ရွှေဘိုတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ အထိအခိုက်များဟုဆို

By ရောင်နီ (မဇ္ဈိမ)
12 June 2023
ရွှေဘိုတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ အထိအခိုက်များဟုဆို
ဓာတ်ပုံ - ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် မိုင်းများ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကင်းပုန်း၀ပ်ရန် ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို မိုင်း၂၄လုံးဖြင့် ငါးနေရာခွဲ၍ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း BurmaRanger (ShweBo) တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရွှေဘိုတက္ကသိုလ်စစ်ဆေးရေးဂိတ်မှ ထွက်ခွာလာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၇ နာရီ၀န်းကျင်တွင် မိုင်းဆွဲ တိုက်ခိုက်ခြင်းဟု သိရသည်။ရွှေဘိုမြို့နယ် ကြက် မွေး မြူဇုန်အနီးတွင် နှစ်ကြိမ်၊ ယင်းဇုန်အတွင်းရှိ ရပ်ကွက်ရုံးနှင့်မင်းဘေးကျေးရွာဇရပ်အနီး၊ရွှေဘို- ကျောက်မြောင်းကားလမ်းပေါ်ရှိ ရွှေမိစက်သုံးဆီဆိုင်အနီးတို့တွင် တစ်ကြိမ်စီမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း BurmaRanger (ShweBo) တပ်ဖွဲ့ကထုတ်ပြန်ထားသည်။

"အဲ့ဒီစစ်ကြောင်းက ထီးချိုင့်ဖက်ကိုလည်း မွှေပြီး ပြန်သွားတာဗျ။ အခု ရွှေဘိုနယ်ထဲမှာ မိုင်းအတွဲလိုက်အဆွဲခံရတယ်ဗျ။ ရဲဘော်‌တွေ လှမ်းပြောတယ်။ စစ်တပ်လည်း တော်တော်လေး ဝရုန်းသုန်း ကားဖြစ်သွားတယ်" ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ထောက်ပို့ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုငါးကြိမ်တွင် စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း BurmaRangers (ShweBo) တပ်ဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုစာရင်းသည် မြေပြင်ရဲဘော်များနှင့် ပြည်သူများ၏ မျက်မြင်အတည်ပြုချက်ဖြစ်ကြောင်း BurmaRangers (ShweBo) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မိုင်းဆွဲတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စိီတပ်သားများကို ကျောက်မြောင်းမြို့မှ ထွက်ခွာလာသည့် မိုးကာအုပ် ၁၂ဘီးကားတစ်စီးက လာရောက်ခေါ်ဆောင်ကာ ရွှေဘိုမြို့၊လေ့ကျင့်ရေး(၈)အတွင်းသို့ မောင်းနှင်ဝင်ရောက်သွားခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် မိုင်းအလုံးရေ ၂၄ လုံးအတွက် ငွေကျပ်သိန်း ၃၀ ကုန်ကျခဲ့ပြီး လက်နက်ခဲယမ်း လိုအပ်ချက်များရှိနေသောကြောင့် ပြည်သူများအနေဖြင့် ထောက်ပို့ကူညီပေးကြရန် BurmaRangers (ShweBo) တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ထီးချိုင့်- သပိတ်ကျင်း- ‌ကျောက်မြောင်း-ရွှေဘိုလမ်းပိုင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ဖြတ်သန်းသွားလာသည့် စစ်ကောင်စီတပ်ယာဥ်တန်းများကို ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

ယနေ့ဇွန်လ၁၂ရက် နံနက်ကလည်း ရွှေဘိုမြို့နယ်၊ သံဘိုကျေးရွာအနီး၌ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများကပြောသည်။ ထိခိုက်မှုအခြေအ‌နေကို မသိရသေးပေ။

စာတည်း - မောင်ကြီး

#mizzima

#ရွှေဘိုမြို့နယ်

#စစ်ကောင်စီတပ်

#မိုင်းဆွဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly