှစ်လောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

အဆိုပါ ရုပ်အလောင်း နှစ်လောင်းကို မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာ ယက္ကန်းစင်တောင်သွား ကားလမ်းအနီးတွင် ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“အလောင်းတွေမှာ မျက်နှာကိုလည်း အ၀တ်နဲ့ စည်းထားတယ်၊ လက်ပြန် ကြိုး လည်း တုပ်ထားတယ်၊ ခေါင်းမှာကျည်ဆန်ရာ တစ်ချက်စီနဲ့ ပစ်သတ်ခံထားရ တာပါ၊ အသက်သုံးဆယ်၀န်းကျင်အရွယ်တွေလို့ ဆေးရုံကနေ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အသတ်ခံရသူနှစ်ဦးစလုံးသည် အသက် ၃၀ ၀န်းကျင်အရွယ် အမျိုးသားများ ဖြစ်ပြီး အနီးအနားကျေးရွာက နယ်ခံများ မဟုတ်ကြောင်း ဒေသခံများက ပြောသည်။

ထိုအမျိုးသား နှစ်ဦးသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ၎င်းတို့ကို မည်သူတို့က ပစ်သတ်ခဲ့သည်ကို မသိရသေးပေ။

လက်ရှိတွင် ရုပ်အလောင်းနှစ်လောင်းစလုံးကို ပိုင်ရှင်မဲ့အလောင်းများအဖြစ် မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံကြီး(ရင်ခွဲရုံ) သို့ ပို့ဆောင်ထားကြောင်း သိရသည်။

မတ္တရာမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းကလည်း ဘိုကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုး၀င်းသည် ၎င်း၏ နေအိမ်ခြံ၀င်းအတွင်း ပစ်သတ်ခံခဲ့ရသည်။

၎င်းပစ်သတ်ခံရပြီးနောက် နာရီပိုင်းအကြာတွင် သလွန်ဖြူကျေးရွာ အရှေ့ဘက် မန္တလေး-မတ္တရာ မီးရထားလမ်းဘေးတွင် သေနတ်ဖြင့် ပစ်သတ်ခံထားရသော အသက် (၆၀) ၀န်းကျင်အရွယ် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့သေးသည်။

အဆိုပါအလောင်းတွေ့ရှိမှု ဖြစ်စဉ်တွင်လည်း ယခုကဲ့သို့ အလောင်းအား မျက်နှာကို လုံချည်ဖြင့်စည်းထားပြီး ပါးစပ်တွင်အ၀တ်စ ဆို့ထားကာ နားထင်ကို သေနတ်ဖြင့် တေ့ပစ်ခံထားရသည့် အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်

#မတ္တရာ

#အမျိုးသားနှစ်ဦးပစ်သတ်ခံရ

#စစ်ကောင်စီ

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly