နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၁ ဇွန်  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၁ ဇွန်  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    မြန်မာပြည်သူများကို နည်းမျိုးစုံဖြင့် ရက်စက်စွာ သတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီကို ထင်ရှားစွာ ပံ့ပိုးကူညီနေသည့် ရုရှားနိုင်ငံကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး မြန်မာစစ်တပ်သို့ စစ်လက်နက် ပစ္စည်းများ ၊ စစ်ထောက်လှန်ရေး နည်းပညာများ ပံ့ပိုးမှုများကို ရပ်ဆိုင်းရန် သတိပေးကြောင်း အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) က ဇွန် ၁၀ ရက်တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

•    အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာနှင့်အကူအညီများ ဆက်လက် ထောက်ပံ့ပေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။

•    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် Zarmani Revolution Forece အဖွဲ့ခေါင်းဆောင်၊ အခြားအဖွဲ့ဝင် နှင့် ဒေသခံတစ်ဦး အပြင် ကျေးရွာတစ်ခု၏ ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ခံတို့ကို ဖမ်းဆီး ခဲ့မှု နှင့် သေဆုံးခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖြေရှင်းပေးရန် စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်းမှူးက ဇွန် ၁၀ ရက်က စာထုတ်ပြန်တောင်းဆိုလိုက်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ဈေးနှင့် ညောင်ပင်ကြီး EPC ရုံးအနီးတွင် ပြီးခဲ့သည့် မေလ ၃၁ ရက်က စစ်တပ်၏ ဖမ်းဆီးမှု ခံလိုက်ရသည့် ကိုမြတ်သူလင်း (ခေါ်) ကိုဗန်ဂျီကို စစ်ကောင်စီက ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လိုက်ပြီး အလောင်းကို စွန့်ပစ်သွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များက တိုက်ခိုက်သိမ်းပိုက် မီးရှို့ခဲ့သော်လည် စစ်တပ်၏ လျှို့ဝှက်ကြေးနန်းတွင် ရဲစခန်း ကျဆုံးခြင်း မရှိဘဲ ဒုရဲအုပ် အပါအဝင် ရဲ ၅ ဦးသား သေဆုံးသည်ဟု လိမ်လည်အစီရင်ခံ ဖော်ပြထားကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ အုပ်စုအတွင်းရှိ ရွာများကို ဇွန် ၉ ရက်၊ ညပိုင်းမှ စတင်ကာ ဇွန် ၁၁ ရက်၊ နံနက်ပိုင်းအထိ စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာများကို ဇွန် ၉ ရက်က စတင်ကာ ပစ်ခတ်စီးနင်းနေပြီး ကျေးရွာဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိထားကာ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံပြည်သူများက ပြောသည်။

•    အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရန်ကုန်အခြေစိုက် တပ်ရင်း ၇၀၄ က စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အနောက်တောင်ဘက်က ကျေးရွာများကို ယနေ့ နံနက်ပိုင်းက ဝင်ရောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူပြီး စစ်ကြောင်းထိုးနေသဖြင့် ဒေသခံပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်းနေရကြောင်း ဒေသခံပြည်သူများက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၁ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ယနေ့ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရွာ ဒို့ကျေးရွာသပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇွန် ၁၁ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်တပ်စစ်ကြောင်းကို ဇွန် ၁၀ ရက်၊ နံနက် ၇ နာရီခန့်က အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၅ ဦး သေဆုံးခဲ့ကြောင်း Burma Rangers တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်အေဓိက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ဇွန် ၉ ရက်၊ နံနက် ၆ နာရီခန့်က အင်အား ၆၀ ဝန်းကျင်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပရိမ္မရွာမှ ကျောက်ရစ်ရွာ ရဲစခန်းသို့ ပြန်လာစဉ် ဒေသကာကွယ်ရေး တပ်ဖွဲ့များ နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်း MHLG PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာတောင်ဘက်တွင် ဇွန် ၉ ရက်က စစ်ကောင်စီတပ် နှင့် တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

•    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဘိုတဲကုန်းရွာကို စစ်ကောင်စီတပ်က ဇွန် ၁၀ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က မီးရှို့ဖျက်ဆီးခဲ့ပြီး ပိတောက်ပင်ရွာမှ အမျိုးသားပြည်သူတစ်ဦးကိုလည်း ပျူစောထီးစစ်ကြောင်းက ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့- ကန့်ဘလူခရိုင်က ထုတ်ပြန်ထားသည်။

•    ရန်ကုန်မြို့တွင် Kyimyindaing networks (KMD 18) နှင့် Mayangone Democratic Front (MDF) တော်လှန်ရေး အင်အားစုများ ပူးပေါင်းပြီး ရန်ကုန်ပြည်သူလူထု လှုံ့ဆော်ရေး နှင့် အကြမ်းဖက် စစ်တပ် ဆန့်ကျင်ရေး အာဏာဖီဆန်တော်လှန် ပုန်ကန်လှုပ်ရှားမှုကို ယနေ့ ဇွန် ၁၁ ရက်တွင် ပြုလုပ်ခဲ့သည်။

•    ပြည်သူများထံမှ အတင်းအဓမ္မ ငွေညှစ်နေသည့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ယာဉ်ထိန်းရဲလိုင်းခန်း ကို ဇွန် ၁၀ ရက်၊ ညနေ ၄ နာရီခန့်က ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force –NMD မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ယနေ့ ဇွန် ၁၁ ရက်၊ နံနက် ၃ နာရီခန့်ကစတင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း Earthquake People’s Defence Force (ပခုက္ကူပကဖ) ထံမှ သိရသည်။

•    မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက်၊ မြို့ရှောင်လမ်း နှင့် သီတာလမ်းထောင့်ရှိ မြို့အဝင် စစ်တပ်စစ်ဆေးရေးဂိတ်ကို ဇွန် ၉ ရက်၊ ညနေပိုင်းက ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နေ ဒေသခံများက ပြောသည်။

•    ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့ အရှေ့ဘက် ပဲခူးရိုးမတောင်စပ် တောင်ညိုဆည်အနီးရှိ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရှေ့တန်းကင်းစခန်းကို ဇွန် ၈ ရက်၊ နံနက် ၆ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့က လက်နက် ကြီးများဖြင့် ပစ်ခတ်ကာ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ဇွန် ၈ ရက်က လာရောက်တပ်စွဲထားသည့်အတွက် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

•    ကရင်နီ(ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းကို အကြမ်းဖက် စစ်တပ်က ဇွန် ၁၀ ရက်၊ ညပိုင်းတွင် လက်နက်ကြီးဖြင့် ၃ ချက် ပစ်ခတ်ခဲ့ရာ စစ်ရှောင်တဲများ ထိခိုက်ပျက်စီးခဲ့ကြောင်း KamLatt-Kayah IDPs Assistance Network မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    မွန်ပြည်နယ်အခြေစိုက် သထုံ ပကဖ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် မိမိတို့ အခြေပြုရာ ဒေသအတွင်းရှိ KNU/KNLA ၊ PDF တပ်ဖွဲ့များဖြင့် ပူးပေါင်းစစ်ဆင်ရေးများ ဆောင်ရွက်ခြင်း၊ စကစ ဒေါက်တိုင်များအား ရှင်းလင်းခြင်း၊ မြို့ပေါ်ရဲစခန်းများအား သွားရောက်တိုက်ခိုက်ခြင်း နယ်မြေတွင်း စစ်တပ်ကင်းများကို လက်နက်ကြီး လက်နက်ငယ်များ Drone များဖြင့် သွားရောက်တိုက်ခိုက်လျက်ရှိရာ တော်လှန်ရေး အရှိန်မြှင့်ရေး
ပြည်တော်ဝင်ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ကြရန် မေတ္တာရပ်ခံလိုက်ကြောင်း သိရသည်။

•    စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသော ကရင်နီပြည်နယ်တွင် အမေရိကန် Starlink အင်တာနက် စတင်အသုံးပြုနေပြီ ဖြစ်ကြောင်း မြန်မာစစ်ဘေးရှောင် ပြည်သူများကို ကူညီကယ်ဆယ်ပေးနေသော Free Burma Ranger (FBR) အဖွဲ့ တည်ထောင်သူ David Eubank က ၎င်း၏ တွစ်တာ လူမှုကွန်ရက်မှ တစ်ဆင့် ထုတ်ဖော် ပြောဆိုသည်။

•    မြန်မာနိုင်ငံမှ အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်များအပေါ် အရေးယူဒဏ်ခတ်မှုများ ဆက်လက် ဆောင်ရွက်နိုင်ရေး UK၊ အမေရိကန်၊ ကနေဒါ နှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်း၍ လက်တွဲ လုပ်ဆောင်လျက် ရှိကြောင်း ယူကေအစိုးရ၊ နိုင်ငံခြားရေး၊ ဓနသဟာယ နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး Mr.Tariq Mahmood Ahmad က ပြောဆိုခဲ့ကြောင်း သိရသည်။

•    မြန်မာစစ်အုပ်စု၏ စစ်ရာဇဝတ်မှုများ နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီနေမှု သံသယဖြင့် အစ္စရေး စစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ CAA Industries ၏ လုပ်ငန်းများ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အရာရှိကြီးများအပေါ် ရာဇဝတ်ကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစ်ရပ်လုပ်ဆောင်ပေးရန် တိုင်ကြားလွှာတစ်စောင်ကို အစ္စရေး ရှေ့နေချုပ်ထံ တင်
သွင်းလိုက်ပြီ ဖြစ်သည်ဟု Justice For Myanmar က သတင်းထုတ်ပြန်ထားသည်။

•    တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့များ နှင့် ဒေါက်တာ မီမီဝင်းဘက်တို့ ယနေ့ ဇွန် ၁၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

•    ကရင်ပြည်နယ် KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်တွင် ဇွန် ၄ ရက်မှ ၆ ရက်အတွင်း တိုက်ပွဲပေါင်း ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ ၅ မူတြော်သတင်းစဉ်က ယနေ့ ထုတ်ပြန်ထားသည်။

•    မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ် နှင့် အမှတ် ၈ လမ်းမကြီးတွင် စစ်ကောင်စီ နှင့် ပတ်သက်သည့် အရာမှန်သမျှ တင်ဆောင်ခြင်း မပြုလုပ်ရန် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၆ ၊ တပ်ရင်း ၂၇ က အမိန့်ထုတ်ပြန်ခဲ့သည်။

•    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (ဝင်းရေးမြို့နယ်) ရှိ နှစ်ကရင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဇွန် ၈ ရက်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

•    ကရင်ပြည်နယ်၊ လယ်ဒိုမြို့နယ် နှင့် မူးမြို့နယ်တွင် စစ်တပ်က အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး ပြည်သူ ၁ ဦးကို ပစ်သတ်ကာ စစ်တပ်ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

•    ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာများသို့ ဇွန် ၁၀ ရက်၊ ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ သံဃာတစ်ပါး နှင့် ကလေးငယ် နှစ်ဦး သေဆုံးကာ နေအိမ်ပျက်စီးမှုမျညး ရှိခဲ့သည်ဟု KNU တပ်မဟာ ၃ KNLA သတင်းရင်းမြစ်ထံက သိရသည်။

•    ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ ခလရ ၂၆၈ မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို ဇွန်လ ၆ ရက်က ဖမ်းဆီးထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ချင်းအမျိုးသား အဖွဲ့ချုပ် (CNO) ထံမှ သိရသည်။

•    ရှမ်း-ကယား (ကရင်နီ) ဒေသအစပ် မိုးဗြဲမြို့၌ ယနေ့ ဇွန် ၁၁ ရက်၊ နံနက်ပိုင်းက စပြီး စစ်ကောင်စီတပ် နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ က ပြောသည်။

စစ်ကောင်စီ

•    စားသုံးကုန်များကို ထိုက်သင့်သည့် ဈေးနှုန်းထက်ပိုမိုပြီး ဈေးတင်ရောင်းချနေမှုများကို တာဝန်ရှိသူများက စိစစ်ရန် လိုအပ်ကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန် ၁၀ ရက်က သီလဝါဘက်စုံ စိုက်ပျိုး မွေးမြူရေး ဇုန်အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုချိန်တွင် ပြောသည်။

•    မြန်မာနိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ စစ်ဆင်ရေးဂိတ်နှင့်ရဲစခန်းများတွင် PDF များ လာရောက် တိုက်ခိုက်ပါက ကြံ့ကြံ့ခံနိုင်ရေး အခိုင်အမာ ခုခံစစ်ပြင်ဆင်ထားကြရန် စစ်ကောင်စီက ထပ်မံညွှန် ကြားထားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

•    အောင်ဘာလေအွန်လိုင်းထီကို မိုဘိုင်းငွေချေမှုဖြင့် ထိုးခဲ့ပါက ၁၀ သိန်းအောက် ထီဆုအတွက် ယင်း Pay မှ တစ်ဆင့် ထီဆုငွေပေးမည် ဖြစ်ပြီး ၁၀ သိန်းအထက် ဆုငွေကို ယခင်လုပ်ငန်းစဉ်အတိုင်း ထုတ်ပေးမည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်တွင်းအခွန်များ ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

•    မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိသဖြင့် ငွေကြေးလဲလှယ်ရေး ကုမ္ပဏီနှစ်ခု၏ Money Changer လိုင်စင်ကို သုံးလ ဆိုင်းငံ့လိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

•    ရန်ကုန်မြို့လယ်ရှိ ပြည်တွင်း အခွန်များ ဦးစီးမှူးရုံးကို ရီမုမိုင်းဖြင့် ဖောက်ခွဲခဲ့သည့် Brave Eagle အဖွဲ့ဝင် ၅ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

ဇွန် ၁၁ ရက် သုံးသပ်ချက်

•    စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အလွဲအမှားများကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်နေသည်ကို မထိန်းသိမ်း နိုင်သည့် အပြင် ဈေးတင်ရောင်းချမှုများကို စိစစ်ရန် စစ်ခေါင်းဆောင်၏ ပြောဆိုချက်သည် ၎င်းတို့၏ အရည်အချင်း မရှိသည်ကို ဖော်ပြနေသည်။

•    တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်း ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဆက်လက် ဝင်ရောက်နေပြီး မီးရှို့မှုများ ပြုလုပ်နေသလို ဒေသခံပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်ဖမ်း ဆီးသတ်ဖြတ်မှုများ ဆက်တိုက် ပြုလုပ်နေသည်အတွက် ဒေသခံပြည်သူများ စစ်တပ်နှင့်ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required