မြင်းခြံထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၈၀ ကျော် ရိုက်နှက် တိုက်ပိတ်ခံထားရ

By 001 (မဇ္စျိမ)
09 June 2023
မြင်းခြံထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၈၀ ကျော် ရိုက်နှက် တိုက်ပိတ်ခံထားရ

မန္တလေးတိုင်း၊ မြင်းခြံမြို့၊  မြင်းခြံအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်မှာ ရိုက်နှက် တိုက်ပိတ်ခံထားရပြီး ဆေးကုသခွင့်နှင့် ထောင်ဝင်စာပို့ခွင့် ပိတ်ပင်ခံထားရကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံမှ သိရသည်။

ပြီးခဲ့သည့် မေလ တတိယပတ်ကစပြီး စစ်ကောင်စီက မြင်းခြံထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁၁ ဦးကို မြင်းခြံမြို့ ခမရ (၁၅) စစ်ကြောရေးသို့ ခေါ်ဆောင်သွားပြီး မေလ ၂၉ ရက်နေ့တွင် အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်ကပြောသည်။

“ထောင်ကို ပြန်ပို့တဲ့အခါမှာ ခေါ်သွားခံရတဲ့ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပြတ်ရှဒဏ်ရာတွေ ဓားနဲ့ မွှန်းထားတဲ့ဒဏ်ရာတွေ ပါလာတယ်။ ပြီးရင် သွားတွေကျွတ်ထွက်နေတာမျိုးတွေပါလာတယ်။ အကုန်လုံး ရိုက်နှက်ခံထားရတယ်။ သူတို့ကိုလည်း အရင်တုန်းကတော့ အဆောင်မှာနေတဲ့သူတွေပေါ့လေ။ အခုလက်ရှိမှာတော့ တိုက်ထဲမှာထည့်ပြီး ပိတ်ထားတယ်”ဟု ကိုရှင်းသန့်က ပြောသည်။

အဆိုပါ နိုင်ငံ​ရေးအကျဥ်းသားများကို ပြင်ပရှိ PDF များနှင့်အဆက်အသွယ်လုပ်သည်ဆို​သော အ​ကြောင်းပြချက်ဖြင့်  စစ်​ကောင်စီတပ်နှင့် ရဲက ​ခေါ်ထုတ်ခြင်းဖြစ်​ကြောင်း နိုင်ငံ​ရေးအကျဥ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြီးခဲ့သည့် ​မေလ ၂၃ ရက်​နေ့က မဇ္စျိမကို ​ဖြေဆိုခဲ့သည်။

​မြင်းခြံ​ထောင်ရှိ ကျန်သည့် နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ကိုမူ စစ်ကောင်စီတပ်က အကြောင်းပြချက်မရှိ ထောင်ပိုင်ရုံးခန်းသို့ ခေါ်ထုတ်ကာ လက်ထိပ်နောက်ပြန်ခတ်ပြီး မျက်နှာကို အဝတ်စည်းကာ ရိုက်နှက်ခြင်း၊ အချို့ကို ရေနှင့် ပက်ပြီး ကျင်စက်ဖြင့်တို့ကာ ရိုက်နှက်စစ်​ဆေးခြင်းတို့အထိ ပြုလုပ်ပြီးနောက် တိုက်ပိတ်ထားကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဆိုသည်။

စစ်ကောင်စီတပ်က နိုင်ငံရေးအကျဉ်းသားများကို အ​ကြောင်းမရှိ အ​ကြောင်းရှာပြီး ရိုက်နှက်တိုက်ပိတ်မှုကို လက်ရှိအချိန်အထိ ဆက်လက်ပြုလုပ်နေပြီး ရိုက်နှက်နှိပ်စက်ခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၀၀ နီးပါးရှိနိုင်ကြောင်း ကိုရှင်းသန့်က ခန့်မှန်းသည်။

စစ်​ကောင်စီကမူ မြင်းခြံ​ထောင်ကိစ္စနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိ​သေး​ပေ။

“အထဲထဲမှာ ရင်ဆိုင်နေရတဲ့ ရဲဘော်တွေ အခက်အခဲတွေ ဒုက္ခတွေ ညှဥ်းပန်းနှိပ်စက်ခံရမှုတွေကို ကျော်လွှားနိုင်အောင် အားတင်းထားနိုင်ဖို့ အပြင်လောကမှာ ရှိနေတဲ့ ပြည်သူတွေအားလုံးက ညီညီညွတ်ညွတ်နဲ့ အကျဉ်းထောင်ထဲမှာရှိနေတဲ့ ရဲဘော်တွေအတွက် သတင်းတွေထုတ်ပြန်တာကို စောင့်ကြည့်တာမျိုးတွေ၊ အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ မိသားစုတွေ အကျဉ်းထောင်ဝန်ထမ်းတွေကို ဝိုင်းပြီးတော့ ကြဉ်တာမျိုးတွေ၊ အဲ့တာမျိုးတွေကို လုပ်ဆောင်ဖို့လိုတယ်” ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောသည်။

မြင်းခြံထောင်ကိစ္စနှင့် ပတ်သက်ပြီး ရဲဘော်များ၏ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်းနှင့် ထောင်တွင်းရဲဘော်များနှင့်အတူ ရပ်တည်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)နှင့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)တို့က ထုတ်ပြန်ထားကြသည်။

ထို့ပြင် ခမရ (၁၅)တပ်တွင် ရိုက်နှက်စစ်​မေးခံရသည့် နိုင်ငံ​ရေးအကျဥ်းသားများအနက် ကိုစိုးရာဇာထွန်းလွင်မှာ ခန္ဓာကိုယ်အနှံ့ ဓားမွှန်းဒဏ်ရာများရရှိထားသည့်အပြင် သွားများကျွတ်ထွက်သည်အထိ နှိပ်စက်ခံထားရ​သော​ကြောင့် ၎င်း၏ အသက်အန္တရာယ်အား စိုးရိမ်​နေရ​ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး) ဇွန်လ ၇ရက်​နေ့တွင် ထုတ်ပြန်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required