ပုလဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီ လိုအပ်နေ

By ရောင်နီ (မဇ္ဈိမ)
12 June 2023
ပုလဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီ လိုအပ်နေ
ပုံစာ - ပုလဲမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူများ။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်၏စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီလိုအပ်နေကြောင်း ကူညီဆောင်ရွက်နေသူ များထံမှ သိရသည်။

ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှ ထွက်လာသည့် အင်အား ၁၇၀ ၀န်းကျင် ပါစစ်ကောင်စီတပ်သည် ဇွန်လ ၈ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးမှုများ စတင်လုပ်ဆောင်နေသည်။

ထိုသို့ စစ်ကြောင်းထိုးမှုကြောင့် ယင်းမာပင်နှင့် ပုလဲမြို့နယ်များရှိ ကျေးရွာများမှ ဒေသခံထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

“အခု ဒီစစ်ဘေးရှောင်စခန်းမှာဆို စုစုပေါင်းခန့်မှန်းကျေးရွာ ၁၆ ရွာ၀န်းကျင်လောက်က ပြည်သူတွေရှိ တယ်။ ပုလဲမြို့နယ်အတွင်းမှာဆိုရင် လူဦးရေ ၁၀,၀၀၀ လောက် စစ်ဘေးရှောင်နေကြရတာပါ။

မိုးတွင်း ကာလဆိုတော့ အစစအရာရာ လိုအပ်ချက်တွေချည်းပါပဲ။ အဓိကတော့ စား၀တ်နေရေးပြဿနာ ပိုဖြေ ရှင်းနေရတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက မဇ္စျိမသို့ပြောသည်။

စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူများအတွက် မြို့နယ် ပကဖ၊ ပအဖ အဖွဲ့အစည်းများနှင့် Beyond The Chindwin Oraganization (BOC) အဖွဲ့တို့ ပူးပေါင်းကာ လိုအပ်သည့် ကူညီမှုများကို ဆောင်ရွက် ပေးလျက်ရှိသည်။

စစ်ဘေးရှောင်နေရသူများတွင် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များလည်းပါ၀င်ပြီး ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေး၀ါးအကူအညီများလည်း လိုအပ်လျက်ရှိသည်။

“သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေကိုတော့ မြို့နယ်ကျန်းမာရေးအဖွဲ့က သက်ဆိုင်ရာအဖွဲ့အစည်း တွေနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်ပေးနေတယ်။ စစ်ဘေးရှောင်တွေအတွက် လေကြောင်းရန်ကိုတော့ အရမ်းစိုးရိမ်ပါတယ်” ဟု Beyond The Chindwin Oraganization (BOC) တာ၀န်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ပုလဲမြို့နယ်အတွင်း ဆက်လက်စစ်ကြောင်းထိုးလျက်ရှိပြီး ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့က နွယ်ရှောက်ရွာတွင် ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင်လည်း နွယ်လျှောက်ကျေးရွာမှတဆင့် လှော်ကား ကျေးရွာအတွင်း၀င်ရောက်ကာ အင်မထီးကျေးရွာမှ ပျူစောထီးများက ပြည်သူများ၏ပစ္စည်းများအား ခိုးယူနေကြကြောင်း ဒေသကာကွယ်ရေးတပ်တာ၀န်ရှိသူတဦးက ပြောသည်။

“ စစ်ကြောင်း၀င်တဲ့ရွာတွေကို လက်ရှိအချိန်အထိ မီးရှို့တာမရှိသေးဘူး။ လုယက်သောင်းကျန်းတဲ့ အဆင့် ပဲရှိသေးတယ်။ သူတို့ရည်ရွယ်ချက်က ပျူရွာတွေကို လှမ်းခေါ်ပြီး ရိက္ခာစုပေးချင်ပုံရတယ်။ ထိတွေ့တိုက်ပွဲ တွေမရှိပေမယ့် မိုင်းဆွဲတိုက်ခိုက်မှုတွေတော့ရှိတယ်။ အသေးစိတ်ကတော့ ရှေ့တန်းကသတင်း မပို့သေး လို့ မသိရသေးဘူး”ဟု ယင်းမာပင်ခရိုင် တပ်ရင်း(၇) သတင်းမှန်ပြန်ကြားရေးအဖွဲ့တာ၀န်ရှိသူကဆို သည်။

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် သည် ယင်းမာပင်နှင့် ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည်မှာ တပတ်နီးပါးရှိလာပြီ ဖြစ်သည်။

ထိုသို့ စစ်ကြောင်းထိုးနေချိန်တွင် ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးကျေးရွာရဲစခန်းကို ဇွန်လ ၉ ရက်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့များမှဝင်တိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ယင်းသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးကျေးရွာအနီးတ၀ိုက်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်းကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေ၍ ဒေသခံ ၂,၃၀၀ ကျော် စစ်ဘေးရှောင်နေကြရ ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

စာတည်း ။။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#ပုလဲမြို့နယ်

#ညောင်ပင်ကြီးရဲစခန်း

#စစ်ဘေးရှောင်

#စားနပ်ရိက္ခာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly