လက်ပံတန်းမြို့တွင်  စတိုးဆိုင် ဖောက်ထွင်းခံရပြီး ရွှေ ၃ ပိဿာခန့် နှင့် ငွေသားများပါသွား

By ရွှေနွယ်( မဇ္ဈိမ )
08 June 2023
လက်ပံတန်းမြို့တွင်  စတိုးဆိုင် ဖောက်ထွင်းခံရပြီး ရွှေ ၃ ပိဿာခန့် နှင့် ငွေသားများပါသွား

ပဲခူးတိုင်း အနောက်ခြမ်း ၊ လက်ပံတန်းမြို့၊ မင်းရပ်ရပ်ကွက် လမ်းမတော်လမ်းရှိ သိန်းသိန်းစတိုးဆိုင်ကို ဇွန်လ ၆ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် လူတစ်ဦးက လာရောက်ဖောက်ထွင်းကာ  သုံးပိဿာခန့် ရှိ ရွှေထည်ပစ္စည်းများနှင့် ငွေသားများ ယူဆောင်သွားကြောင်း မင်းရပ် ရပ်ကွက်နေ ပြည်သူများကပြောသည်။

လာရောက်ဖောက်ထွင်းသည်ကို ဆိုင်ရှိသူများ မသိလိုက်ကြသော်လည်း CCTV မှတ်တမ်းအရ မီးခံသေတ္တာ ဖောက်ထွင်းသွားသည်ကို သိရှိခြင်းဖြစ်ကြောင်း သိရသည်။

“မှတ်တမ်းအရတော့ တရားခံကတစ်ယောက်ပဲလို့ သိရတယ်။ မမိသေးဘူး ရဲတွေတော့ ဝင်ထွက်စစ်ဆေးနေကြတာပဲ။ မီးခံသေတ္တာကိုဖောက်ယူသွားတာဆိုတော့ ရွှေထည် သုံးပိဿာလောက်နဲ့ ငွေသားလည်း တော်တော်များများပါသွားပါတယ်” ဟု မင်းရပ်ရပ်ကွက် လမ်းမတော်လမ်းနေ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် လက်ပံတန်းရဲစခန်း၌ အမှုဖွင့်စစ်ဆေးနေကြောင်းနှင့် ဖောက်ထွင်းယူဆောင်သွားသည့် ငွေသားပမာဏမှာ ကျပ်သိန်း ၂,၀၀၀ ခန့် ရှိသည်ဟု ကြားသိရသော်လည်း အတည်မပြုနိုင်သေးကြောင်း ဒေသခံက ပြောသည်။

“ပိုင်ရှင်က တော်တော်လေး ကြိုးကြိုးစားစား အလုပ်လုပ်ကိုင်တာ။ လာဖောက်သွားတဲ့သူကလည်း မီးခံသေတ္တာပါ ဖောက်သွားတာဆိုတော့ ကျွမ်းကျွမ်းကျင်ကျင်ပဲနေမယ်” ဟု အဆိုပါ ရပ်ကွက်နေ အခြားဒေသခံတစ်ဦးကလည်း ပြောသည်။

ဖောက်ထွင်းခံလိုက်ရသူများသည် သိန်းသိန်းမီနီမားကတ် ဆိုင်အသစ်ကိုလည်း ဖွင့်လှစ်ထားပြီး ရွှေထည်ပစ္စည်းများလည်းအပေါင်ခံကြောင်း သိရသည်။ 

“သူတို့က နိုင်ငံရေးကိစ္စနဲ့ ဆက်စပ်သူတွေဆိုရင်သာ မမိ မိအောင်ဖမ်းနေတာ။ ရာဇဝတ်မှုတွေကျ ရအောင်မဖမ်းဘူး” ဟု ဒေသခံက ဆိုသည်။

ဖောက်ထွင်းခံရသော သိန်းသိန်းစတိုးဆိုင်မိသားစုနှင့် တိုက်ရိုက်အဆက်အသွယ်ရနိုင်ရန် မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရသေးပေ။

ထို့ကြောင့် သိန်းသိန်းစတိုးမိသားစု ဆုံးရှုံးလိုက်ရသော တန်ဖိုးအတိအကျနှင့် အမှု၏နောက်ဆက်တွဲ အခြေအနေများအား မဇ္ဈိမအနေဖြင့် အသေးစိတ်မသိရှိရသေးပေ။

၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းကလည်း လက်ပံတန်းမြို့၊ ဗိုလ်အောင်ကျော်လမ်းတွင် နေအိမ်တစ်ခု၌ ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့သေးသည်။ထို့ပြင် လက်ပံတန်းမြို့တွင် အခြား ဖောက်ထွင်းခံရမှုများ ရှိခဲ့သော်လည်း  သက်ဆိုင်ရာရဲများက တရားခံကို မိအောင်မဖမ်းနိုင်ခဲ့ကြောင်း ဒေသခံက ဆိုသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly