ကျောက်ကြီးမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်ခံရ၍ ၃ ဦးသေဆုံး၊ နေအိမ် ၅ လုံး မီးလောင်ပျက်စီး 

By YT (မဇ္ဈိမ)
11 June 2023
ကျောက်ကြီးမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်ခံရ၍ ၃ ဦးသေဆုံး၊ နေအိမ် ၅ လုံး မီးလောင်ပျက်စီး 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ သံဃာတစ်ပါးနှင့် ကလေးငယ်နှစ်ဦး သေဆုံးကာ နေအိမ်ပျက်စီးမှုများ ရှိသည်ဟု တပ်မဟာ (၃) KNLA သတင်းအရင်းအမြစ်ထံက သိရသည်။ 

"ဆရာတော်တစ်ပါးနဲ့ ကလေးနှစ်ယောက် ပါတယ်လို့တော့ လောလောဆယ်သိထားရတယ် ဝါးပင်စုနဲ့ တောကြောင်ပေါက်က။ ဘယ်သူဘယ်ဝါမှန်းတော့ သေချာမသိရသေးဘူး။ ဒဏ်ရာရထားတဲ့သူတွေလည်းရှိတယ်။  အစတွေစင်တာ။ အခုတော့ ထွက်ပြေးနေကြပြီ ဆိုင်ကယ်တွေနဲ့ရော သုံးဘီးတွေနဲ့ပါ" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

ယမန်နေ့ ဇွန်လ ၁၀ ရက်  ညနေပိုင်းတွင် ဝါးပင်စုကျေးရွာအနီး၌ တပ်မဟာ (၃) KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်  နတ်သံကွင်းမြို့ အပြင်ဘက်ရှိ စစ်ကောင်စီဂိတ်နှင့်  ကျောက်ကြီးမြို့နယ် အခြေစိုက် ခလရ-၆၀ တို့မှ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည်ကျရာ ကျေးရွာများမှ ဒေသခံများအနေဖြင့် နီးစပ်ရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။ 

"မနေ့က (ဇွန်လ ၁၀ ရက်)ညနေက ဝါးပင်စုကျေးရွာ အနီးမှာ ထိတွေ့ တိုက်ပွဲတစ်ကြိမ် ဖြစ်ခဲ့ပါတယ်။ မနေ့ညနေကနေ ဒီနေ့ (ဇွန်လ ၁၁ ရက်) မနက်အထိ ပစ်ခတ်နေတုန်းပါ" ဟု တပ်မဟာ (၃) KNLA သတင်းအရင်းအမြစ်က မဇ္ဈိမကိုပြောသည်။ 

ကျောက်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေအတွင်းရှိပြီး ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့က ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းငါးခုအား တပ်မဟာ (၃) KNLA ပါဝင်သော တော်လှန်ရေးအင်အားစုများက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်တွင် ၄၀ ဦးခန့် သေဆုံးခဲ့ကာ စစ်ကောင်စီတပ်၏ အင်အားဖြည့်တင်းရေး၊ ရိက္ခာ၊ လက်နက် ပို့ဆောင်ရေးတို့အတွက် အသုံးပြုနေသော စစ်တောင်းတံတား (နတ်သံကွင်း) အပါအဝင် တံတားသုံးစင်းအား တပ်မဟာ (၃) တော်လှန်ရေးအင်အားစုများက ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထိုပစ်ခတ်မှုများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် အသက်ငါးနှစ်အရွယ် ကလေးနှစ်ဦးနှင့် အမျိုးသမီးသုံးဦး၊ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။          ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required