မြန်မာတွင် ရှိနေသည့် တရုတ်၏ ရည်ရွယ်ချက် ၂ ခု - အိန္ဒိယသမုဒ္ဒရာ ဝင်လမ်း၊ ရာဇဝတ်မှု တိုက်ဖျက်ရေး

မြန်မာတွင် ရှိနေသည့် တရုတ်၏ ရည်ရွယ်ချက် ၂ ခု - အိန္ဒိယသမုဒ္ဒရာ ဝင်လမ်း၊ ရာဇဝတ်မှု တိုက်ဖျက်ရေး

မြန်မာတွင် ရွေးကောက်ခံအစိုးရတစ်ရပ်ထံမှ စစ်တပ်က အာဏာသိမ်းယူပြီးနောက် နှစ်နှစ်ကျော်အကြာတွင် သိသာထင်ရှားစွာဖြင့်ပင် တရုတ်သည် လက်ရှိမြန်မာအာဏာသိမ်းစစ်တပ်၏ ဗိုလ်ချုပ်ကြီးများကို အဓိက ထောက်ကူပံ့ပိုးသူ ဖြစ်လာခဲ့သည်။

တရုတ်သည် အိန္ဒိယသမုဒ္ဒရာရှိ မဟာဗျူဟာကျ နေရာများဆီ ဝင်ခွင့်ရရန် မြန်မာနိုင်ငံ၌ အကြီးအကျယ် ပါဝင်ပတ်သက်လာနေသည်ဟု အများက ရှုမြင်သော်လည်း တိုး၍ ထင်ရှားမြင်သာလာသည်တစ်ခုက တရုတ်အစိုးရသည် နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းအဖွဲ့များကို ဖြိုခွင်းနှိမ်နင်းရန် မြန်မာထံ တိုးမြှင့်ချဉ်းကပ်လာနေခဲ့ခြင်းပင် ဖြစ်သည်။

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းတို့ မေလ ၂ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ချိန် နယ်စပ်ချင်း ထိစပ်နေသော အိမ်နီးချင်း နှစ်နိုင်ငံအကြား နွေးထွေးသော ဆက်ဆံရေးက ပေါ်လွင်ထင်ရှားခဲ့သည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာအပေါ် လေးစားသင့်ပြီး မြန်မာမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ရင်ကြားစေ့မှုတို့ အောင်မြင်ရရှိအောင် ကူညီရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်သင့်တယ်လို့ တရုတ်အနေနဲ့ ရှုမြင်ပါတယ်” ဟု အစည်းအဝေးအပြီး ထုတ်ပြန်ချက်တစ်ရပ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

တရုတ်အနေဖြင့် မြန်မာ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သမျှ အတိုင်းအတာအတွင်း အကူအညီများ ဆက်လက် ပံ့ပိုးပေးမည် ဖြစ်သလို တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ၏ အဓိကကျသော ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို ဆက်လက် အရှိန်မြှင့်တင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ထို ထုတ်ပြန်ချက်အရ တရုတ်သည် စစ်အုပ်စုကို ထောက်ခံအားပေးပြီး တစ်ချိန်တည်းတွင် အမေရိကန်နှင့် ဥရောပ ဦးဆောင်သော ဒဏ်ခတ်အရေးယူမှု ကျောထောက်နောက်ခံပြု ဖိအားပေးမှု ကမ်ပိန်းကို ဆန့်ကျင်ကြောင်း ပြသနေသည်။

နိုင်ငံတကာမျက်နှာစာတွင် တရုတ်အနေဖြင့် မြန်မာနှင့်အတူ မည်သို့မည်ပုံ ရပ်တည်သလဲ ဆိုသည်ကို ၎င်း၏ ခရီးစဉ်က ထုတ်ဖော်ပြသခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြောင်း မြန်မာစစ်တပ်၏ အစည်းအဝေး မှတ်တမ်းတစ်ရပ်အရ သိရသည်။

တရုတ်သည် နိုင်ငံတကာ စင်မြင့်တွင် မြန်မာအတွက် ကြားဝင်ပေးရန် လိုလားသည့် ဆန္ဒကို ပေါ်ပေါ်ထင်ထင် ပြသထားသည်။ ဥပမာအားဖြင့် ရုရှားနှင့် အတူ တရုတ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ၎င်းတို့၏ အမြဲတမ်းကိုယ်စားလှယ်နေရာကို အသုံးပြုပြီး ကောင်စီ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

သို့သော် များမကြာသေးမီကာလမတိုင်မီအထိ အဆင့်မြင့် တရုတ်အရာရှိများသည် မြန်မာ၏ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံဆက်ဆံခြင်း မပြုဘဲ ရှိနေခဲ့သည်။ ယခုမကြာမီက တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းနှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံမှုအရ တရုတ်သည် မြန်မာနှင့် ဆက်ဆံရေးကို နောက်လယ်ဗယ်သို့ သွားနေပြီ ဆိုသည့် အားကောင်းသော အထင်အမြင်တစ်ခုကို ဖြစ်စေခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအပေါ် အသားပေးမှုက မြန်မာနှင့် ထိတွေ့ဆက်ဆံရန် တရုတ်၏ စိတ်ပါဝင်စားမှုများအတွက် သဲလွန်စတစ်ခု ဖြစ်စေသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းသည် ၎င်း၏ မေလ ခရီးစဉ်အတွင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနှင့်လည်း တွေ့ဆုံခဲ့ပြီး ပေကျင်း၏ ခါးပတ်လမ်းရပ်ဝန်း စီမံကိန်း၏
တစ်စိတ်တစ်ဒေသအဖြစ် တရုတ်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို ဖြတ်သန်းချိတ်ဆက်သည့် နောက်ထပ် စီးပွားရေး စင်္ကြံတစ်ခုကို စီစဉ်ခင်းကျင်းပြသခဲ့သည်။ ယင်း စီးပွားရေးစင်္ကြံအရ တရုတ်အတွက် ခါးပတ်လမ်းရပ်ဝန်း စီမံကိန်းများတွင် ပါဝင်လိုခြင်း မရှိသည့် အိန္ဒိယကို ဖယ်ထုတ်ချန်ထားနိုင်ခွင့် ရစေမည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်-တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ တစ်ခုက အိန္ဒိယ မပါဝင်ခြင်းအတွက် ဖြေရှင်းချက်တစ်ခုကို ပေးလိမ့်မည် ဖြစ်သည်။ ရိုဟင်ဂျာ အရေးကိစ္စကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ဆက်ဆံရေး တင်းမာအေးစက်နေခဲ့ပြီးနောက် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ခြေလှမ်းတစ်ခုအဖြစ် တရုတ်က ချင်၏ ခရီးစဉ်ကို အသုံးချမည့်ပုံပေါ်သည်။ အခြေခံပဓာနအားဖြင့် တရုတ်သည် အိန္ဒိယသမုဒ္ဒရာကို ရည်မှန်းချိန်ရွယ်ထားသည်။

မြန်မာနိုင်ငံရှိ တရုတ် ပံ့ပိုးသော အခြေခံအဆောက်အအုံ စီမံကိန်းများကြောင့် မြန်မာနိုင်ငံ ကိုကိုးကျွန်းပေါ်၌ ပြီးခဲ့သည့် မတ်လကုန်ပိုင်းက စတင်ခဲ့သည်ဟု ယုံကြည်ရသော စစ်ဘက် အဆောက်အအုံများ ဖော်ဆောင်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ထွက်ပေါ်စေခဲ့သည်။

ဇန်နဝါရီလတွင် အမေရိကန်အခြေစိုက် Maxar Technologies က ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံများကို အသုံးပြုထားသည့် ဗြိတိန် think tank အဖွဲ့ Chatham House ၏ အကဲဖြတ်လေ့လာတွေ့ရှိချက်တစ်ရပ်အရ ကိုကိုးကျွန်းပေါ်တွင် တိုးချဲ့ထားသော လေယာဉ်ပြေးလမ်းတစ်ခုနှင့် လေယာဉ်ရုံသစ်များ ရှိနေသည်ကို တွေ့ရှိခဲ့သည်။

ဂရိတ် ကိုကိုးကျွန်းသည် ရန်ကုန်၏ တောင်ဘက် ကီလိုမီတာ ၄၀၀ ခန့် အကွာတွင် ရှိပြီး ဘင်္ဂလားပင်လယ်အော်ရှိ သေးငယ်ပြီး မဟာဗျူဟာကျ အရေးပါသော ကျွန်းတစ်ကျွန်း ဖြစ်သည်။ ယင်းကျွန်းသည် အိန္ဒိယ၏ စစ်ဘက် အဆောက်အအုံများရှိသည့် အန်ဒမန်နှင့် နီကိုးဘား ကျွန်းတို့၏ မြောက်ဘက်တွင် တည်ရှိသည့်အတွက် ယင်းကို အထူး စောင့်ကြည့်ရေး အခြေစိုက်နေရာတစ်ခု ဖြစ်စေသည်။

ကိုကိုးကျွန်းပေါ်ရှိ ဖော်ဆောင်မှုများနှင့်ပတ်သက်၍ အလွန်တရာ စိုးရိမ်ပူပန်ကြောင်း အိန္ဒိယက ထုတ်ဖော်သော်လည်း ထိုကျွန်းတွင် တရုတ်ပါဝင်ပတ်သက်မှုမရှိဟု တရုတ်နှင့် မြန်မာတို့က ငြင်းဆန်ထားသည်။ သို့သော် မြန်မာတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံ၏ စီးပွားရေး  ဒုက္ခသုက္ခများကို ပိုမို နက်ရှိုင်းစေခဲ့ပြီး တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ပိုမို ချဲ့ထွင်ကြီးထွားစေခဲ့သည့်အတွက် အိန္ဒိယအနေဖြင့် ယင်း၏ သံသယများကို မသိကျိုးကျွန်ပြုရန် ခက်ခဲစေသည်။

တရုတ်သည် ကာလကြာကပင် စစ်ရေး သဘောရော၊ စီးပွားရေး သဘောရောတွင် မြန်မာနှင့် ဆက်ဆံရေးအပေါ် မဟာဗျူဟာကျ အရေးပါမှုကို သတ်မှတ်ထားရှိခဲ့သည်။ အိန္ဒိယ သမုဒ္ဒရာ ကမ်းခြေမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ သွားသည့် အရှေ့အလယ်ပိုင်းမှ တင်ပို့သော ရေနံစိမ်းအတွက် ပိုက်လိုင်းတစ်ခုကို မြန်မာက ထိုင်ထားပေးသည်။

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံကို အရှိန်မြှင့်ရေး တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်း၏ တွန်းအားပေးမှုနှင့် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံကို လောလောလတ်လတ် အဆိုပြုမှုတို့အရ တရုတ်က စီမံကိန်းများတွင် ရှုမြင်သည့် မဟာဗျူဟာ အရေးပါမှုကို မီးမောင်းထိုးပြသနေသည်။

သို့သော် စနစ်တကျ စီစဉ်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရေးကလည်း အရေးတကြီး ကိစ္စတစ်ခု ဖြစ်နေသည်။

“ချင်ဂန်း : အင်တာနက် လိမ်လည်မှုအပေါ် မြန်မာက ဖြိုခွင်းနှိမ်နင်းလိမ့်မည်ဟု တရုတ် မျှော်လင့်” ဆိုသည့် သတင်းခေါင်းစီး တစ်ခုကို ချင်ဂန်းနှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံပြီးနောက် တစ်ရက်အကြာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

“မြန်မာရဲ့ နယ်စပ် ဧရိယာတွေဟာ ကာလကြာကတည်းက တယ်လီကွန်မြူနစ်ကေးရှင်းနဲ့ အင်တာနက် လိမ်လည်မှု ဂိုဏ်းအဖွဲ့တွေရဲ့ နေရာတွေ ဖြစ်နေခဲ့ပြီး အဲဒီအဖွဲ့တွေက တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေအပေါ် ကြီးလေးစွာ ထိပါးခဲ့သလို အဲဒီအပေါ် တရုတ်ပြည်သူလူထုက စက်ဆုပ်ရွံမုန်းနေတယ်လို့ ချင်ဂန်းက ထောက်ပြပြောဆိုခဲ့တယ်” ဟု ဝက်ဘ်ဆိုဒ်တွင် ဖော်ပြသည်။ “တရုတ်အစိုးရအနေနဲ့ အဲဒီကိစ္စအပေါ် အထူးအရေးကြီးတယ်လို့ သဘောထားပြီး အဲဒါအပေါ် ဖြိုခွင်းနှိမ်နင်းဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့၊ တရုတ်-မြန်မာ-ထိုင်း ပူးပေါင်း စစ်ဆင်ရေး လုပ်ဆောင်ချက်တွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာ ဌာနတွေနဲ့အတူ ချိတ်ဆက်ညှိနှိုင်း ကြိုးပမ်းလုပ်ဆောင်ဖို့နဲ့ ပိတ်မိသွားတဲ့ တရုတ်နိုင်ငံသားတွေကို အချိန်နဲ့တပြေးညီ ကယ်ဆယ်ဖို့ တရုတ်အနေနဲ့ မြန်မာကို ပန်ကြားပါတယ်”
တရုတ်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် တောင်ကုန်းထူထပ်သော မြန်မာနိုင်ငံ မြောက်ပိုင်းဒေသသည် တရုတ်ဇာတိ မျိုးနွယ်စုများ အပါအဝင် တိုင်းရင်းသားလူနည်းစု အများအပြား ရှိရာ ဒေသဖြစ်သည်။ ယင်းသည် လက်နက်ကိုင်အဖွဲ့များ၏ နေရာဖြစ်သလို ယင်းဒေသသည် အစဉ်အလာအားဖြင့် တရုတ် ရာဇဝတ်သမားများနှင့် တရုတ်အစိုးရနှင့် သဘောကွဲလွဲသူများအတွက် ခိုလှုံရာနေရာတစ်ခု ဖြစ်ခဲ့သည်။ မကြာသေးသည့် နှစ်များအတွင်း ဒေသသည် တရုတ်ပြည်မကြီးရှိ လူများကို ပစ်မှတ်ထားသော အွန်လိုင်း လိမ်လည်မှုအတွက် အဓိက အချက်အချာနေရာတစ်ခု ဖြစ်လာခဲ့သည့်အတွက် တရုတ်အာဏာပိုင်တို့အနေဖြင့် ထိုဧရိယာအပေါ် မဖြစ်မနေ တိုးမြှင့် အာရုံစိုက်လာရသည်။

မည်သူ့ကို၊ မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာတွင် “ဖြိုခွင်း နှိမ်နင်းရန်” တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းက မြန်မာကို တောင်းဆိုခဲ့သလဲ ဆိုသည်နှင့်ပတ်သက်၍ အသေးစိတ်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ် ပို့စ်တွင် ဖော်ပြမထားပေ။ သို့သော် တရုတ်သည် မြန်မာ စစ်အုပ်စု တာဝန်ရှိသူများနှင့်သာမက စစ်အုပ်စုကို ဆန့်ကျင်သော ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား လူနည်းစုများနှင့်ပါ တွေ့ဆုံဆက်သွယ်မှု ရှိခဲ့သည်က ဖြစ်နိုင်ခြေ ရှိသည်။ ယင်းသည် ပေကျင်းအတွက် ကိစ္စရပ်၏ ကြီးလေးမှုကို ပြသလိမ့်မည် ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းသည် နေပြည်တော်သို့ မရောက်ရှိမီ နယ်စပ်ဧရိယာကို စစ်ဆေးခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်ဖြစ်ရာ ဖြိုခွင်းနှိမ်နင်းရေး တောင်းဆိုချက်က ခရီးစဉ်၏ အရေးကြီးသော အဓိကဆိုလိုရင်း ဖြစ်သည်ဟု ထင်မြင်ရသည်။

အမှန်အားဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်တွင် မြန်မာ၌ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးအကျဉ်းချခံထားရသည့် သမ္မတ ဦးဝင်းမြင့်ကို နိုင်ငံတော် အကြီးအကဲအဖြစ်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတပြီးလျှင် အရေးအပါဆုံး ပုဂ္ဂိုလ်အဖြစ် ရည်ညွှန်းထားဆဲဖြစ်သည်။

ယာယီသမ္မတ ဦးမြင့်ဆွေကို ဒုတိယသမ္မတအဖြစ် ဆက်လက် ဖော်ပြထားပြီး မင်းအောင်လှိုင်ကို နိုင်ငံခေါင်းဆောင်အဖြစ် မဟုတ်ဘဲ စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်း၏ အစည်းအဝေးများနှင့်ပတ်သက်ပြီး တရားဝင် ထုတ်ပြန်သည့်အချက်အလက်များနှင့် တရုတ်နိုင်ငံပိုင်မီဒီယာတို့က မင်းအောင်လှိုင်ကို မြန်မာခေါင်းဆောင်အဖြစ် အမည်တပ်သော်လည်း “နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ” သို့မဟုတ် “ယာယီ ဝန်ကြီးချုပ်” ဆိုသည့် အမည်ကို အသုံးပြုထားခြင်း မရှိပေ။

ယင်းအတွက်ကြောင့် တရုတ်အစိုးရသည် မြန်မာ၌ အစိုးရ အပြောင်းအလဲကို တရားဝင် အသိအမှတ်ပြုထားခြင်း မရှိဟု အရိပ်အမြွက်ပြနေသည်။

ယင်းက တရုတ်အတွက် ဒီမိုကရေစီ လိုလားသော အင်အားစုများ၊ စစ်တပ်အုပ်ချုပ်မှုကို လက်မခံ ဆန့်ကျင်သော တိုင်းရင်းသားလူနည်းစုအဖွဲ့များနှင့် ဆက်သွယ်ဆက်ဆံရန် နေရာ အခြေအနေ ပေးသလို အွန်လိုင်း လိမ်လည်မှုကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု ကြိုးပမ်းတောင်းဆိုခွင့်ရစေကာ တစ်ချိန်တည်းမှာပင် ယင်း၏ နိုင်ငံသားများ၏ ဘေးကင်းလုံခြုံမှုကို သေချာစေသလို ပိုက်လိုင်း ကဲ့သို့ ကိစ္စများနှင့်ပတ်သက်သည့် တရုတ်၏ အခွင့်အရေးများကိုလည်း သေချာစေခွင့်ရစေသည်။ တစ်ချိန်တည်းမှာပင် တရုတ်သည် စစ်အုပ်စုနှင့် ယင်း၏ ညှိနှိုင်းဆွေးနွေးမှု အနေအထားကို အားကောင်းစေရန် ကြိုးပမ်းနေသည်ဟု ယင်းက ပြသနေသည်။

ယင်း ရှုထောင့်က မြန်မာအပေါ်ထားသည့် တရုတ်၏ သံတမန်ရေး မူဝါဒ၏ သိမ်မွေ့မှုကို ပြသသည်။ သိသာထင်ရှားသည်က တရုတ်အနေဖြင့် မြန်မာတွင် ဒီမိုကရေစီဆီ ပြန်သွားခြင်းအပေါ် စိတ်ဝင်စားခြင်း မရှိသလို ယင်းအနေဖြင့် စစ်အုပ်စု၏ နောက်တွင်လည်း အပြည့်အဝ ရပ်တည်ခြင်း မရှိပေ။

မြန်မာတွင် ဒီမိုကရေစီ မူလအတိုင်း ပြန်ရရှိရေးကို တောင်းဆိုနေသည့် နိုင်ငံများသည် အခြေခံအားဖြင့် ထိုအချက်နှင့်ပတ်သက်ပြီး တရုတ်အပေါ် ဆန့်ကျင်ကြသည်။ သို့သော် မြန်မာတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆီ ဦးတည်မည့် လမ်းကြောင်းတစ်ခုကို ရှာဖွေရန် တရုတ်နှင့် ဆက်သွယ်ဆက်ဆံမှုကို ဆက်လက်ရှိစေပြီး ဖြစ်နိုင်ဖွယ်ရှိသမျှ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်လိမ့်မည် ဖြစ်သည်။

China's dual aims in Myanmar: Indian Ocean access, crime fighting
https://asia.nikkei.com/Spotlight/Comment/China-s-dual-aims-in-Myanmar-I...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly