အင်းစိန်ထောင်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

By ဂန္ဒမာ (မဇ္ဈိမ)
07 June 2023
အင်းစိန်ထောင်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်(ဗဟို)အနီးတွင် ယမန်နေ့ ဇွန်လ ၆ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ညဘက်တုန်းကပေါက်တာ ထောင်ဂိတ်ကိုတီး(တိုက်ခိုက်မှုပြုလုပ်)တာ နေမယ်။ ‌ဗုံးတွေပေါက်ပြီးတော့ ကွက်သစ်ရပ်ကွက်နဲ့ မုဒိတာအိမ်ရာမွှေခံလိုက်ရတယ်”ဟု အင်းစိန်မြို့‌နယ်နေ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ဗုံးပေါက်ကွဲမှုမှာ ည ၈ နာရီနှင့် ၉ နာရီအကြားတွင်ဖြစ်ပြီး သုံးကြိမ်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပေါက်ကွဲသံ နှစ်ခါကြားရပြီးတော့ သေနတ်ပစ်သံတွေ ကြားရတယ်။ သုံးချက် လေးချက်လောက်ရှိမယ်” ဟု ဒေသခံတဦးကလည်း ပြောသည်။

အဆိုပါဖောက်ခွဲမှုအား မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက လုပ်ဆောင်ခြင်းဖြစ်ကြောင်း မသိရသေး သော်လည်း ဗုံးပေါက်ကွဲမှုများကြောင့် လူထိခိုက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။

အင်းစိန်ထောင်အနီး ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ကွက်သစ်လမ်းနှင့် မုဒိတာအိမ်ရာသို့ စစ်ကောင်စီ တပ်မှဝင်ရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုနံနက်ပိုင်းတွင်လည်း အင်းစိန် ပေါက်တောဝမှတ်တိုင်မှ မင်းစေတီမှတ်တိုင်အထိ လမ်းပိတ်ဆို့ပြီး စစ် ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly