ရိုဟင်ဂျာများအား ပြန်ပို့မည့် အစမ်းစီမံကိန်းကို ဘင်္ဂလားဒေ့ရှ်က ရပ်ဆိုင်းသင့်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြော

ရိုဟင်ဂျာများအား ပြန်ပို့မည့် အစမ်းစီမံကိန်းကို ဘင်္ဂလားဒေ့ရှ်က ရပ်ဆိုင်းသင့်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြော

အသက်အိုးအိမ်နှင့် လွတ်လပ်ခွင့်အတွက် ဆိုးဆိုးဝါးဝါး ဘေးအန္တရာယ်များ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံဆီ ရိုဟင်ဂျာများအား ပြန်ပို့မည့် အစမ်းစီမံကိန်းကို ဘင်္ဂလားဒေ့ရှ်အနေဖြင့် ချက်ချင်း ရပ်တန့်သင့်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောသည်။

မြန်မာနိုင်ငံဆီ မဖြစ်မနေ ပြန်ကြရန် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက လှည့်ဖျားခြင်း၊ အကျပ်ကိုင်ခြင်းများ ရှိနေသည်ဆိုသည့် သတင်းများလည်း ကြားသိနေရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးက ပြောသည်။

“မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ အမျိုးမျိုးပဲ၊ ဒါပေမဲ့ ရိုဟင်ဂျာတွေအနေနဲ့ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ဆန္ဒအလျောက် ပြန်တာမျိုးပဲ ဖြစ်ရမယ်”ဟု အင်ဒရူးက ပြောသည်။ “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆိုတာဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံး တိုက်ခိုက်ဖို့ တပ်ဖွဲ့ဝင်တွေကို အမိန့်ပေးခဲ့သူပါ၊ အဲဒီလို လူက အရပ်သား ပြည်သူတွေကို တိုက်ခိုက်နေတဲ့ လူမဆန်တဲ့ စစ်ကောင်စီကို အခုလက်ရှိမှာ ဦးဆောင်နေတာပါ၊ ရိုဟင်ဂျာတွေကိုလည်း နိုင်ငံသားဖြစ်ခွင့်နဲ့ အခြား အခြေခံ အခွင့်အလမ်းတွေ ငြင်းပယ်ထားတာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

အတိအကျ မဖော်ပြသော နေ့ရက်၌ ရိုဟင်ဂျာ ၁,၁၄၀ ပါ ကနဦး အုပ်စုက မြန်မာနိုင်ငံဆီ ပြန်ကြမည်ဖြစ်ပြီး နှစ်မကုန်ခင်၌ ၆,၀၀၀ အထိ နေရပ်ပြန်ကြမည်ဟု ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ လုပ်ဆောင်ချက်များအားဖြင့် ထိုသို့ ပထမဆုံး နေရပ်ပြန်ကြမည်မှာ ဖြစ်အံ့ဆဲဆဲ အခြေအနေတွင် ရှိနေသည်ဟု မှတ်ယူရသည်။

အစိုးရ၏ အစီအစဉ်ကို မနာခံသော သူများအား ဖမ်းဆီးမည်၊ မှတ်တမ်းမှတ်ရာများ သိမ်းဆည်းမည်၊ အခြား တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ခြိမ်းခြောက်ကြကြောင်း သတင်းများ ထွက်ပေါ်သည်။

“ဒုက္ခသည်တွေကို မြန်မာဆီ ပြန်မယ်ဆိုရင် ပိုက်ဆံ တော်တော်များများ ပေးမယ်ဆိုပြီး ဖျားယောင်းတာတွေလည်း ရှိတယ်၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ တစ်နေ့ လူတစ်ဦးအတွက် ဒေါ်လာ ၂၇ ဒေါ်လာအထိ စားနပ်ရိက္ခာ ခွဲတမ်း လျှော့ချထားချိန်မှာ ဒီလို ပိုက်ဆံနဲ့ ဖျားယောင်းတာကတော့ မဖြစ်နိုင်ဘူး၊ နေရပ်ပြန်မယ့် မိသားစုတွေအတွက် ပေးမယ်ဆိုတဲ့ ပိုက်ဆံက ဘယ်ကနေ ရမှာလဲ”ဟု အင်ဒရူးက ပြောာသည်။

အစမ်းစီမံကိန်းအရ ရိုဟင်ဂျာ ဒုက္ခသည်များသည် ၂၀၁၇ ခုနှစ်အတွင်း လူမျိုးတုံး တိုက်ခိုက်မှု ကျူးလွန်ချိန်က တော်တော်များများ မီးရှို့ခံရသည့် ၎င်းတို့၏ ကျေးရွာများသို့ ပြန်ခွင့် ရှိမည် မဟုတ်ပေ။ ဒုက္ခသည်များအနေဖြင့် မောင်တောမြို့နယ်ရှိ “လက်ခံရေး” နှင့် “လွှဲပြောင်းရေး” စင်တာများကို ဖြတ်ပြီးနောက် သတ်မှတ်ထားသည့် အသစ်တည်ဆောက်ထားသော ကျေးရွာ ၁၅ ရွာသို့ ပို့ဆောင်ခံရမည် ဖြစ်ကာ ယင်းနေရာတွင်လည်း လွတ်လပ်စွာ သွားလာခွင့်ကို ခွင့်ပြုမည် မဟုတ်ပေ။

(မိုးသဲ ဘာသာပြန်သည်။)

https://www.mizzima.com/article/bangladesh-must-suspend-pilot-project-re...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required