ဗုံးအတုဖြင့် အီဂျစ်လေယာဉ်ကို ပြန်ပေးဆွဲခြင်းဖြစ်

ဗုံးအတုဖြင့် အီဂျစ်လေယာဉ်ကို ပြန်ပေးဆွဲခြင်းဖြစ်

ကိုင်ရို၊ မတ် ၃၀ ။             ။ အီဂျစ်ပြည်တွင်းလေယာဉ်တစ်စင်းကို ပြန်ပေးဆွဲကာ ဆိုက်ပရပ်စ်သို့ အတင်းဆင်းသက်ခိုင်းခဲ့သည့် ပြန်ပေးသမားက အသေခံဗုံးခါးပတ်အတုဖြင့် ပြန်ပေးဆွဲခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ပြန်ပေးသမားက မည်သည့်အတွက်ကြောင့် ထိုသို့ လေယာဉ်ကို ပြန်ပေးဆွဲခြင်းဖြစ်မှန်း မသိရသေးသော်လည်း အကြမ်းဖက်ကျုးလွန်ဟန် မရှိကြောင်း ဆိုက်ပရပ်စ်သမ္မတက ပြောသည်။

ထိုပြန်ပေးဆွဲမှုတွင် ပြန်ပေးသမားက ဆိုက်ပရပ်စ်ရှိ လာနာကာလေဆိပ်သို့ အတင်းဆင်းသက်ခိုင်းခဲ့ခြင်းဖြစ်ပြီး လေယာဉ်ခရီးသည်များကို ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မဖြစ်စေဘဲ ပြန်လွှတ်ပေး သကဲ့သို့ နောက်ဆုံးတွင် ၎င်းကိုယ်တိုင်လည်း အဖမ်းခံခဲ့ခြင်းဖြစ်သည်။

ပြန်ပေးသမားသည် အီဒင်မူစတာဖာ ဆိုသူဖြစ်ကြောင်း ဆိုက်ပရပ်စ်တာဝန်ရှိသူများက ပြောပြီး စိတ်ကျန်းမာရေးအခြေအနေ သိပ်ကောင်းဟန်မရှိကြောင်း ပြောသည်။

ပြန်ပေးသမား မူစတာဖာက လေယာဉ်ပြန်ပေးဆွဲထားစဉ် ဆိုက်ပရပ်စ်တွင် ရှိနေသည့် ၎င်း၏ ဇနီးဟောင်းဖြစ်သူကို ခေါ်ပေးရန် ပြော၍ ခေါ်ယူတွေ့ဆုံပေးခဲ့ရကြောင်း၊ နောက်တွင် ၎င်း၏ ထပ်မံတောင်းဆိုမှုများက တောင်မတင်ရေမရ စိတ်ထင်ရာများကို တောင်းဆိုနေခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Ioannis Kasoulides က ပြောသည်။

အဆိုပါ အီဂျစ်လေယာဉ်က ဒေသစံတော်ချိန် ၂၂ နာရီ ၀၅ မိနစ်တွင် မူလဦးတည်ရာ ကိုင်ရိုလေဆိပ်သို့ လာနာကာ လေဆိပ်မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly