YBS ပေါ်တွင် ခါးပိုက်နှိုက်ဖမ်းဆီးပေးသောအဖွဲ့  ပြန်လည်ပေါ်ပေါက်

By ဂန္ဒမာ (မဇ္ဈိမ)
09 June 2023
YBS ပေါ်တွင် ခါးပိုက်နှိုက်ဖမ်းဆီးပေးသောအဖွဲ့  ပြန်လည်ပေါ်ပေါက်

ကိုယ်ခံပညာတတ်မြောက်ထားသူများဖြင့်သာ ဖွဲ့စည်းထားသည့် YBS ပေါ်တွင် ခါးပိုက်နှိုက်ဖမ်းဆီးပေးသောအဖွဲ့မှာ ယခုရက်ပိုင်းမှစတင်၍ ပြန်လည်ပေါ်ပေါက်လာပြီဖြစ်ကြောင်း အဖွဲ့၏ တာဝန်ရှိသူများထံကတစ်ဆင့် သိရသည်။

"အရင်ကခိုးဆိုးလုနှိုက်တွေ တစ်ခါပေါတုန်းကလည်း ခုလို ကူညီပေးခဲ့ပါတယ်ဗျ။ နောက်ပိုင်း ကျွန်တော်တို့လိုအဖွဲ့တွေ ထပ်ပေါ်လာပြီး ခိုးဆိုးလုနှိုက်လည်းငြိမ်သွားတော့ ကျွန်တော်တို့ နားလိုက်တာပါ။ ခုက ပြန်ထလာတော့ ကျွန်တော်တို့လည်းပြန်ရောက်လာတာပါဗျ။" ဟု Yangon Guards Of YBS(YGY)အဖွဲ့မှ တာဝန်ခံ စနိတ်က မဇ္ဈိမကိုပြောသည်။

Yangon Guards Of YBS(YGY) အဖွဲ့သည် ပြည်သူမှပြည်သူသို့ ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။ အဖွဲ့ဝင်အင်အားမည်မျှရှိသည်ကို ထုတ်ဖော်ပြောကြား၍ မရသေးသော်လည်း အဖွဲ့၏ ရည်ရွယ်ချက်မှာ YBS ယာဉ်လိုင်းများပေါ်တွင် အားနည်းသူများနှင့် မတရားမှုများကိုတွေ့ရှိရပါက တတ်နိုင်သလောက် ကာကွယ်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောသည်။

စစ်ကောင်စီတပ်မှ အာဏာသိမ်းယူထားသည့်ယခုလို ကာလမျိုးတွင် YGY ဟူ၍ အဖွဲ့စုဖွဲ့၍ ခိုးဆိုးလုနှိုက်ဖမ်းဆီးရေးလုပ်ဆောင်ရမှုအပေါ် Yangon Guards Of YBS၏ Founder ကိုလင်းယုန်က အခုလိုပြောသည်။

"ဒီအဖွဲ့အစည်းက ဘယ်သူ့လက်အောက် ဘယ်နိုင်ငံရေးပရောဂမှမပါဘဲ ပြည်သူမှပြည်သူ ဖွဲ့ထားတာပေါ့နော်။ ထိပ်တိုက်ရင်ဆိုင်ရရင်လည်း အတတ်နိုင်ဆုံး ရှောင်ရှားရမှာပေါ့။ အဓိကက ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ပါပဲ" ဟူ၍ ဖြစ်သည်။

YBS ယာဉ်လိုင်းများပေါ်တွင် ခိုးဆိုးလုနိုက်များနှင့် မသမာမှုများကိုတွေ့ကြုံရပါက Yangon Guards Of YBS ဖေစ့်ဘွတ်ပေခ်ျ့သို့ အချိန်နှင့် အခြေအနေ၊ ပုံပန်းသဏ္ဌာန်များကိုပြောကြားကာ လာရောက်တိုင်ကြားနိုင်ပြီး YGY အနေဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲကာ ယာဉ်လိုင်းအချို့ကို အပတ်စဉ် ကွင်းဆင်း ကြီးကြပ်ပေးနေကြောင်း သိရသည်။

YGY အနေဖြင့် ကွင်းဆင်းနေချိန် မသမာမှုကို တွေ့ရှိရပါက ၎င်းတို့၏နည်းလမ်းဖြင့် အရေးယူမည်ဖြစ်ပြီး သူခိုး၊ ခါးပိုက်နှိုက်မိပါက သူနှင့်ထိုက်တန်သည့်အပြစ်ပေးကာ ရဲလက်အပ်မည်ဖြစ်ကြောင်း ပြောသည်။

Yangon Guards Of YBS အဖွဲ့ အဖွဲ့စည်းထားခြင်းမှာ အချိန် တစ်နှစ်ကြာရှိပြီဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ တာ၀န်သုံးချိန်ခွဲပြီးလှုပ်ရှားတယ်ပေါ့ဗျ။ အထူးသဖြင့် ညနေပိုင်းရုံးဆင်းချိန်မှာ အများဆုံးတွေ့ရတတ်တယ်ဗျ။ ခါးပိုက်နှိုက်ကတော့ ကျွန်တော်တို့ နှစ်ယောက်လောက်ဖမ်းမိဘူးတယ်ဗျ။ ကားပေါ်ကအဆင်းမှာဖမ်းတာမျိုးပေါ့၊ အဲ့တုန်းကတော့ မိတာကို အဲ့ရပ်ကွက်က လူကြီးတွေဆီပဲ အပ်ခဲ့ပါတယ်ဗျ။ ပြီးတော့ ကားပေါ်မှာဖမ်းမိတာမဟုတ်ဘဲ လမ်းသွားရင်းဖမ်းမိတာမျိုးလည်းရှိတယ်။" ဟူ၍ အဖွဲ့၏ ယခင် လုပ်ဆောင်ချက်ကို တာဝန်ခံ စနိတ်က ပြန်ပြောသည်။

ယခုတွင်လည်း YBS ပေါ်တွင် ခိုးဆိုးလုနှိုက်များ တစ်ဖန်သောင်းကျန်းလာသဖြင့် အဖွဲ့အနေဖြင့် ပြန်လည်ထွက်ပေါ်လာရခြင်းဖြစ်ကာ ယခုတွင် ယာဉ်လိုင်းပေါင်းစုံ မကြည့်ရှုနိုင်သေးသော်လည်း အဖွဲ့အင်အားကောင်းလာသည်နှင့်အမျှ အကူအညီတောင်းခံမှုများကို လာရောက်ဖြေရှင်းပေးမည်ဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly