ဒေသတွင်း တရုတ်၏ ငါတကော ကောမှု မြင့်တက်၍ တင်းမာမှုများ ကြီးထွားနေစဉ် အရှေ့တောင်အာရှနိုင်ငံများက တောင်တရုတ်ပင်လယ်အတွင်း ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ရန် သဘောတူကြကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောသည်။
“မြောက်ပိုင်း နာတူနာပင်လယ်မှာ ကျွန်တော်တို့တွေ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်”ဟု ဘာလီတွင် အရှေ့တောင်အာရှ ကာကွယ်ရေးအကြီးအကဲများနှင့် တွေ့ဆုံပြီးနောက်တွင် အင်ဒိုနီးရှား ကာကွယ်ရေးဦးစီးချုပ် ယူဒို မာဂိုနိုက ပြောကြောင်း နိုင်ငံပိုင် Antara သတင်းက ဖော်ပြသည်။
အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံနှင့် စောင့်ကြည့်သူ အရှေ့တီမောနိုင်ငံတို့ ပါဝင်ပြီး စက်တင်ဘာလအတွင်း ပြုလုပ်သွားမည်ဟု ၎င်းက ပြောသည်။
ယခု စစ်ရေးလေ့ကျင့်မှု၌ အရပ်သား ခေါင်းဆောင်ကို ဖြုတ်ချပြီး သဘောထား ကွဲလွဲသူများကို အသေအဆုံး များစွာ ဖြိုခွင်းမှုများ ကျူးလွန်၍ အမေရိကန်နှင့် ဥရောပတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသော မြန်မာစစ်တပ်လည်း ပါဝင်မည် ဖြစ်သည်။
စစ်ရေးလေ့ကျင့်မှုက ရေပြင်လုံခြုံရေးနှင့် ကယ်ဆယ်ရေးကို ဦးတည်ချက် ထားမည် ဖြစ်ပြီး တိုက်ခိုက်ရေး စစ်ဆင်ရေးများ ပါဝင်မည် မဟုတ်ဟု မာဂိုနိုက ပြောသည်။
“ဒါဟာ အာဆီယံရဲ့ ဗဟိုကျခြင်း အကြောင်းပါပဲ”ဟု ၎င်းက ဆိုသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယခင်က အမေရိကန်နှင့်အတူ ရေတပ်စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ဖူးသော်လည်း အဖွဲ့ချည်းသက်သက် စစ်ရေးလေ့ကျင့်မှုကို မပြုလုပ်ဘူးသေးပေ။
ဖိလစ်ပိုင်ရေယာဉ်တစ်စင်းနှင့် တိုက်မိလုနီးပါး ဖြစ်ခြင်းနှင့် တရုတ် တိုက်လေယာဉ်မောင်းတစ်ဦးက အမေရိကန်ထောက်လှမ်းရေးလေယာဉ်အနီး အန္တရာယ်ရှိလောက်အောင် နီးကပ်ပျံသန်းခြင်းတို့နောက် အငြင်းပွားရေပြင်၌ “ရန်လိုသည့်” အပြုအမူများကို ရပ်တန့်ရန် တရုတ်အား အမေရိကန်က တိုက်တွန်းထားသည့်နောက် ယခု အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှု ကြေညာချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။
စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည့် အင်ဒိုနီးရှားက ၎င်းပိုင်အဖြစ် သတ်မှတ်ထားသော မြောက်ပိုင်း နာတူနာရေပြင်ဆီ တရုတ်ရေယာဉ်များ မကြာခဏ ကျူးကျော်ဝင်ရောက်ခြင်းကြောင့် အင်ဒိုနီးရှားတွင် ကန့်ကွက်ဆန့်ကျင်မှုများ ဖြစ်ပွားသည်။
အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့အပါအဝင် အရှေ့တောင်အာရှနိုင်ငံများက ပိုင်နက် အတည်ပြုထားလင့်ကစား တရုတ်သည် တောင်တရုတ်ပင်လယ်၏ နေရာတော်တော်များများကို ၎င်းပိုင်အဖြစ် ပြောဆိုထားသည်။
(မိုးသဲ ဘာသာပြန်သည်။)
https://www.mizzima.com/article/myanmar-military-join-first-joint-milita...