ရိုဟင်ဂျာ ဒုက္ခသည်များအရေး အင်ဒိုနီးရှားနှင့် မလေးရှားက ပူးတွဲဖြေရှင်းမည်

ရိုဟင်ဂျာ ဒုက္ခသည်များအရေး အင်ဒိုနီးရှားနှင့် မလေးရှားက ပူးတွဲဖြေရှင်းမည်
Photo-AFP

အင်ဒိုနီးရှားနှင့် မလေးရှားအပါအဝင် အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများသို့ မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသော ရိုဟင်ဂျာဒုက္ခသည်များအရေး ကိုင်တွယ်ဖြေရှင်းရေးတွင် ပူးပေါင်းဆောင်ရွက်သွားရန် အင်ဒိုနီးရှား ရေပြင်လုံခြုံရေး အေဂျင်စီ Bakimla နှင့် မလေးရှား ရေပြင် ဥပဒေစိုးမိုးရေး အေဂျင်စီ APMM တို့က သဘောတူကြသည်။

ရိုဟင်ဂျာဒုက္ခသည်များ အရေးသည် အင်ဒိုနီးရှားနှင့် မလေးရှားကြား ဘုံစိုးရိမ်မှု ဖြစ်နေဆဲ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ၂၀၂၃ အာဆီယံ ကမ်းခြေစောင့်တပ်များ ဖိုရမ်က သတင်းစာရှင်းလင်းပွဲတွင် Bakamla ၏ အကြီးအကဲ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး အန်း ကာနီယာက မှတ်ချက်ချသည်။

သူ၏ အဖွဲ့အစည်းအနေဖြင့် ယခု အရေးကိစ္စကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး ဒုက္ခသည်များအရေးကို ကိုင်တွယ်ဖြေရှင်းရန် APMM အပြင် အခြားသော သက်ဆိုင်ရာ အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လူသားချင်း စာနာထောက်ထားရေး မူဘောင်တွေနဲ့အညီ လုပ်ဆောင်မှာပါ၊ သူတို့တွေ ကမ်းခြေနား ရောက်လာရင် ဖြစ်ဖြစ် သူတို့ လှေတွေ ပျက်စီးရင် ဖြစ်ဖြစ် ကျွန်တော်တို့ဟာ ကျိန်းသေပေါက် ကူညီရမှာပါ”ဟု ၎င်းက မှတ်ချက်ပြုသည်။

ရိုဟင်ဂျာ အသိုက်အဝန်းများ၏ နေရပ်ကို ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်က တိုက်ခိုက်ချိန်မှစကာ မြန်မာနိုင်ငံမှ မွတ်စလင်လူနည်းစုဖြစ်သော ရိုဟင်ဂျာများသည် အစုလိုက်အပြုံလိုက် ထွက်ပြေးကြဆဲ ဖြစ်သည်။

၂၀၂၂ အထိ ဘင်္ဂလားဒေ့ရှ်က ကော့ဘဇားတွင် ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၉၀၀,၀၀၀ ကျော်ထက်မနည်းရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မှတ်တမ်းတင်ထားသည်။

သို့ရာတွင် ရိုဟင်ဂျာများသည် ဩစတြေးလျနှင့် နယူးဇီလန်ကဲ့သို့သော အခြားသောနိုင်ငံများဆီ နိုင်ငံရေးခိုလှုံခွင့် ရရှိရေးအတွက် ပင်လယ်ကို ဖြတ်ကာ အန္တရာယ်များသော ခရီးကို ထွက်ခွာတတ်ကြသည်။

တစ်ခါတစ်ရံတွငက် ၎င်းတို့၏ စက်လှေများစွာ ပျက်စီး၍ အင်ဒိုနီးရှားနှင့် မလေးရှားတို့တွင် ဒုက္ခသည်များက သောင်တင်နေမှုများ ရှိနေသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://en.antaranews.com/news/284310/indonesia-malaysia-agree-to-jointl...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required