စစ်ကောင်စီလက်အောက် တရားရုံးများ၌ ရှေ့နေများကို အနှောင့်အယှက်ပေးမှုနှင့် ခြိမ်းခြောက်မှုတို့ ရှိနေခြင်းအပေါ် HRW ဝေဖန်

စစ်ကောင်စီလက်အောက် တရားရုံးများ၌ ရှေ့နေများကို အနှောင့်အယှက်ပေးမှုနှင့် ခြိမ်းခြောက်မှုတို့ ရှိနေခြင်းအပေါ် HRW ဝေဖန်
Photo-AFP

စစ်ကောင်စီ လက်အောက် တရားရုံးများ၌ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် မြန်မာရှေ့နေများကို အာဏာသိမ်းစစ်တပ်အာဏာပိုင်တို့က အနှောင့်အယှက်ပေးမှုများ ရှိနေပြီး ယုတ်စွအဆုံး ထောင်ချခြင်းတို့အထိ ရှိနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဇွန်လ ၈ ရက်တွင် ပြောသည်။ ထိုကဲ့သို့ ခြိမ်းခြောက်မှုကြောင့် ရှေ့နေအများအပြားမှာ အမှုများ လက်ခံမှုကို ရပ်တန့်ရသည်အထိ ဖြစ်စေခဲ့ကြောင်း HRW က သတိပေးသည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော်အကြာက အာဏာသိမ်းမှုနှင့်အတူ နိုင်ငံကို ဝရုန်းသုန်းကားအခြေအနေအောက် ထိုးစိုက်ကျဆင်းစေခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သူများအပေါ် သိမ်းကျုံးလုပ်ဆောင်သည့် သွေးထွက်သံယို ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ်အတွင်း လူသောင်းချီကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

တံခါးပိတ် စစ်ဆေးအမိန့်ချမှတ်ခြင်းဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည့် မြန်မာ့ဒီမိုကရေစီ ပြယုဂ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် အတိုက်အခံများကို ဖိနှိပ်ရန် အာဏာသိမ်းစစ်တပ်က တရားရုံးများကို အသုံးချလုပ်ဆောင်ထားကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

နိုင်ငံရေး အမှုများကို ရုံးတင် စစ်ဆေးရန် စစ်ကောင်စီ ဖွဲ့စည်းသော “အထူးတရားရုံးများ” ၌ စွပ်စွဲခံရသူများအတွက် လိုက်ပါဆောင်ရွက်နေကြသော ရှေ့နေများသည် အာဏာပိုင်များ၏ အနှောင့်အယှက်ပေးမှု၊ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည်ဟု HRW က ရှေ့နေ ၁၉ ဦးနှင့် မေးမြန်းထားချက်များအပေါ် အခြေပြုသည့် အစီရင်ခံစာတစ်ရပ်တွင် ပြောသည်။

“တရားခွင်မှာက ခုချိန်မှာ အမှန်တရားကို ပြောတာထက် ကိုယ်ကိုယ်တိုင်တောင် ဖမ်းဆီးထိန်းသိမ်းခံရမှာကို စိုးရိမ်နေရပါတယ်” ဟု ရန်ကုန်အခြေစိုက် ရှေ့နေတစ်ဦးက HRW ကို ပြောသည်။

“ကိုယ် ဘယ်သူလဲ ဆိုတာကို တရားရုံးမှာ ရှိသူတိုင်းက သိနေကြတယ်။ စစ်ကောင်စီဟာ ကိုယ့်ကို အချိန်မရွေး လာဖမ်းသွားနိုင်တယ်။ သူတို့ဟာ သူတို့ ဆန္ဒရှိသလို အကြောင်းပြချက်မှန်သမျှကို ဖန်တီးနိုင်ပါတယ်။ ဖန်တီးပါလိမ့်မယ်”

HRW သည် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် ကိစ္စကို ကိုးကားခဲ့သည်။ သူမသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်၊ ဝန်ကြီးချုပ်ဟောင်းတစ်ဦးအတွက် ရှေ့နေလိုက်ပေးခဲ့သည့် ကြားနာမှုရုံးချိန်းတစ်ခုမှ အပြန် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။

ယင်းနောက် သူမသည် စစ်ကောင်စီ ဆန့်ကျင်သော အဖွဲ့များကို ငွေကြေး ထောက်ပံ့မှုဖြင့် ကူညီသည်ဟု စွပ်စွဲခံရပြီး ထို့နောက် အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရသည်။

ရှေ့နေများသည် တရားရုံးကြားနာမှုများ မတိုင်မီ အမှုသည်များနှင့် တစ်ဦးချင်း သီးခြား ဆက်သွယ်ပြောဆိုခြင်းမှ ပုံမှန်လိုလို တားမြစ်ခံနေရသည်ဟု HRW က ပြောသည်။

“ရံဖန်ရံခါမှာ ပြန်လှန်စစ်မေးမှုတောင်မှ ဖြစ်မလာဘူး” ဟု အခြားရှေ့နေတစ်ဦးက HRW က ပြောသည်။

“သူတို့ (တရားလို) ဘက်က သက်သေအဖြစ် တင်ပြတဲ့အပေါ် စိန်ခေါ်ဖို့က မဖြစ်နိုင်သလောက်နီးပါးပါပဲ။ မိမိတို့အနေနဲ့ တရားခံတစ်ယောက်ကို အာမခံနဲ့ လွတ်အောင် လုပ်လို့ရတာမျိုး ဘယ်တုန်းကမှ မရှိဘူး”

စစ်ကောင်စီ အာဏာပိုင်တို့၏ ခြိမ်းခြောက်မှု၊ စောင့်ကြည့်မှုတို့ကို ရင်ဆိုင်တွေ့ကြုံခဲ့ရသည်ဟု ရှေ့နေ ၁၉ ဦးစလုံးက HRW ကို ပြောသည်။

“နောက်ထပ် စောင့်ကြည့်ခံရမှုနဲ့ ခြိမ်းခြောက်ခံရမှုတို့အောက်မှာ ကိုယ့်ကိုယ်ကိုယ် အရဲစွန့်ပြီး အမှုလိုက်ချင်တဲ့ ရှေ့နေ အနည်းအပါးလောက်ပဲ ရှိတော့တယ်။ အတော်များများက အမှုလက်ခံတာတွေ မလုပ်တော့ဘူး” ဟု HRW က ပြောသည်။

၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းပြီးနောက် စစ်အုပ်စုက လူပေါင်း ၂၃,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ပြည်တွင်းလေ့လာ စောင့်ကြည့်မှုအဖွဲ့တစ်ခုအရ သိရသည်။

ယမန်နှစ်က “အကြမ်းဖက်မှု” စွပ်စွဲချက်များဖြင့် လူသိများထင်ရှားသော တက်ကြွလှုပ်ရှားသူတစ်ဦးနှင့် NLD လွှတ်တော်အမတ်ဟောင်းတစ်ဦးတို့ကို ကွပ်မျက်ရန် စစ်ကောင်စီ ထိန်းချုပ်သော တရားရုံးတစ်ခုက အမိန့်ချခဲ့သည်။ ယင်းသည် ဆယ်စုနှစ်များအတွင်း မြန်မာတွင် ပထမဆုံး သေဒဏ်ပြစ်ဒဏ်ပေးမှုကို အသုံးပြုခြင်း ဖြစ်သည်။

Myanmar lawyers face harassment, intimidation in junta courts
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required