ဘင်္ဂလားဒေ့ရှ်၌ ဆယ်စုနှစ်များအတွင်း အရှည်ကြာဆုံးသော အပူလှိုင်းကျရောက်စဉ် ကျောင်းများ ပိတ်ပြီး ဓာတ်အားလျှော့ချမှုများ လုပ်ဆောင်နေရ

ဘင်္ဂလားဒေ့ရှ်၌ ဆယ်စုနှစ်များအတွင်း အရှည်ကြာဆုံးသော အပူလှိုင်းကျရောက်စဉ် ကျောင်းများ ပိတ်ပြီး ဓာတ်အားလျှော့ချမှုများ လုပ်ဆောင်နေရ
Photo-AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရာစုနှစ်ဝက်တစ်ခုအတွင်း အရှည်ကြာဆုံးသော အပူလှိုင်းတစ်ခုကို ဖြတ်ကျော်ရန် အပြင်းအထန် ကြိုးပမ်းနေရစဉ် စာသင်ကျောင်းပေါင်း ထောင်ချီကို ပိတ်ထားရကြောင်း သိရသည်။ ထို့ပြင် ပျံ့နှံ့ပေါ်ပေါက်နေသော လျှပ်စစ်ဓာတ်အား လျှော့ချဖြတ်တောက်မှုများကြောင့်လည်း ပြည်သူတို့၏ အခက်အခဲဒုက္ခများကို ပိုဆိုးစေလျက် ရှိသည်။

တောင်အာရှနိုင်ငံ၏ မြို့တော် ဒါကာ၌ အပူချိန်များသည် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် ဝန်းကျင်အထိ မြင့်တက်ထားခဲ့ပြီး ဆင်းရဲနွမ်းပါးသူတို့သည် ချစ်ချစ်တောက် ပူပြင်းသော နေ၏ အပူဒဏ်ကို အဆိုးဆုံး ကြုံတွေ့ခံစားနေရသည်။

“၁၉၇၁ ၊ နိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ဒီလိုမျိုး အချိန်ကြာရှည်တဲ့ အပူလှိုင်းမျိုးကို ကျွန်တော်တို့ အရင်က တစ်ခါမှ မကြုံခဲ့ဖူးပါဘူး” ဟု ဘင်္ဂလားဒေ့ရှ် မိုးလေဝသ ဌာနမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သည့် ဘက်ဇ်လာ ရာရှစ်ဒ်က ပြောသည်။

မူလတန်းကျောင်းပေါင်း သောင်းချီကို အစိုးရက ပိတ်ခိုင်းထားသလို လက်ရှိကာလ၌ လေအေးပေးစက်များနှင့် ပန်ကာများအတွက် လျှပ်စစ် လိုအပ်ချက် မြင့်တက်နေချိန်မှာပင် နိုင်ငံ၌ လျှပ်စစ် ထုတ်လုပ်မှုကို သိသိသာသာ လျှော့ချထားသည်။

အဆိုပါ နိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လ ၅ ရက်က အကြီးဆုံးသော ဓာတ်အားပေးစက်ရုံ၌ လည်ပတ်မှုများကို ရပ်ဆိုင်းထားခဲ့ရပြီး အကြောင်းမှာ ယင်းစက်ရုံ၌ လောင်စာသုံးရန် ကျောက်မီးသွေးအတွက် အစိုးရဘက်က ငွေကြေးမတတ်နိုင်သည့်အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။

ယမန်နှစ်က ဘင်္ဂလားဒေ့ရှ် တာကာငွေသည် အမေရိကန်ဒေါ်လာနှင့် ယှဉ်ပါက ၂၅ ရာခိုင်နှုန်းခန့် တန်ဖိုး လျော့ကျခဲ့သည့်အတွက် လောင်စာ တင်သွင်းမှုများနှင့် လျှပ်စစ် ဝန်ဆောင်လုပ်ငန်းများအတွက် စရိတ်စကများကို မြင့်တက်စေခဲ့သည်။

အခြားသော ဓာတ်အားပေးစက်ရုံများသည်လည်း လျှပ်စစ် လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရန် များစွာ လိုအပ်နေသည့်အတွက် အဆိုပါနိုင်ငံ၌ နာရီများစွာကြာ မီးပြတ်တောက်မှုများကို ဖြစ်ပေါ်စေကြောင်း သိရသည်။

Bangladesh shuts schools, cuts power in longest heatwave in decades
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly