Myingyan Black Tiger-MBT တပ်ဖွဲ့ ၏ ကမ်ပိန်းသတ်မှတ််ရက် ၁၀ ရက် ထပ်တိုး

By မောင်ခက်နွေ (မဇ္ဈိမ)
07 June 2023
Myingyan Black Tiger-MBT တပ်ဖွဲ့ ၏ ကမ်ပိန်းသတ်မှတ််ရက် ၁၀ ရက် ထပ်တိုး

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် လှုပ်ရှားနေသည့် Myingyan Black Tiger-MBT တပ်ဖွဲ့၏ “RPG-7 Campaign” မှာ သတ်မှတ်ပမာဏ၏ ၈၇ ရာခိုင်နှုန်းသာရရှိသေး၍ ကမ်ပိန်း သတ်မှတ်ရက်ကို ၁၀ ရက် ထပ်တိုးထားကြောင်း အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မဇ္ဈိမကိုပြောသည်။

အဆိုပါ ကမ်းပိန်းကို မေလ ၈ ရက်မှ ဇွန်လ ၈ ရက်အထိ တစ်လအတွင်း ကျပ်သိန်း ၄၀၀ ရရှိရန် ခန့်မှန်းထားသော်လည်း လက်ရှိတွင် ကျပ်သိန်း ၃၅၀ နီးပါးသာ ရရှိထားသည်။

"ဒီ RPG ရမှသာ ကျွန်တော်တို့က ရန်သူ့စခန်းကို သိမ်းနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ရန်သူ့လက်နက် ကိုယ့်လက်နက် ဖြစ်အောင်လုပ်ရမှာဖြစ်တယ်။ MOD ရဲ့ထောက်ပံ့မှုက လည်းကောင်းမွန်စွာမရရှိသေးတဲ့ အတွက် လက်နက်ကို ကိုယ့်ဘာကိုယ်ဝယ်ရတာပါ။ သေနတ်တစ်လက်ကို သိန်းနှစ်ရာ သုံးရာ ပေးပြီးမဝယ်နိုင်ပါဘူး။ ဒီ RPG ရရင် ရန်သူ့စခန်းကို ကျွန်တော်တို့ တက်သိမ်းမယ်။ အဲ့ကနေ ရန်သူ့လက်နက် ကိုယ့်လက်နက် ဖြစ်အောင်လုပ်မယ်”လို့ ဗိုလ်မိုက်ခဲက ဆိုသည်။

MBT အဖွဲ့သည် စစ်ကောင်စီတပ်၏ စခန်းများကို မကြာခဏ တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်း တိုက်ပွဲ ငါးကြိမ်ခန့်ဆင်နွှဲခဲ့ကြောင်း ၎င်းကဆိုသည်။ သို့သော် စခန်းသိမ်းခါနီးတွင် ကျည်မလုံလောက်မှုကြောင့် ပြန်ဆုတ်ခဲ့ရပြီး စခန်းသိမ်းတိုက်ပွဲများဆင်နွဲနိုင်ရန် RPG တစ်လက် လိုအပ်၍ “RPG-7 Campaign” ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

Myingyan Black Tiger-MBT တပ်ဖွဲ့သည် ထောက်ပံ့ရရှိမှုနည်းပါးခြင်း ၊ ငွေကြေး မလုံလောက်ခြင်းများကြောင့် အခြားမြေပြင်အဖွဲ့များကဲ့သို့ မဲဖောက်၍ ဆုပေးခြင်းများ မလုပ်နိုင်ကြောင်း သိရသည်။ ကမ်ပိန်းတွင် ပါ၀င်လိုသူများအနေဖြင့် ဗိုလ်မိုက်ခဲ၏ ဖေ့ဘုတ်စာမျက်နှာမှ တစ်ဆင့် ဆက်သွယ်နိုင်ကြောင်း Myingyan Black Tiger-MBTက ကြေညာထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#Myingyan Black Tiger-MBT

#RPG-7 Campaign

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly