ဆရာတော်ကို ကားဖြင့်တိုက်ပြီး အလောင်းစွန့်ပစ်ခဲ့သည့် ကား‌မောင်းသူကိုဖမ်းမိ၊  ဘုန်းကြီးကျောင်းပိုင် ကားမောင်းသူဖြစ်နေ

By 007 (မဇ္ဈိမ)
10 June 2023
ဆရာတော်ကို ကားဖြင့်တိုက်ပြီး အလောင်းစွန့်ပစ်ခဲ့သည့် ကား‌မောင်းသူကိုဖမ်းမိ၊  ဘုန်းကြီးကျောင်းပိုင် ကားမောင်းသူဖြစ်နေ
ဓာတ်ပုံ- ဖမ်းမိထားသော ကားဒရိုင်ဘာနှင့် ပျံလွန်တော်မူသွားသော ဆရာတော် ရုပ်ကလပ်ကို တွေ့ရစဉ်

ဆရာတော်တစ်ပါးကို ကားဖြင့်ဝင်တိုက်မိရာမှ ပျံလွန်တော်မူ သွားသဖြင့် ရုပ်အလောင်းအား လမ်းဘေးစွန့်ပစ်ခဲ့သည့် ကားသမားကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ၏ မန္တလေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်

အဆိုပါ ကားသမားကို ဇွန်လ ၈ ရက်နေ့က ဘုန်းကြီးကျောင်းတိုက်တစ်ခုအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“တိုက်သွားတဲ့ကားက မျိုးချစ်ကျောင်းတိုက်ကကား၊ ကျောင်းတိုက်ပိုင်ကားပေါ့။ ကားသမားက အဲဒီကျောင်းမှာနေပြီး ဘုန်းကြီးကားမောင်းပေးရတဲ့ လူငယ်လေး တစ်ယောက်ပါ
 ပျံလွန်တော်မူသွားတဲ့ဘုန်းကြီးမိသားစုက တည်နေရာပြောပြလို့ သွားဖမ်းပြီး အခုအမှုဖွင့် စစ်ဆေးနေတယ်” ဟု မန္တလေးရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

ကားတိုက်ခံရပြီး ပျံလွန်တော်မူသွားသော ဆရာတော်သည် အောင်မြေ သာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ ရွှေတောင်ကြားကျောင်းတိုက်မှဖြစ်ကြောင်း သိရသည်။

ဆရာတော်အား ဝင်တိုက်သွားသော ကားနှင့် ဒရိုင်ဘာသည် ၎င်းဘုန်းကြီး သီတင်းသုံး နေထိုင်ရာ ရွှေတောင်ကြားကျောင်းတိုက်အနီးရှိ မျိုးချစ်ကျောင်း တိုက်တွင် ယာဉ်မောင်းနေသော အသက် ၂၄ နှစ်အရွယ် ကိုနေမျိုးသူ ဖြစ်သည်။ 

“ကားတိုက်မှုဖြစ်တဲ့နေ့က အင်တာနက်ပေါ် ကားနံပါတ်တင်ပြီးစုံစမ်းတာကနေ အဲဒီကျောင်းကဆိုတာ သိသွားတယ်။ ဈာပနကိစ္စရှိနေတော့ ဈာပနကိစ္စပြီးတဲ့ နေ့ကျမှပဲ ဘုန်းကြီးရဲ့မိသားစုက ရဲစခန်း(ယာဉ်ထိန်းရဲ)အကြောင်းကြားခဲ့တာ၊ အခု ၃၀၄(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်” ဟု ဘုန်းကြီး၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကားသမားကိုနေမျိုးသူကို အောင်မြေသာစံမြို့နယ် အမှတ်(၂) နယ်မြေရဲစခန်းတွင် ပေါ့လျော့ခြင်းဖြင့်သေစေမှုဖြစ်သော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄(က) ဖြင့်အမှုဖွင့်ထားကြောင်း မန္တလေးရဲတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

ကားတိုက်မှုဖြစ်ပွားစဉ်အတွင်း ကားပေါ်အတူပါလာသူ  သုံးဦးကိုလည်း စစ်ဆေးနေကြောင်း ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

မန္တလေးမြို့တွင် ဇွန်လ ၆ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်က၊ မန္တလေးတောင်ခြေအနောက်ဘက်၊ ရွှေမန်းတောင်ဂေါက်ကွင်းအနီးတွင် သက်တော် (၉၃) နှစ်၊ ဝါတော် ၂၁ ဝါရှိ ဆရာတော် ဘဒ္ဒန္တဦးသြဘာသ ကားတိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ဆရာတော်သည် ၎င်းသီတင်းသုံးနေထိုင်ရာ ရွှေတောင်ကြားကျောင်းတိုက်မှ ဒုလ္လဘရဟန်းတစ်ပါးနှင့်အတူ  အရုဏ်ဆွမ်းအတွက် ထွက်လာစဉ် ကားသမားအပါအဝင် လူ လေးဦးလိုက်ပါလာသော အဖြူရောင် Light Truck ကား (ယာဉ်နံပါတ် MDY 8B-4277) က ဆရာတော်အားဝင်တိုက်မိခဲ့သည်။

ထို့နောက် ဆေးခန်းပို့ပေးမည်ဟုဆိုကာ ကားပေါ်တင်ဆောင်သွားပြီးနောက် အလောင်းအား အခင်းဖြစ်နေရာအနီးရှိ သစ်ပင်တစ်ပင်အောက်တွင် သွားရောက် စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။

ပျံလွန်တော်မူသွားသည့် ဘုန်းကြီး၏ ဈာပနကိုအခမ်းအနားကို ကျန်ရစ်သူမိသားစုမျာားက အေးရိမ်ငြိမ်သုဿန်တွင် ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း။  ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly