မအူပင်မြို့ငလျင် စေတီ ၁ဆူ စိန်ဖူးတော်ကျိုးကျ၊ အဆောက်အဦပြိုကျ၍ သီလရှင်၁ပါး ကွယ်လွန်

By ဂန္ဒမာ၊မင်းထက် (မဇ္ဈိမ)
07 June 2023
မအူပင်မြို့ငလျင် စေတီ ၁ဆူ စိန်ဖူးတော်ကျိုးကျ၊ အဆောက်အဦပြိုကျ၍ သီလရှင်၁ပါး ကွယ်လွန်

ဧရာဝတီတိုင်း၊မအူပင်မြို့တွင် ယနေ့ဇွန်လ၇ရက် ညနေ ၄ နာရီကျော်က အင်အားပြင်းထန်သည့်ငလျင်လှုပ်ရှားသွားခဲ့ပြီး အဆောက်အဦပြိုကျ၍ သီလရှင်တစ်ပါးကွယ်လွန်ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားကြောင်း မြို့ခံများကပြောသည်။

ငလျင်သည် ယနေ့ညနေ ၄နာရီ ၂၀မိနစ်ခန့်တွင်စတင် လှုပ်ရှားသွားခြင်းဖြစ်ကြောင်း မအူပင်မြို့ခံများကပြောသည်။

" မအူပင်မှာ အပျက်အစီးတွေ ရှိတယ်။ ရွှေဘုန်းပွင့်ဘုရားနားမှာ သီလရှင်တစ်ပါး အုတ်တွေ ပိပြီးသေဆုံးတယ်" ဟု မြို့ခံတစ်ဦးက ပြောသည်။

မအူပင်မြို့၊အမှတ် ၆ ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာကျောင်းတိုက်မှ အဆောက်အဦတစ်ခုပြိုကျပြီး ယင်းအဆောက်အဦအတွင်းရှိ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ကာ အမျိုးသမီးတစ်ဦးဒဏ်ရာရှိခဲ့ကြောင်း မြို့ခံများကပြောသည်။ ဒဏ်ရာရသောအမျိုးသမီးကို ဆေးရုံသို့ပို့ဆောင်ထားပြီး နောက်ဆက်တွဲအခြေအနေကိုမသိရသေးပေ။

မအူပင်မြို့ နည်းပညာတက္ကသိုလ်အဆောက်အဦသည် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုအချို့ရှိခဲ့ပြီး ရွှေဘုန်းပွင့်စေတီလည်း စိန်ဖူးတော်ကျိုးကျခဲ့သည်ဟု မြို့ခံများကပြောသည်။

ငလျင်သည် ညောင်တုန်းမြို့၏ တောင်-အရှေ့တောင်ဘက် ငါးမိုင်ခန့်အကွာတွင် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ဒဿမ၈အဆင့်ဖြင့် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားသည်။အမေရိကန် လူမိလေ့လာရေးဌာန USGS ကမူ အဆိုပါ ငလျင်သည် မအူပင်မြို့အနီး ဗဟိုပြုကာ ပြင်းအား ရစ်(ခ်)တာစကေး ၄ဒဿမ ၈အဆင့်ဖြင့် လှုပ်ခတ်ခြင်းဟု ထုတ်ပြန်ထားသည်။

ငလျင်လှုပ်ရှားမှုသည် မအူပင်မြို့တွင်သာမက ဧရာဝတီတိုင်းအတွင်းရှိ ညောင်တုန်း၊ ဘိုကလေး၊ ဖျာပုံမြို့နှင့် ရန်ကုန်မြို့တွင်လည်း သိသာခဲ့ကြောင်း မြို့ခံများကပြောသည်။

ရန်ကုန်မြို့တွင် ကမာရွတ်၊အလုံ၊ အင်းစိန်၊ လှိုင်သာယာ၊ မင်္ဂလာဒုံနှင့် သန်လျင်မြို့တို့၌ ငလျင်လှုပ်ရှားမှုကို သိရှိလိုက်ရသည်ဟု ဒေသခံများကပြောသည်။

" ၄ နာရီ ၂၄ မိနစ်မှာလှုပ်တာ။ နည်းနည်းလေးလည်းကြာတယ်။ လွှဲနေသလိုပဲ တော်တော်သိသာတယ်" ဟု အလုံမြို့နယ်မှ ဒေသခံကမဇ္ဈိမ ကို ပြောသည်။

ယနေ့ညနေ ၅နာရီ ‌၄၀ မိနစ်အထိ နောက်ဆက်တွဲငလျင် သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း ရန်ကုန်မြို့ခံများကပြောသည်။ ဗဟိုချက်ဖြစ်သော မအူပင်မြို့တွင် နောက်ဆက်တွဲငလျင်များ မကြာခဏလှုပ်ခတ်နေ၍ စိုးရိမ်ထိတ်လန့်နေရကြောင်း မြို့ခံများကပြောသည်။

ပြီးခဲ့သည့် မေလ ၃၁ရက်ညနေကလည်း ကချင်ပြည်နယ်၊ ဟိုပင်မြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ဒဿမ၉အဆင့် လှုပ်ခတ်သွားခဲ့ရာ မြန်မာနိုင်ငံအတွင်းတွင် ၈ ရက်အတွင်း အင်အားသိသိသာသာပြင်းထန်သော ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

စာတည်း - မောင်ကြီး

#mizzima

#မအူပင်

#ရန်ကုန်

#ငလျင်လှုပ်ရှား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly