ညောင်ပင်ကြီးကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင် လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ ဟု BPDF ထုတ်ပြန်

By MTO  (မဇ္ဈိမ)
10 June 2023
ညောင်ပင်ကြီးကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင် လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ ဟု BPDF ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးရဲစခန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း Buffalo People Defense Force ( BPDF) က ယနေ့  ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်သည်။

ညောင်ပင်ကြီး ရဲစခန်းကို ဇွန်လ ၉ ရက် ညနေပိုင်းတွင် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲတွင် G-3  လေးလက်၊ MA-1 တစ်လက်၊  79 တစ်လက် အပါအ၀င် လက်နက်ခဲယမ်း အ‌ေမြာက်အမြား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စခန်းသိမ်းတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို အသေအချာပြုလုပ်ခဲ့ပြီးနောက် Buffalo People Defense Force ( BPDF) နှင့် စစ်ကိုင်းပူးပေါင်းတပ် (ULF ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း BPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စခန်းသိမ်းပိုက်ဖို့အတွက် အချိန် နှစ်လကျော်လောက် ပူးပေါင်းတပ်တွေနဲ့  ကြိုတင်ပြင်ဆင်ခဲ့ရပါတယ်။ စခန်းတစ်ခုလုံး ကိုယ့်လက်အောက်ရောက်နေပြီးမှ ဝေဟင်ပစ်ကူလာတာကြောင့် စခန်းကို မီးရှို့ပြီးပြန်ဆုတ်ခဲ့ပါတယ်။  စကစ(စစ်ကောင်စီတပ်ဖွဲ့)ဘက်ကတော့ ၁၀ ယောက်ကျပါတယ်။  ဒီထက်လည်း ပိုကျဆုံးနိုင်ပါ သေးတယ် ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ဝေဟင်မှပစ်ခတ်မှုကြောင့် BODF အဖွဲ့ မှ ရဲဘော်ဒိုလာ ကျဆုံးခဲ့ပြီး စစ်ကိုင်း ပူးပေါင်းတပ်ဖွဲ့ ULF မှ ရဲဘော်တစ်ဦး ပေါင်ပြတ်ဒဏ်ရာ ရရှိကာ ရဲဘော်  လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း BPDF  ၏ တာဝန်ရှိသူက ဆိုသည်။

“စခန်းအတွင်းမှာက ရဲနဲ့ စစ်သားပဲရှိတယ် အရှင်ဖမ်းမိပေမယ့် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

ညောင်ပင်ကြီးစခန်း တိုက်ခိုက်ခံရပြီးနောက် အထိနားသွားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ပင်ကြီးရွာအနီးနေရာများကို ယမန်နေ့ ညပိုင်းမှစ၍ ယနေ့ နေ့လယ်ပိုင်းအချိန်ထိ မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required