ဖလမ်းတွင် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို CNDF က ထိန်းသိမ်းစောင့်ရှောက်ထား

By ပါခွီး (မဇ္ဈိမ)
11 June 2023
ဖလမ်းတွင် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို CNDF က ထိန်းသိမ်းစောင့်ရှောက်ထား

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းမှထွက်ပြေးလာသည့် တပ် သားနှစ်ဦးကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)က ထိမ်းသိမ်းစောင့်ရှောက်ထားကြောင်း ချင်း အမျိုးသားအဖွဲချုပ်(CNO) က ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦးကို ဇွန်လ ၆ ရက်နေ့က CNDF စစ်ဆေးရေးဂိတ်တွင် MA1 သေနတ် တလက်၊ ကျည်ဘောက်လေးခု၊ ကျည် ၃၃၀ တောင့်နှင့် MG1 လက်ပစ်ဗုံးတလုံးတို့နှင့်အတူ ဖမ်းဆီးမိခဲ့ ခြင်းဖြစ်ကြောင်းဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သား နှစ်ဦးမှာ တပ်သား စောနောင်ထွန်း ကိုယ်ပိုင်နံပါတ် (တသ - ၁၂၈၃၂၆) နှင့် တပ်သား အောင်မျိုးကျော် (တသ - ၁၂၈၂၄၁) တို့ဖြစ်ကြောင်း သိရသည်။

ယင်းတပ်သားနှစ်ဦးသည် တပ်အတွင်း နေထိုင်ရကျပ်တည်းခြင်း၊ မိသားစုများနှင့် လွတ်လပ်စွာဆက်သွယ် ခွင့်မရခြင့်နှင့် စိတ်ဆန္ဒမပါဘဲ အတင်းအကျပ်ဝင်ရောက်စေခိုင်းခဲ့ခြင်းများကြောင့် စစ်ကောင်စီတပ်တွင် ဆက်လက် တာဝန်မထမ်းဆောင်လိုသဖြင့် ဇွန်လ ၄ ရက်နေ့တွင် ကင်းပုန်းတာဝန်ကျရာမှ ထွက်ပြေး လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထွက်ပြေးလာတဲ့အတွက် သူတို့ကိုကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်။ လိုအပ်တဲ့ ကူညီပံ့ပိုးမှုများ လည်းပေးထားပြီး သူတို့သဘောဆန္ဒအတိုင်း ဆက်လက်ကူညီဆောင်ရွက်ပေးသွားပါမယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမ ကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦး တာဝန်ထမ်းဆောင်ခဲ့သည့် တပ်တွင်စခန်းတွင် အင်အား ၅၅ ဦးရှိပြီး ၎င်းတို့နှစ်ဦးထွက်လာသဖြင့် ၅၃ ဦးကျန်ကာ ရဲသား ၂၀ဦး ရှိကြောင်း ထွက်ဆိုထားသည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ထံသို့ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်သား ၁၀ ဦးခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်

#CNDF

#ဖလမ်းမြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly