NUG ၏ ရန်ကုန် PDF တပ်ရင်းက ကြိုတင်ပြင်ဆင်သည့် ဆောင်ရွက်ချက်ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ပြော

NUG ၏ ရန်ကုန် PDF တပ်ရင်းက ကြိုတင်ပြင်ဆင်သည့် ဆောင်ရွက်ချက်ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရန်ကုန်တိုင်းတွင် ပထမဆုံး PDF တပ်ရင်း ဖွဲ့စည်းခြင်းသည် ရန်ကုန်တွင် ချက်ချင်းလက်ငင်း စစ်ရေး လုပ်ဆောင်ချက် ဖြစ်ပေါ်လိမ့်မည်ဟု အဓိပ္ပါယ် သဘော မသက်ရောက်သော်လည်း ယင်းက ရန်ကုန်၌ ရှေ့ကာလ စစ်ဘက် စစ်ဆင်ရေးတစ်ခုအတွက် ကြိုတင်ပြင်ဆင်သော ဆောင်ရွက်မှုတစ်ခု ဖြစ်ကြောင်းနှင့် ထို တပ်ရင်းက ရန်ကုန်ကို ဦးတည်ပြီး ချီတက်မည့် တပ်ရင်းတစ်ခုဖြစ်ကြောင်း NUG အစိုးရ ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း၏ ပထမဆုံးသော PDF တပ်ရင်းအဖြစ် တပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁ ရက်တွင် ကြေညာသည်။
“PDF တပ်ရင်းတစ်ခုအနေနဲ့တော့ နေ့ချင်းညချင်းကြီး ဝင်လာမယ်လို့ မဟုတ်ပေမဲ့လည်း အချိန်ကာလတစ်ခုကြရင်တော့ ဒီတပ်ရင်း ၅၁၀၁ က ရန်ကုန်ကို ဦးတည်ပြီး ချီတက်လာမယ့် တပ်ရင်းလို့ ပြောလို့ရပါတယ်။ တိုက်ပွဲဖော်ဆောင်တဲ့အခါတိုင်း စဉ်းစားတာကတော့ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးပေါ့” ဟု ဦးနေဘုန်းလတ်က မဇ္ဈိမကို ပြောသည်။

“နောက်တစ်ခုကတော့ ပြည်သူ့စစ် မဟာဗျူဟာနဲ့ သွားနေတာမို့ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးပါပါတယ်။ ဒါ့ကြောင့် အချိန်တန်တဲ့အခါမှာ ပြည်သူတွေဆီကို သတင်းအချက်အလက်တွေ တစ်နည်းနည်းနဲ့ ရောက်လာအောင်လည်း စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ စစ်ပွဲတွေမှာ ဘေးကင်းစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရမလဲဆိုတဲ့ Information တွေလည်း ပြည်သူတွေဆီကို ရောက်လာမှာ ဖြစ်ပါတယ်။" ဟု ၎င်းက ဆိုသည်။
တပ်ရင်း ၅၁၀၁ ကို လက်နက်တပ်ဆင်ရန် လာမည့် “ရန်ကုန်အတွက် အလင်းစက်” ကမ်ပိန်းနှင့်ပတ်သက်၍လည်း ဦးနေဘုန်းလတ်က ပြောသည်။

“အခု ရန်ကုန်တပ်ရင်းအတွက် စတင်ပြီးတော့ စုဖွဲ့တယ်။ ပြီးတော့ လေ့ကျင့်တာတွေ ပြင်ဆင်တာတွေ လက်နက်တပ်ဆင်တာတွေလည်း တစ်ဆင့်ချင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ MOD အနေနဲ့ကတော့ စစ်ရေးမဟာဗျူဟာအရ ဘယ်ဒေသတွေမှာ စစ်ပွဲဖော်ဆောင်မှာလဲဆိုတဲ့ အခြေအနေပေါ် မူတည်ပြီး ဦးစားပေးအဆင့်တွေအလိုက် လက်နက်တပ်ဆင်နေတာတွေ ရှိပါတယ်။ မကြာခင်အချိန်မှာလည်း ‘ရန်ကုန်အတွက်အလင်းစက်’ ဆိုတဲ့ ကမ်ပိန်းလေးတစ်ခုပေါ့၊ အထူးသဖြင့် ရန်ကုန်တပ်ရင်းဖြစ်တဲ့ ၅၁၀၁ကို လက်နက်တပ်ဆင်နိုင်ဖို့အတွက် ကမ်ပိန်းတစ်ခုလည်း လုပ်ဆောင်သွားဖို့ ရှိပါတယ်ဗျ” ဟု ပြောသည်။

နယ်ဘက် ဧရိယာများ၌သာ တိုက်ပွဲများ ဖြစ်နေခြင်းက တော်လှန်ရေး တပ်ဖွဲ့များအတွက် အပြည့်အဝ အောင်ပွဲ ရရှိရန် မလုံလောက်ဟု ရန်ကုန်နယ်ခံတစ်ဦးဖြစ်သည့် ကိုတူး (အမည်လွှဲ) က ထောက်ပြပြောဆိုသည်။
“နယ်တွေမှာပဲ တိုက်ပွဲတွေ ဖြစ်နေရုံနဲ့ အပြည့်အဝ အောင်နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။ အခုလို မြို့ကြီးပြကြီးတွေမှာလည်း နယ်မြေအုပ်စိုးနိုင်မှ အောင်နိုင်ဖို့ နီးကပ်မယ်။ အဲ့တော့ ကျွန်တော်တို့နေရာ တစ်နေရာတည်း အေးချမ်းနေလို့တော့ ပြီးနိုင်မှာ မဟုတ်တော့ဘူး။ မြန်မြန်ဆန်ဆန်ပဲ ဖော်ဆောင်နိုင်တာနဲ့ ပူးပေါင်းပေးဖို့ အဆင်သင့်ပါပဲ" ဟု ကိုတူး (အမည်လွှဲ) က ပြောဆိုသည်။

PDF တပ်ဖွဲ့ဝင်များအတွက် လက်နက် အလုံအလောက် တပ်ဆင်ရရှိရေးအတွက် အချိန်လိုအပ်သလို အင်တိုက်အားတိုက် ကြိုးပမ်းအားထုတ်မှုများ လုပ်ရဦးမည် ဖြစ်သည့်အတွက် ရန်ကုန်၏ မြို့ပြဧရိယာအတွင်း တိုက်ပွဲများ ဖော်ဆောင်ရန်က လက်ရှိတွင် မဖြစ်နိုင်သေးဟု အမည်မဖော်လိုသူ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောသည်။

“ချက်ချင်းတော့ ဖြစ်ဖို့ ဝေးဦးမယ်။ ဒါပေမဲ့တော့ မကြာတော့ဘူးလို့တော့ ပြောရမှာပေါ့။ အရင်ဆုံးအနေနဲ့ စိန်ခေါ်မှုကတော့ PDF တွေမှာ လက်နက်အလုံအလောက် ရှိပြီလားဆိုတဲ့ မေးခွန်းပါပဲ။ လက်နက်လုံလောက်အောင် အရင်ဆုံး အင်တိုက်အားတိုက် ကြိုးပမ်းကြရဦးမှာပါ” ဟု သူက ပြောသည်။

ရန်ကုန်တိုင်းအတွက် ပထမဆုံး တပ်ရင်း ဖွဲ့စည်းခြင်းသည် စစ်ကောင်စီကို တိုက်ခိုက်ရာတွင် စစ်ရေး မဟာဗျူဟာ လုပ်နည်းကိုင်နည်းနှင့် ထိရောက်မှုကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း NUG ထုတ်ပြန်ချက်တွင် အလေးပေး ဖော်ပြသည်။
တပ်ရင်း ဖွဲ့စည်းသည် ဆိုသော်လည်း ရှိရင်းစွဲ မြို့ပြပြောက်ကျားများက ၎င်းတို့၏ ပြောက်ကျား ဆောင်ရွက်မှုများတွင် ပုံမှန်ဆက်ရှိနေလိမ့်မည် ဖြစ်ကြောင်းနှင့် သင့်တော်သည့် အချိန်တစ်ခု ရောက်ချိန်တွင် မိမိတို့အနေဖြင့် ပိုမို အားကောင်းသည့် စစ်ရေးလှုပ်ရှားမှုများကို တွေ့မြင်ရနိုင်လိမ့်မည် ဖြစ်ကြောင်း ဦးနေဘုန်းလတ်က မဇ္ဈိမကို ပြောသည်။

“တပ်ရင်းနံပါတ် ၅၁၀၁ ကို ရန်ကုန်အတွက် ရည်ရွယ်ပြီး MODရဲ့ လက်အောက်မှာ PDF တပ်ရင်းတစ်ခုအနေနဲ့ စတင်ဖွဲ့စည်းတာပေါ့နော်။ တပ်ရင်းတစ်ခုအနေနဲ့ ရှိတာအပြင် ရန်ကုန်မှာရှိနေတဲ့ မြို့ပြပျောက်ကျား ကိစ္စတွေကလည်း အရင်တိုင်း ပုံမှန်ဆက်ရှိနေမှာပေါ့နော်။ အချိန်အတိုင်းအတာတစ်ခု ရောက်လာရင်တော့ မြို့ပြပျောက်ကျား ဆောင်ရွက်မှုတွေနဲ့ ဒီဘက်က PDF တပ်ရင်းတွေနဲ့ စစ်မဟာဗျူဟာ ဆောင်ရွက်မှုတွေနဲ့ ပေါင်းစပ်ပြီး ပိုမိုအားကောင်းတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တွေ့မြင်လာရဖို့ ရှိပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

နိုင်ငံတစ်ဝန်း တိုက်ပွဲများ ဖြစ်နေချိန် စစ်ကောင်စီသည် PDF တပ်ဖွဲ့ဝင်များကိုသာမက အရပ်သားပြည်သူများကိုပါ ထိခိုက်အောင် အန္တရာယ်ပြုသည်ဖြစ်သည့်အတွက် NUG ၏ PDF တပ်ရင်း ဖွဲ့စည်းမှုက လက်နက်ကိုင်တိုက်ပွဲများကို ဖြစ်စေမည် ဖြစ်ပြီး ရန်ကုန်နေပြည်သူများ ထိခိုက်လိမ့်မည် ဆိုပြီး ရန်ကုန်မြို့ခံတချို့က စိုးရိမ်ပူပန်နေကြသည်။

မြန်မာတွင် စစ်တပ်အာဏာသိမ်းမှုကို တုံ့ပြန်သောအားဖြင့် NUG ၏ စစ်ရေးအဖွဲ့ဖြစ်သည့် PDFs များကို ၂၀၂၁ ၊ မေလ ၅ ရက်တွင် တရားဝင် ဖွဲ့စည်းခဲ့သည်။

NUG’s first Yangon PDF battalion is preparatory measure: NUG PM Office spokesperson

https://www.mizzima.com/article/nugs-first-yangon-pdf-battalion-preparat...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly