အီရန်ဘက်ကို ခြေဦးလှည့်နေပြန်တဲ့ စစ်ကောင်စီ (ဆောင်းပါး)

By ဓားရိုင်း
07 June 2023
အီရန်ဘက်ကို ခြေဦးလှည့်နေပြန်တဲ့ စစ်ကောင်စီ (ဆောင်းပါး)

အီရန် ကုန်တင်လေကြောင်းလိုင်း Qeshm Fars Air ပိုင် လေယာဉ်တစ်စီးဟာ မေလအတွင်း အီရန်နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ မက်ရှ်ဟက်ဒ်ကနေ မြန်မာနိုင်ငံကို အသွားအပြန် ပျံသန်းခဲ့တယ်လို့ သတင်းတွေ ထွက်လာခဲ့ ပါတယ်။ ဒီလေကြောင်းလိုင်းဟာ အီရန်ရဲ့လက်နက်ရောင်းဝယ်မှုတွေကို အဓိကကူညီပံ့ပိုးပေးနေတဲ့လေကြောင်း လိုင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ အမေရိကန်က အရေးယူပိတ်ဆို့မှုတွေချမှတ်ထားခဲ့တဲ့လေကြောင်းလိုင်းလည်းဖြစ်ပါ တယ်။ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဆီးရီးယားပြည်တွင်းစစ်က အုပ်စုတွေကို လက်နက်တွေ ပို့ဆောင် ပေးခဲ့တာကြောင့် အမေရိကန်ဘဏ္ဍာရေးဌာနက Qeshm Fars Air ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားခဲ့တာပါ။ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ခံထားရတဲ့ Qeshm Fars Air ပိုင် လေယာဉ် ၂ စီးအနက် “EP-FAA” လေယာဉ်ဟာ မြန်မာပြည်ကို ပျံသန်းခဲ့တာဖြစ်နိုင်တယ်လို့ လေကြောင်းခရီးစဉ်ခြေရာခံရေး ဝန်ဆောင်မှုလုပ်ငန်း ကတော့ဆိုထားပါတယ်။ စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအစောပိုင်းက အီရန်လေယာဉ် တစ်စီး နေပြည်တော်လေဆိပ်မှာ ခေတ္တဆင်းသက်ခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေ ပို့ဆောင်တာဖြစ်နိုင်ကြောင်း သတင်းထွက်ခဲ့ဖူးတာဖြစ်ပါတယ်။ အခုတစ်ကြိမ် မြန်မာနိုင်ငံကိုလမ်းကြောင်းပြထားတဲ့ အီရန်လေကြောင်း ပျံသန်းမှုကလည်း လက်နက်အရောင်းအဝယ်ကိစ္စတွေနဲ့ ဆက်စပ်နေမယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ကနေ ဧပြီလအတွင်းမှာ အီရန် ဘိုးရင်း 747 ကုန်တင်လေယာဉ်တစ်စီးဟာ နေပြည်တော်နဲ့ ရန်ကုန်မှာ သုံးကြိမ် ဆင်းသက်ခဲ့ဖူးတာဖြစ်ပါတယ်။ Asia Times ရဲ့ဖော်ပြချက်အရတော့ အဲဒီလေကြောင်း ခရီးစဉ်တွေထဲက တစ်ခုမှာ စစ်ဘက်သုံး ဒရုန်းတွေနဲ့ အင်ဂျင်တွေလို့ ယူဆရတဲ့ သေတ္တာ ၂၁ လုံး သယ်ဆောင်လာတယ်လို့ ဆိုထားပါတယ်။ စစ်ကောင်စီဟာ သူတို့ရဲ့ဒရုန်းတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် အီရန်က အစိတ်အပိုင်းတွေ ဝယ်ယူနေတယ်လို့ စစ်ကောင်စီ လေတပ်ကနေ ခုခံတော်လှန်ရေးအင်အားစုဘက်ကို ပြောင်းလာတဲ့ အရာရှိတွေက ပြောထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က မြန်မာနိုင်ငံကို အီရန်ကိုယ်စားလှယ်အဖွဲ့ရောက်လာပြီးနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ အီရန်အစိုးရကြား လျှို့ဝှက် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ လည်းထွက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံတကာ ပိတ်ဆို့မှုတွေကြောင့် အထီးကျန်လာတဲ့ စစ်ကောင်စီ ကလည်း မီရာလှမ်းဆွဲဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ အဲဒါကြောင့် နေပြည်တော်နဲ့ တီဟီရန် ကြားမှာ ထူးခြားတဲ့ လျှို့ဝှက်ဆက်သွယ်မှုတွေ ရှိနေမယ်ဆိုတာ သေချာပါတယ်။ 

ဘီဘီစီနဲ့ အေးရှားတိုင်းမ်တို့ရဲ့ဖော်ပြချက်တွေအရ မြန်မာစစ်ကောင်စီဟာ အီရန်ကနေ MD 550 ဒရုန်းအင်ဂျင်တွေ နဲ့ ဒုံးကျည်တွေ ဝယ်ယူနေတယ်လို့ ဆိုထားပါတယ်။ ဒီအချက်ကို လေတပ်အရာရှိဟောင်း အများအပြားကလည်း အတည်ပြုထားပါတယ်။ MD 550 အင်ဂျင်တွေကို အမေရိကန် ပြည်ထောင်စုက ၂၀၂၁ ခုနှစ် အောက်တိုဘာလက တည်းက ပိတ်ဆို့အရေးယူထားတဲ့ Mado (Oje Parvaz Mado Nafar) အမည်ရှိ အီရန်ကုမ္ပဏီတစ်ခုက ထုတ်လုပ် တာဖြစ်ပါတယ်။ မြန်မာလေတပ် လေယာဉ်မှူးဟောင်းတွေရဲ့ အဆိုအရ Mado ဟာ မြန်မာစစ်တပ်ရဲ့ လက်ရှိ ဒရုန်းတွေက ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ပြုပြင်ဖို့ MD 550 ဒရုန်းအင်ဂျင်တွေပေးပို့ခဲ့တယ်လို့ ဆိုထား ပါတယ်။ ဒရုန်းပြုပြင် ပြင်ဆင်ရေးလုပ်ငန်းတွေကိုတော့ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာလေတပ်မှာ လုပ်ဆောင် နေတာပါ။ လွန်ခဲ့တဲ့နှစ်က ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် အီရန်ဟာ ရုရှားကို Shahed-136 တစ်ခါသုံး တန်ဖိုး နည်း ဖောက်ခွဲရေး ဒရုန်းတွေ အပါအဝင် ဒရုန်းထောင်ပေါင်းများစွာကို ပေးပို့ခဲ့တာဖြစ်ပါတယ်။ အဲဒီဒရုန်း တွေ ကြောင့် ယူကရိန်းမှာ ပျက်ဆီးမှု အကြီးအကျယ်ရှိခဲ့တာလည်းဖြစ်ပါတယ်။ ယူကရိန်းကျူးကျော်စစ် စတင်ပြီး နောက်မှာ ရုရှားနဲ့ အီရန်တို့ရဲ့ဆက်ဆံရေးဟာလည်း ပိုမိုနီးကပ်သွားခဲ့တာတွေ့ရပါတယ်။ ရုရှားက အီရန်ရဲ့ ဒရုန်း တွေနဲ့ ဒုံးကျည်တွေရရှိလိုပြီး အီရန်က ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးကို လိုချင်နေတာဖြစ်ပါတယ်။ အလားတူ မြန်မာနဲ့ ရုရှားဆက်ဆံရေးဟာလည်း မြန်မာမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း မြင့်မားလာပြီး စစ်ကောင်စီဟာ မော်စကိုက ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တခြားစစ်လက်နက်ပစ္စည်းတွေ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ မကြာခင်ကထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်စောင်အရ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်လက်နက်ပစ္စည်း အနည်းဆုံး အမေရိကန် ဒေါ်လာ ၁ ဘီလီယံဖိုး ဝယ်ယူခဲ့တာမှာ အများစုကို ရုရှားနဲ့ တရုတ်ဆီကနေ ဝယ်ယူခဲ့တာလို့ဆိုထားပါတယ်။ ဒါပေမဲ့ ရုရှားဟာ ယူကရိန်း ကျူးကျော်စစ်အတွက် လက်နက်ခဲယမ်းတွေကို သုံးနေရတာကြောင့် စစ်ကောင်စီဟာ စစ်လက်နက်ပစ္စည်း အစိတ် အပိုင်းတွေကို ရင်းမြစ်အများအပြားကနေ ဖြန့်ခွဲဝယ်ယူနေရတာဖြစ်ပါတယ်။ အီရန်ဟာ ဖိနှိပ်တဲ့အစိုးရတွေ၊ ဆီးရီး ယားနဲ့ ယီမင်ပြည်တွင်းစစ်တွေမှာ သူတို့ရဲ့ မဟာမိတ်စစ်အုပ်စုတွေကို လက်နက်ရောင်းချတဲ့ သမိုင်းရှိတာကြောင့် စစ်ကောင်စီအတွက် တခြားရွေးချယ်စရာ နိုင်ငံတစ်ခုရလာတာလည်းဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ မြန်မာ စစ်တပ်ဟာ လေ့ကျင့်ရေးလေယာဉ်ဟောင်းတွေကို ပြန်လည်ပြုပြင်ဖို့ စစ်အင်ဂျင်နီယာတွေကို အီရန် စေလွှတ်ခဲ့ ဖူးတာလည်းဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း လူမဆန်တဲ့လုပ်ရပ်တွေကြောင့် အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့ ခံရပြီးနောက် စစ်ကောင်စီဟာ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘယ်လာရုစ်နဲ့ အီရန်အပြင် သူတို့ဘက် ပါနိုင်မယ့် နိုင်ငံတချို့နဲ့ပါ ဆက်ဆံရေးတိုးမြှင့်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ အဲဒီနိုင်ငံတွေကရတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ကရင်၊ ကချင်၊ ကယား၊ မွန်ပြည်နယ်၊ စစ်ကိုင်းနဲ့ ပဲခူးတိုင်း အပါအဝင် တစ်နိုင်ငံလုံးက ခုခံတော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို မြေပြင်နဲ့ ဝေဟင်ကနေ ထိုးစစ် ဆင်နေတာဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်က သမ္မတ ဘုရှ်ရဲ့ “မကောင်းဆိုးရွား ဝင်ရိုးစွန်းနိုင်ငံများ” မှာ အီရန်၊ အီရတ်နဲ့ မြောက်ကိုရီးယား အပြင် မြန်မာ၊ ကျူးဘား၊ ဘယ်လာရုစ်နဲ့ ဇင်ဘာဘွေ ကိုပါ တိုးချဲ့ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေကို အမေရိကန် ပြည်ထောင်စုက အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်တဲ့ အာဏာရှင်အခြေစိုက်စခန်းတွေအဖြစ် ရှုမြင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာစစ်ကောင်စီဟာ အဲဒီနိုင်ငံတွေထဲက ရုရှား၊ ဘယ်လာရုစ်နဲ့ အီရန်က သာမက တရုတ်နိုင်ငံကနေပါ လက်နက်တွေ ဝယ်ယူနေတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ စစ်ကောင်စီခေါင်းဆောင်ဟာ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ် နိုင်ငံ သံအမတ် ယူလက်ဇီမာ ဘာရာဗီကောကို နေပြည်တော်မှာ ကြိုဆိုခဲ့ပြီး သံတမန်ဆက်ဆံရေးနဲ့ ကာကွယ် ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ဆွေးနွေးထားခဲ့တာလည်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ စစ်ကောင် စီဟာ မြောက်ကိုရီးယားနဲ့ လျှို့ဝှက်ဆက်ဆံရေးကိုလည်း အသစ်တဖန် ပြန်လည် စတင်နေခဲ့တာဖြစ်ပါတယ်။ ဒီနှစ်အတွက် စစ်ကောင်စီရဲ့ ကာကွယ်ရေးအသုံးစရိတ်မြှင့်ထားခဲ့တာကိုကြည့်ရင် အီရန်ရဲ့လေယာဉ်တွေ မြန်မာ ပြည်ကို ဘာကြောင့်ရောက်သလဲဆိုတာ ရှင်းနေပါတယ်။ စစ်ကောင်စီဟာ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် တစ်နှစ်လုံးစာ အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၄၀၀၀ ကျော်အထိ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ထပ်တိုး ဘတ်ဂျက်မတိုင်ခင် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၃၇၀၀ ကျော်ရှိခဲ့တာဖြစ်ပါတယ်။ အခုလို စစ်ကောင်စီအနေနဲ့ စစ်ရေးအသုံးစရိတ်မြှင့်တင်ထားခဲ့တာဟာ တော်လှန်ရေးအင်အားစုတွေကို ခေတ်မီ လက်နက်အားကိုးပြီး ဖိနှိပ်နိုင်ဖို့အတွက် ပြင်ဆင်တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ခေတ်မီ လက်နက်တွေ ကိုင်ထား ကိုင်ထား၊ တိုက်ရည်ခိုက်ရည်နဲ့ စိတ်ဓာတ်ညံ့ဖျင်းနေတဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် အသာစီးမယူနိုင်ဘဲဖြစ်နေတယ်ဆိုတာ လတ်တလော စိုးမိုးနယ်မြေ ထိန်းချုပ် ထားနိုင်မှုတွေက သက်သေပြနေပါတယ်။ ဥရောပသမဂ္ဂဟာ စစ်အာဏာသိမ်းမှုနဲ့ နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တုံ့ပြန်ဖို့အတွက် အားလုံးလိုက်နာဖို့လိုတဲ့ နိုင်ငံတကာ လက်နက်ရောင်းချမှု ပိတ်ပင်ရေးကို တောင်းဆိုထားတာဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအထွေထွေ ညီလာခံကလည်း မြန်မာနိုင်ငံကို လက်နက် စီးဆင်းမှု တားဆီးဖို့ နိုင်ငံအားလုံးကို တောင်းဆိုတဲ့ မဖြစ်မနေလိုက်နာဖို့မလိုတဲ့ ဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့နှစ်က ချမှတ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ လက်နက်ရောင်းချမှု ပိတ်ပင်တာဟာ စစ်ကောင်စီအပေါ်သာ ချမှတ်နိုင်ပြီး သူတို့ကို ထောက်ခံသူတွေအပေါ် အကျိုးသက်ရောက်မှုမရှိဘူးဆိုတာ ရှင်းနေပါတယ်။ တရုတ်၊ ရုရှား နဲ့ အိန္ဒိယတို့လို နိုင်ငံကြီးတွေကတောင် စစ်ကောင်စီကို ပေါ်ပေါ်တင်တင် လက်နက်ရောင်းချမှုတွေလုပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီဟာ သူတို့အတွက် နောက်ထပ် လက်နက် ရပေါက်ရလမ်းအဖြစ် အီရန် ဘက်ကို ခြေဦးလှည့်လာတာ ဖြစ်ပါလိမ့်မယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly