ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တပ်မှထွက်ခွင့်မပြုဘဲ ချောင်းသာကမ်းခြေသို့ အပန်းဖြေခရီး ပို့ဆောင်

By မင်းထက် (မဇ္စျိမ)
12 June 2023
ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တပ်မှထွက်ခွင့်မပြုဘဲ ချောင်းသာကမ်းခြေသို့ အပန်းဖြေခရီး ပို့ဆောင်

ရှေ့တန်းတွင် ဒဏ်ရာရလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တပ်မှထွက်ခွင့်မပြုဘဲ ချောင်းသာကမ်းခြေသို့ အပန်းခြေခရီးပို့ဆောင်ပေးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရ သည်။

စစ်ကိုင်း၊ ကယား၊ချင်း၊ တနင်္သာရီ၊ ပဲခူး၊ ကရင် စသည့် တိုင်းနှင့်ပြည်နယ်တို့တွင် တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆေးကုသပေးပြီးနောက် ယခုကဲ့သို့ ပို့ဆောင်ပေးခြင်း ဖြစ်သည်။

“ဒဏ်ရာရစစ်သည်တွေနဲ့ ခြေပြတ်လက်ပြတ်စစ်သည်တွေကို ချောင်းသာနဲ့ ငပလီ ပို့ပေးတာပါ။ တပ်က ထွက်ခွင့်တောင်းတာတွေကိုတော့ ထွက်ခွင့်ပေးဘူး။ နယ်မြေအေးချမ်းတဲ့နေရာတွေကို ပြောင်းပြီးတာဝန် ချပေးမယ်လို့တော့ ပြောတယ်။ ရဲတွေကိုလည်း အဲဒီလိုပါပဲ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

ဇွန်လ ၁၁ ရက်နေ့တွင် ပုသိမ်လေဆိပ်မှတဆင့် အဆိုပါဆေးရုံဆင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိ လာခဲ့ပြီး စစ်ကားအကြီးငါးစီးဖြင့် ကမ်းခြေသို့ပို့ဆောင်ခဲ့ခြင်းဟု သိရသည်။
ချောင်းသာကမ်းခြေ၊ အငူစွန်းတွင်အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ထံတွင် တည်းခိုခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောပြသည်။

“ စစ်ကိုင်းတို့ ပဲခူးတို့ဘက်မှာ ဒဏ်ရာရလာတဲ့ရဲတွေက ထွက်ခွင့်တောင်းနေတာတွေ ရှိတယ်။ သူတို့ကို လည်း သူတို့ဇာတိ တိုင်းနဲ့မြို့နယ်တွေကိုပြန်ပြီး တာဝန်ထမ်းဆောင်ခိုင်းနေတယ်။ ထွက်ခွင့်တော့ မပေး ဘူးလို့သိရတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်အင်္ဂါချို့ယွင်းမှုမရှိသည့် စစ်ကောင်စီတပ်သားများအား ရှေ့တန်း သို့ပြန်လည်ပို့ဆောင်ရန်စီစဥ်နေကြကြောင်းလည်း ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ CDM စစ်ဗိုလ်တစ်ဦးက “စစ်တပ်ဟာ စစ်မျက်နှာတွေ အများကြီးဖွင့်လာရ တော့ တပ်ထဲကစစ်သားတွေထွက်လို့မရအောင် နည်းမျိုးစုံနဲ့တားမှာပါပဲ။ တော်လှန်ရေးအဖွဲ့တွေဘက်က တိုင်းနဲ့ပြည်နယ်အစုံမှာဒီထက်ပိုပြီး စစ်မျက်မှာတွေဖွင့်လာနိုင်ရင် ပိုတောင်ဆိုးဦးမယ်။ သူတို့ (စစ်ကောင် စီ)မှာ အားကိုးစရာလေကြောင်းပဲရှိတော့တယ်။ အခြားအဆင့်တပ်သားတွေရော၊ အရာရှိတွေရော တပ်က ထွက်ချင်ရင် ဒီအချိန်တည်းက ပြေးမှရမယ် " ဟု မှတ်ချက်ပြုသည်။

ရှေ့တန်းတွင် ဒဏ်ရာရလာပြီးနောက် စစ်ကောင်စီတပ်မှ ထွက်ခွင့်မပေးသည်ဖြစ်စဥ်များသည် တော်လှန် ရေး အရှိန်မြှင့်လာချိန်တွင် ပိုမိုဖြစ်ပွားလာမည်ဖြစ်၍ CDM လှုပ်ရှားမှုတွင် ပါဝင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly