နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စစ်ဗိုလ်ချုပ်အချို့သွားတွေ့

By 001 (မဇ္စျိမ)
12 June 2023
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စစ်ဗိုလ်ချုပ်အချို့သွားတွေ့

နေပြည်တော်အချုပ်ထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ စစ်ဗိုလ်ချုပ်အချို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း နေပြည်တော် သတင်းရင်း မြစ်အချို့ထံမှ သိရသည်။

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဉက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)တို့က မေလ ၂၇ ရက်နေ့နှင့် ဇွန်လ ၄ ရက်နေ့တို့တွင် သွားရောက်တွေ့ဆုံ ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။

“ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘာမှမှတ်ချက်မပေးဘူးလို့ သိရတယ်။ အခုက နှစ်ကြိမ်တွေ့တယ် ပေါ့။ မေ ၂၇ ရက်နေ့မှာတကြိမ်၊ ပြီးရင် ဇွန်လ ၄ ရက်နေ့မှာ တကြိမ်။ ဒါကတော့ ရက်အတည်ပြုလို့ ရတာ။ သည့်မတိုင်ခင် ရှေ့ပိုင်းမှာလည်း တွေ့နိုင်တဲ့အခြေအနေတွေရှိတယ်။ ဒါပေမဲ့ အတည်ပြုလို့မရဘူး” ဟု မဇ္ဈိမ၏ နေပြည်တော်သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ သတင်းတစုံတရာထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ တရားရုံးနှင့်နီးစပ်သူများကလည်း ယင်းကိစ္စကိုမသိရသေးကြောင်း မဇ္စျိမကို ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီလက်အောက်ခံ အထူးတရားရုံး က အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခဲ့ပြီး နေပြည်တော်အချုပ်ထောင်တွင် ဖမ်းဆီးထိန်း သိမ်းထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက စစ်ကောင်စီ၏စီစဉ်ပေးမှုဖြင့် ဒေါ်စန္ဒာမင်းအပါအဝင် သုံးဦးသည် ဒေါ်အောင်ဆန်းစုကြည်ထံသွားရောက်တွေ့ဆုံခဲ့သော်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့်မည် သည့်မှတ်ချက်မှပြန်မပေးကြောင်း ဒေါ်စန္ဒာမင်းက BBC Burmese နှင့် သီးသန့်အင်တာဗျူးတွင် ဖြေကြား ခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ တပတ်လျှင် တကြိမ် ထောင်ဝင်စာပစ္စည်းပို့ခွင့်ပေးထားပြီး ရှေ့နေအဖွဲ့မှ အမှုကိစ္စအတွက် လူချင်းတွေ့ဆုံခွင့် တင်ပြ ထားသော်လည်း ခွင့်မပြုသေးပေ။ အသေးစိတ်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#အတိုင်ပင်ခံပုဂ္ဂိုလ်

#ဒေါ်အောင်ဆန်းစုကြည်

#စစ်ဗိုလ်ချုပ်

#တွေ့ဆုံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly