နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၈ ဇွန်  ၂၀၂၃)

By မဇ္ဈိမ 
08 June 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၈ ဇွန်  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံးက ကြိုးပမ်း ဆောင် ရွက်နေချိန်မှာ တရားမဝင်စစ်တပ်က “ဖြတ် (၄) ဖြတ်” မူဝါဒကိုအသုံးပြုပြီး လူသားချင်းစာနာမှု အကူအညီပေးရေးပစ္စည်းများကို လိုအပ်သူများဆီ၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့် နေရာများတွင် နေထိုင်သူများဆီ မရောက်ရှိရေး ကြိုးစားဆောင်ရွက်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း ကပြောကြားသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၇/၂၀၂၃)ကို ဇွန် ၈ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဇွန် ၅ ရက်မှာ အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒိုပြည်နယ်၊ ဒင်းဗားမြို့တော်မှာရှိ သည့် Project C.U.R.E. အပြည်ပြည်ဆိုင်ရာ ဌာနချုပ်ရုံးကို သွားရောက်ပြီးတာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံသို့ ဆေးနှင့် ဆေးပစ္စည်း ပေးပို့လှူဒါန်းနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီများတွေ့ဆုံပွဲ အစည်းအဝေး(၄/၂၀၂၃)ကို ဇွန် ၇ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက် နှင့် သီရိလင်္ကာလွှတ်တော်၏ အမျိုးသမီးလွှ တ်တော် ကိုယ်စားလှယ်များအဖွဲ့ (Women Parliamentarians Caucus) တို့ တွေ့ဆုံဆွေး နွေးမှုကို ဇွန် ၇ ရက် ၊ မနက် ၁၀ နာရီမှာ ဗီဒီယိုကွန်ဖရင့်နဲ့ ပြုလုပ်ခဲ့ကြသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    ပဲခူးတိုင်း၊ ၊ ကျောက်တံခါးမြို့နယ် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးနှင့် တပည့်ဖြစ်သူ ဗောဓိကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး သူရတို့ နှစ်ဦးအား ဆိုင်ကယ်စီးလာစဉ် တော်လှန်ရေးပူးပေါင်းအဖွဲ့က ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ရေကန်စုကျေးရွာကို စစ်ကောင်စီတပ်က ၀င်ရောက်စီးနင်းပြီး ပြည်သူ ငါးဦးကို နှိပ်စက်သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ခံသာတိုက်နယ်အတွင်းရှိ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦး အပါအဝင် ပြည်သူ ၉ ဦးကို စစ်တပ်က ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားခဲ့ကြောင်း Kawlin Revolution – KR ထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဘိုက်သရက်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မာလဲတောပျူရွာအနီးရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအတွင်း သိမ်းယူထားသည့် ပျူစောထီး ကား ၂ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
•    ရိုဟင်ဂျာတို့အပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည်ဆိုသည့် ပြစ်မှုများနှင့်ပတ်သက်ပြီး အာဂျင်တီးနား တရားရေး စုံစမ်းစစ်ဆေးမှုတစ်ရပ်၏ တစ်စိတ်တစ်ဒေသအဖြစ် မြန်မာ၏ ရိုဟင်ဂျာ မွတ်စလင် လူနည်းစုမှ အဖွဲ့ဝင်များသည် ဇွန်လ ၇ ရက်က ဗျူနိုစ် အေးရိစ်၌ ပထမဆုံးအကြိမ်အဖြစ် တရားရုံးတွင် လူကိုယ်တိုင် သက်သေထွက်ဆိုခဲ့သည်ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။
•    တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ တနင်္သာရီမြို့နယ် ၊ ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ညောင်ပင်ကုန်းရွာမှ ဒေသခံ အချို့သည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရာမှ ယမန်နေ့ ဇွန်လ ၇ ရက်က နေအိမ်သို့ ခေတ္တ ပြန်လာစဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံက သိရသည်။
•    ဇွန်လ ဒုတိယလပတ်အတွင်း မြန်မာတနိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေဝင်ရောက်နိုင်ပြီး ကမ်းရိုး တန်း ဒေသများဖြစ်သော ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးထားသည်။
•    စစ်ကောင်စီ လက်အောက် တရားရုံးများ၌ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် မြန်မာရှေ့နေများကို အာဏာသိမ်းစစ်တပ်အာဏာပိုင်တို့က အနှောင့် အယှက်ပေးမှုများ ရှိနေပြီး ယုတ်စွအဆုံး ထောင်ချခြင်းတို့အထိ ရှိနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့် ရေးအဖွဲ့ (HRW) က ဇွန်လ ၈ ရက်တွင် ပြောသည်။ ထိုကဲ့သို့ ခြိမ်းခြောက်မှုကြောင့် ရှေ့နေအများအပြားမှာ အမှုများ လက်ခံမှုကို ရပ်တန့်ရသည်အထိ ဖြစ်စေခဲ့ကြောင်း HRW က သတိပေးသည်။
•    အင်ဒိုနီးရှားနှင့် မလေးရှားအပါအဝင် အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများသို့ မြန်မာနိုင်ငံမှ ထွက်ပြေး လာကြသော ရိုဟင်ဂျာဒုက္ခသည်များအရေး ကိုင်တွယ်ဖြေရှင်းရေးတွင် ပူးပေါင်းဆောင် ရွက်သွားရန် အင်ဒိုနီးရှား ရေပြင်လုံခြုံရေး အေဂျင်စီ Bakimla နှင့် မလေးရှား ရေပြင် ဥပဒေစိုးမိုးရေး အေဂျင်စီ APMM တို့က သဘောတူကြသည်။
•    ကြံခင်းမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ "ဘောင်မဝင် တန်းမဝင် စကစ ငါတို့ပြည်သူ လူရာမသွင်းဘူး ကိုယ့်နေရာကိုသိ" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ ကန်ဘဲ့စည်ပင်ဝန်းထဲရှိ တိုက်ခန်းများကို အကြမ်းဖက် စစ်တပ်က စစ်ဗိုလ်များနှင့် တိုက်ပွဲများ၌ ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့သော စစ်သားများကိုပါ နေရာပေးထားကြောင်း ဒေသပြည်သူများထံမှ သိရသည်။
•    ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ဘုန်းသော်စစ် မွေးနေ့ အလှူ အဖြစ် အမဲသားဟင်းနှင့် သီးစုံပဲကုလားဟင်းကို ကျေးလက်မြေအဖွဲ့နာယက ဦးဇော်မင်းထိုက်က လှူဒါန်း ကျွေးမွေးခဲ့ကြောင်းသိရသည်။
•    မြိုင်မြို့နယ်တွင် ဗကသများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ (ပခုက္ကူဒေသ) မှ ဦးဆောင်ပြီး အလုပ်သမား အရေးတော်ပုံ အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ(၃) လက်အောက်ခံပူးပေါင်း တပ်ဖွဲ့တွေက ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ် အတွင်းက အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားတဲ့ နေရာ (၅) နေရာကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
•    ကိုးကန့်ဒေသမှာ ဇွန်လ ၂ ရက်နေ့ကစလို့ ဇွန်လ ၆ ရက်နေ့အထိ စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေကြောင်း  MNDAA ဘက်က ထုတ်ပြန်ထားသည်။
•    ချင်းပြည်နယ်၊ မတူပီ-မင်းတပ်လမ်းပိုင်းတွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပြည်သူများ အနေဖြင့် ၎င်းလမ်းပိုင်းသို့ ခရီးထွက်ခြင်းများမပြုကြသေးရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) CDF – Matupi က ဇွန်လ ၇ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ထားသည်။
•    ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်သား ၄၀ ဦးသေဆုံးခဲ့သော နတ်သံကွင်းတိုက်ပွဲများအပြီး ပြည်သူများ ကို စစ်တပ်က အတင်းအကျပ် ပြောင်းရွှေ့ခိုင်းနေပြီး စစ်ဘေးရှောင် ၅၀၀၀ နီးပါး ထွက်ပြေးနေရကြောင်း KNU က တရားဝင်သတင်းထုတ်ပြန်သည်။
•    ကရင်ပြည်နယ်၊ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၅ တပ်မဟာနယ်မြေ၌ ဇွန်လ ၁ ရက် နေ့ မှ ၃ ရက်နေ့အထိ ၃ ရက်တာ တိုက်ပွဲ အတွင်း အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း KNU မူ တြော် သတင်းစဉ် ထံမှ သိရသည်။

စစ်ကောင်စီ
•    အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့အထိ သံဃာတော် ခုနစ်ပါး သတ်ဖြတ်ခံရကာ ၁၀၆ ပါးကို စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ၈၉ ပါးအား ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူရရှိထားသည့် စာရင်းများအရ သိရသည်။
•    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင် နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့၏ အထူးအယူခံ အမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူများက မဇ္ဈိမကို ပြောသည်။
•    အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်းဖွင်ပွဲအခမ်းအနားကို ယနေ့ ဇွန် ၈ရက် မနက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ အကြမ်းဖက်မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီမီဒီယာများတွင် ဖော်ပြထားသည်။
•    ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီးအောင်သော်အား မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး အမှုဆောင်ဥက္ကဋ္ဌ Mr. David Liu နှင့် အဖွဲ့သည် ဇွန် ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ လာရောက်တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
•    ထိုင်းနိုင်ငံသို့ MoU U-Turn စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်းလုပ်ငန်းစဉ်များ စနစ်တကျဆောင် ရွက်နိုင်ရေး နှင့်စပ်လျဉ်း၍ မြန်မာ - ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ အစည်း အဝေးကျင်းပ ပြုလုပ်ပြီး ဆွေးနွေးညှိနှိုင်းသွားရန် စစ်ကောင်စီ စီစဉ်နေကြောင်း သိရသည်။
•    ယနေ့ ဇွန်လ ၈ ရက်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်မှာလုပ်သည့် ပါတီ ၁၃ နှစ်ပြည့် အခမ်းအနားတွင် ပါတီဥက္ကဌ ဖြစ်သည့်ခင်ရီက အာဏာသိမ်းစစ်တပ်လုပ်မည့်  ရွေးကောက်ပွဲ၌ ပြတ်ပြတ် သားသား အနိုင်ရအောင် လုပ်မည်ဟု ပြောသည်။
ဇွန် ၈ ရက် သုံးသပ်ချက်
•    နိုင်ငံတော်၏ ထီလုပ်ငန်းကို အွန်လိုင်း ထီစနစ်စတင်သည်ဟုဆိုကာ စစ်တပ်၏ စီးပွားရေးမိတ်ဖက် ဗီယက်နမ် Viettel Groupကိုပေးလိုက်သည်ကို ကြည့်ခြင်းဖြင့် စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်တပ်အကျိုးစီးပွား မင်းအောင်လှိုင်မိသားစုအကျိုးစီးပွားအပြင် စစ်ဗိုလ်ချုပ်များ၏ အကျိုးစီးပွား ရေးများ ကိုသာအားသွန်ခွန်စိုက် လုပ်ဆောင်နေသည်။
•    ၂၀၂၀ ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့ပါတီ မဲရှုံး၍ အာဏာလုပြီးမှ လူကြားကောင်းအောင် စစ်တပ်က တရားမဝင်ရွေးကောက်ပွဲလုပ်ရန် စီစဉ်နေချိန် ကြံ့ဖွံ့ ဥက္ကဋ္ဌ ခင်ရီ က စစ်လုပ်မည့် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်နိုင်အောင်လုပ်မည်ဟု ပြောဆိုနေခြင်းသည် လူအများအတွက် လှောင်ရီစရာတစ်ခုပင်ဖြစ်နေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly