ယခုနှစ်အတွင်း နိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးရာ နေရာများကို အာဏာသိမ်းစစ်တပ်က အကြိမ်ပေါင်း ၁၃၉ ကြိမ် တိုက်ခိုက်ခဲ့

ယခုနှစ်အတွင်း နိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးရာ နေရာများကို အာဏာသိမ်းစစ်တပ်က အကြိမ်ပေါင်း ၁၃၉ ကြိမ် တိုက်ခိုက်ခဲ့

ယခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် မေလ ၁၆ ရက်အကြား အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံ၌ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အပေါ် တိုက်ခိုက်မှု ၁၃၉ ခုအထိ လုပ်ဆောင်ခဲ့ကြောင်း ဆွစ်ဇာလန် အခြေစိုက် အကျိုးအမြတ် မရည်ရွယ်သည့်အဖွဲ့ ‘Insecurity Insight’ က ထုတ်ပြန်သော ‘ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုများ’ ဆိုသည့် အစီရင်ခံစာတစ်ရပ်အရ သိရသည်။

ဖြစ်စဉ်များကို မြန်မာနှင့် နိုင်ငံတကာ မီဒီယာသတင်းဖော်ပြချက်များမှ မှတ်တမ်းယူထားခဲ့ခြင်း ဖြစ်သည်။

ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် စစ်တပ်၏ လေကြောင်းနှင့် မြေပြင် တိုက်ခိုက်မှုများကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်သည့် အဆောက်အအုံ၊ နေရာများ ပျက်စီးခဲ့သည်။

စစ်တပ်၏ တိုက်ခိုက်မှုတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်အတတ်ပညာရှင်များအပေါ် တိုက်ခိုက်မှုတို့ ပါဝင်သလို ရခိုင်ပြည်နယ်၌ မိုခါ ဆိုင်ကလုန်းတိုက်ပြီးနောက် ဆေးဝါးပစ္စည်း သယ်ယူပို့ဆောင်မှုနှင့် ဝယ်ယူမှုအပေါ် ကန့်သတ်ပိတ်ပင်မှုများလည်း ပါဝင်သည်။

Insecurity Insight သည် ဆွစ်ဇာလန် အခြေစိုက် အကျိုးအမြတ် မယူသော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ယင်းသည် တားဆီးကာကွယ်ရေး မူဝါဒများ ဖြစ်ပေါ်စေရေး ရည်ရွယ်လျက် ကမ္ဘာတစ်ဝန်း ပြည်သူတို့၏ အသက်ဘဝများနှင့် ကောင်းကျိုးချမ်းသာအပေါ် မလုံမခြုံဖြစ်စေခြင်းနှင့် လက်နက်ကိုင် အကြမ်းဖက်မှု၏ သက်ရောက်မှုနှင့်ပတ်သက်ပြီး ဒေတာအချက်အလက်များ စုဆောင်းကောက်ယူသည့် အဖွဲ့ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍမှ ဝန်ထမ်း ၆၀,၀၀၀ ခန့်သည် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့သည်ဟု CDM ဆေးဘက်ဆိုင်ရာ ကွန်ရက်က ခန့်မှန်းသည်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးသည့် နေရာ၊အဆောက်အအုံများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားများသည် ၎င်းတို့၏ ဝန်ဆောင်မှုများကို ပေးနေချိန်အတွင်း မတရားသဖြင့် ရိုက်နှက်၊ ဖမ်းဆီးခံရမှုများ ရှိသလို ဆေးကုသမှု ခံယူသည့် လူနာများပင်လျှင် ဖမ်းဆီးခံခဲ့ရမှုများ ရှိခဲ့သည်။ စစ်တပ်သည် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကို တိုက်ရိုက် ချိုးဖောက်လျက်ဖြင့် ဆေးရုံများကို စစ်အခြေစိုက်စခန်းများအဖြစ် သိမ်းပိုက်မှုများ ရှိခဲ့သည်။

အထူးသဖြင့် ပဋိပက္ခဒဏ်သင့် ဧရိယာများတွင် ကျန်းမာရေးစောင့်ရှောက်မှု ရယူခြင်းအပေါ် ပိတ်ပင်တားဆီးခြင်းနှင့် အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှု စနစ် ပြိုလဲခြင်းကြောင့် လူထောင်ပေါင်းများစွာတို့သည် ကျန်းမာရေး စောင့်ရှောက်မှု ပံ့ပိုးမှု အင်္ဂါရပ်များ သို့မဟုတ် အထောက်အပံ့များ မရရှိဘဲ ဖြစ်နေသည်။

လက်ရှိ အခြေအနေအရ မြန်မာသည် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းလုပ်သားတစ်ဦး ဖြစ်ရန် ကမ္ဘာ့ အန္တရာယ်အများဆုံး နေရာတစ်ခုအဖြစ် ပြောင်းလဲရောက်ရှိထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly