လူမျိုးဘာသာစွဲ အတ္တဘာဝနိုင်ငံရေးကို ဟန့်တားပါ

By Force India Nandita Haksar
07 June 2023
လူမျိုးဘာသာစွဲ အတ္တဘာဝနိုင်ငံရေးကို ဟန့်တားပါ

မဏိပူရ် အကြမ်းဖက်မှုက လူအစုအဖွဲ့တစ်ခုစီတိုင်း၏ အတိတ်ကာလ သဘောထားအမြင်နှင့် ဇာတ်ကြောင်း၌ အမြစ်တွယ်သည်။

မဏိပူရ်သည် ၁၉၄၉ ခုနှစ်တွင် အိန္ဒိယပြည်ထောင်စု၌ ပူးပေါင်းပါဝင်ခဲ့သော်လည်း ၁၉၇၂ ခုနှစ်ကျမှသာလျင် လုံးလုံးလျားလျား ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။ ၁၉၄၉ နှင့် ၁၉၇၂ အကြား မဏိပူရ်သည် ပြည်ထောင်စုနယ်မြေတစ်ခုအဖြစ် ရှိခဲ့သည်။ မဏိပူရ်ပြည်နယ်ကို မြောက်ဘက်တွင် နာဂလန်းပြည်နယ်၊ တောင်ဘက်တွင် မီဇိုရမ်ပြည်နယ်နှင့် အနောက်ဘက်တွင် အာသံပြည်နယ်တို့က ဝန်းရံထားသည်။ ထို့ပြင် မဏိပူရ်သည် မြန်မာနိုင်ငံ၏ ဒေသနှစ်ခု (အရှေ့ဘက်တွင် စစ်ကိုင်းတိုင်း၊ တောင်ဘက်တွင် ချင်းပြည်နယ်) နှင့် ထိစပ်နေသည့် ကီလိုမီတာ ၄၀၀ ခန့် အရှည်ရှိ နယ်စပ်တစ်ခု ရှိသည်။ မဏိပူရ်သည် အရှေ့တောင်အာရှသို့ တံခါးပေါက် ဖြစ်သလို အိန္ဒိယ၏ အရှေ့မျှော်မူဝါဒအတွက် အလွန်အရေးပါသည်။
မဏိပူရ် အိန္ဒိယပြည်ထောင်စုထဲ ဝင်ပြီးနောက်ပိုင်း ယင်းသည် သောင်းကျန်းမှုများအတွက် နေရာတစ်ခု ဖြစ်ထားခဲ့သည်။ သောင်းကျန်းသူအဖွဲ့ အတော်များများ ကြီးထွားလာပြီး ထိုကဲ့သို့ လက်နက်ကိုင်အဖွဲ့များ တစ်ဟုန်ထိုးများလာခြင်းက နိုင်ငံရေး ပြဿနာ၏ ခက်ခဲရှုပ်ထွေးမှုကို တစ်ပူပေါ် နှစ်ပူဆင့်စေခဲ့သည်။ ဖြစ်ရပ်များက မြန်ဆန်သည့် အရှိန်တစ်ခုဖြင့် ပေါ်ပေါက်နေခဲ့ပြီး ပဋိပက္ခများက လူအသေအပျောက် ပိုများလာစေခဲ့သည်။ သို့သော် ဂါဘရီယယ် ဂါစီယာ မာကွက်ဇ်၏ ဝတ္ထု Chronicles of a Death Foretold ကဲ့သို့ပင် အဖြစ်ဆိုးတို့ ဖြစ်လိမ့်မည် ဆိုသည်ကို လူတိုင်း သိသော်လည်း ယင်းကို မည်သူကမှ တားဆီးဟန့်တားလိုခြင်း ရှိမနေပေ။

လိုရင်း ပြောရလျှင် မဏိပူရ် အဖြစ်ဆိုး၏ အကြောင်းရင်းက လူမျိုးဘာသာစွဲ အတ္တဘာဝနိုင်ငံရေး (identity politics) ပင် ဖြစ်သည်။ လွန်ခဲ့သည့် ၁၉၈၁ ခုနှစ်က အာသံဘုန်းတော်ကြီးတစ်ပါးဖြစ်သည့် ကွယ်လွန်သူ နီရော့ဒ် ကူးမား ဘစ်ဝက်စ်၏ အငယ်ဆုံးသား နစ်ဘီဒန် ဘစ်ဝက်စ်က စာရေးဆရာအမည် နီအာမဲလ် နစ်ဘီဒန် အမည်ဖြင့် Northeast India: The Ethnic Explosion (1981) ဟု ခေါင်းစဉ်ပေးထားသော စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့သည်။ စာအုပ် အမှာစာတွင် သူက “ဒါက လူမျိုးစု တစ်ဟုန်ထိုး တိုးပွားမှု (ပေါက်ကွဲထွက်မှု) တစ်ခု ဖြစ်တယ်။ ဒါနဲ့ပတ်သက်လို့ အမှား မလုပ်ပါနဲ့။ ဘာသံသယမှ မရှိပါနဲ့။ တိုင်းရင်းသား လူနည်းစု ကိစ္စမှာ ၊ သူတို့က ဗမာ (မြန်မာ) ရဲ့ ကချင်တွေ၊ ကရင်တွေပဲဖြစ်ဖြစ်၊ အိန္ဒိယရဲ့ မီဇိုတွေ ဒါမှမဟုတ် အဟုမ် တွေပဲဖြစ်ဖြစ်၊ အဲဒီလို တိုင်းရင်းသားလူနည်းစုကိစ္စကို ကမ္ဘာ့ အစိုးရတွေ၊ အထူးသဖြင့် အိန္ဒိယနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေအနေနဲ့ အနီးကပ်လေ့လာကြရပါလိမ့်မယ်။ အိန္ဒိယရဲ့ တိုင်းရင်းသား လူနည်းစုတွေ၊ အထူးသဖြင့် မွန်ဂိုလွိုက် မျိုးရိုးဝင်တွေဟာ ပိုပြီးတော့ အာရုံစိုက်ခံရထိုက်ပါလိမ့်မယ်။ အတိတ်နေ့ရက်တွေတုန်းကတော့ မာန်မချတဲ့ လူမျိုးနွယ်စုဝင် အစုအဖွဲ့ငယ်တွေဟာ အဆိပ်သုတ်လိမ်းထားတဲ့ မြားတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ပြီး သူတို့ကိုယ်သူတို့ ခုခံကာကွယ်ခဲ့ကြပါတယ်။ ဒီကနေ့ကာလ ၁၉၈၀ မှာတော့ တိုင်းရင်းသားလူနည်းစုတွေဟာ ခေတ်မီအဆင့်မြင့်တဲ့ လက်နက်တွေ စွဲကိုင်ရင်း တိုက်ပွဲတွေမှာ နိုင်ငံ့စစ်တပ်တွေနဲ့ တိုက်ခိုက်လာနေကြပါပြီ။ အတိုချုပ်ပြောရရင် သူတို့ဟာ သူတို့ရဲ့ လူမျိုးနွယ်စု ကိုယ်ပိုင်လက္ခဏာကို အားမာန်အပြည့်နဲ့ ကာကွယ်စောင့်ရှောက်နေကြပါတယ်။ အဲဒါက ဘက်ပေါင်းစုံအားလုံးအတွက် ရှည်လျားတဲ့ စစ်ပွဲတစ်ခု ဖြစ်ပါတော့မယ်။ နှစ်ဘက်စလုံးအတွက် အလွန့်အလွန်၊ ထိထိရောက်ရောက်၊ အကြီးအကျယ် ထိခိုက်ပျက်စီးစေမယ့်အထိ ပေးဆပ်ရမယ့် တန်ဖိုးကြီးပါလိမ့်မယ်။ ဘယ်သူကမှ အောင်နိုင်သူအဖြစ် ပေါ်ထွက်လာနိုင်ဖွယ် မရှိပါဘူး။ နှစ်ဘက်စလုံးဟာ အရှုံးသမားတွေ ဖြစ်နိုင်ပါတယ်” ဟု ခန့်မှန်းရေးသားသည်။

ပဋိပက္ခများနှင့်ပတ်သက်၍ ‘ဓမ္မဓိဋ္ဌာန်ကျသော’ သို့မဟုတ် ဘက်မလိုက်သော ဖြစ်စဉ်၊ ဖြစ်ပျက်ပုံများ ရရှိရန် ခက်ခဲသည်။ အကြောင်းမှာ လူအစုအဖွဲ့တစ်ခုစီတိုင်းတွင် ၎င်းတို့၏ အတိတ်ကာလ၏ ကိုယ်ပိုင် သဘောထားအမြင်တွင် အမြစ်တွယ်နေသည့် ကိုယ်ပိုင် ဇာတ်ကြောင်းတို့ ရှိနေခြင်းကြောင့် ဖြစ်သည်။ “ဇာတ်လမ်းဇာတ်ကြောင်းတိုင်းမှာ အမြဲတစေ နှစ်ဦးနှစ်ဖက် ဆိုတာ ရှိပြီး အမှန်တရားက အဲဒီနှစ်ဖက်အကြားက တစ်နေရာရာမှာ ရှိတယ်လို့ အဆိုရှိပါတယ်။ ဒါပေမယ့် မဏိပူရ်မှာကတော့ အမှန်တရားက နှစ်ဦးနှစ်ဖက်အကြား တစ်နေရာရာမှာတင် မဟုတ်ဘဲ အဲဒါက ကွဲလွဲဆန့်ကျင်နေတဲ့ အဓိပ္ပါယ်ကောက်ယူမှုတွေရဲ့ အလွှာအထပ် တချို့မှာ အစဉ်အမြဲ နစ်မြုပ်နေပါတယ်” ဟု သတင်းထောက်တစ်ဦးက ထင်မြင်ချက်ပေးသည်။

သမိုင်းရာဇဝင်များနှင့်ပတ်သက်သည့် အဆိုပါ အငြင်းပွားမှုများကြောင့် မဏိပူရ်ပြည်နယ်အစိုးရသည် ၂၀၂၂ ၊ စက်တင်ဘာ ၁၆ ရက်တွင် အဖွဲ့ဝင် ၁၅ ဦးပါ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး မဏိပူရ်၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာနှင့် ပထဝီဝင်တို့နှင့်ပတ်သက်၍ ရေးသားထားသည့် စာအုပ်များ၏ တိကျမှန်ကန်မှုကို အတည်ပြုစစ်ဆေးရန် လုပ်ဆောင်ခဲ့သည်။ အချက်အလက်များကို လိုရာဆွဲ မမှန်မကန် ပြောထားခြင်းတို့ မဖြစ်အောင် တားဆီးရန် ရည်ရွယ်ခြင်းဖြစ်သည်။ လက်ရှိတွင် မဏိပူရ်၏ သမိုင်းကြောင်း အကြောင်း ရေးထားသည့် စာရေးဆရာတိုင်းသည် သူ/သူမ ၏ စာမူကို အတည်ပြု စစ်ဆေးမှုနှင့်ခွင့်ပြုချက်အတွက် မဏိပူရ် တက္ကသိုလ်နှင့် အဆင့်မြင့်ပညာရေးဌာန ညွှန်ကြားရေးမှူးထံ တင်သွင်းရမည် ဖြစ်သည်။ မဏိပူရ်၏ လူအစုအဖွဲ့များနှင့် ပြည်သူတို့အပေါ် စိတ်အနှောင့်အယှက်ပေးနေသည့် ကိစ္စများက မည်သည်တို့လဲ။

လူမျိုးနွယ်စု တစ်စုက ဘယ်သူတွေလဲ
မည်သူတွေက လူမျိုးနွယ်စုတစ်စု ဖြစ်သလဲ၊ မည်သူက မဖြစ်ဘူးလဲ ဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ငြင်းခုံဆွေးနွေးမှုတို့ ရှိသည်။ ငြင်းခုံ ဆွေးနွေးမှု၏ တစ်စိတ်တစ်ဒေသမှာ လူများကို ကိုလိုနီခေတ်ဆိုင်ရာ အုပ်စု အမျိုးအစားခွဲခြားမှုနှင့် ပတ်သက်၍ ဖြစ်သည်။ သို့သော် လွတ်လပ်ရေးရပြီးနောက် အိန္ဒိယတွင် လူအစုအဖွဲ့တစ်ခုသည် ဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များအောက်ရှိ အထူးသီးသန့် လူမျိုးစု (Scheduled Tribe) တစ်စု၏ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခံရပါက လူတစ်ဦးသည် လူမျိုးနွယ်စုဝင်တစ်ဦး ဖြစ်မည် ဖြစ်သည်။

မဏိပူရ်တွင် ယေဘုယျအားဖြင့် Scheduled Tribe (ST) အဖြစ် သတ်မှတ်ခံထားရသည့် လူအစုအဖွဲ့ အမျိုးအစားနှစ်ခု ရှိသည်။ ၎င်းတို့မှာ နာဂ လူအစုအဖွဲ့များနှင့် ကူကီး-ချင်း-မီဇို အစုအဖွဲ့တို့ဖြစ်သည်။ သို့သော် လူများစု အစုအဖွဲ့ဖြစ်သည့် မေထေး (ကသည်း) များမှာ Scheduled Tribes အဖြစ် သတ်မှတ်ခံထားရခြင်း မရှိပေ။ ယင်းအတွက်ကြောင့် ထိုအတန်းအစားအောက်တွင် ပါဝင်ခွင့်ရရေး မေထေးတို့က တောင်းဆိုလျက်ရှိပြီး ၎င်းတို့၏ တောင်းဆိုချက်ကို မျိုးနွယ်စု သို့မဟုတ် တောင်ပေါ် ပြည်သူတို့က ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။

များမကြာမီက မဏိပူရ်ရှိ မေထေး (ကသည်း) အစုအဖွဲ့ကို လက်ရှိ အသုံးပြုနေသည့် စံသတ်မှတ်ချက်တို့အရ Scheduled Tribes အဖြစ် အမျိုးအစားသတ်မှတ်နိုင်သလား ဆိုသည်နှင့်ပတ်သက်၍ အိန္ဒိယ မှတ်ပုံတင်အရာရှိချုပ်ရုံး (RGI) က ယင်း၏ သဘောထားရပ်တည်ချက်ကို အများသို့ ထုတ်ပြောရန် ငြင်းဆန်ခဲ့ချိန် ထိုကိစ္စသည် အတော်လေး အငြင်းပွားစရာနှင့် မတည်မငြိမ်ဖြစ်စရာ ကိစ္စ ဖြစ်လာခဲ့သည်။

ယခု သတင်းအချက်အလက်ကို အများပြည်သူထံ ထုတ်ဖော်ပါက အိန္ဒိယ၏ အချုပ်အခြာအာဏာနှင့် တည်တံ့ခိုင်မြဲမှု၊ မဏိပူရ်ပြည်နယ်၏ လုံခြုံရေး၊ မဟာဗျူဟာဆိုင်ရာ၊ သိပ္ပံနည်းကျဆိုင်ရာ သို့မဟုတ် စီးပွားရေး အကျိုးတရားများ၊ ပြည်ပ ပြည်နယ်တစ်ခုနှင့် ဆက်ဆံရေးတို့အပေါ် ထိခိုက်နစ်နာစေမည့် သက်ရောက်မှု ဖြစ်စေလိမ့်မည် သို့မဟုတ် ပြစ်မှုတစ်ခုအတွက် သွေးထိုးလှုံ့ဆော်မှုကို ဦးတည်စေလိမ့်မည် ဖြစ်ကြောင်း RGI ရုံးက ပြောသည်။

နိုင်ငံတကာ ဥပဒေအောက်တွင် လူမျိုးနွယ်စု (tribal) ဆိုသည့် စကားလုံးမှာ ရှုတ်ချချိုးနှိမ်မှုအဖြစ် ရှုမြင်ခံရပြီး ဌာနေတိုင်းရင်းသား (indigenous) ဆိုသည့် စကားလုံးကို အသုံးပြုသည်။ ဌာနေတိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကြေညာချက် (UNDRIP) ကို နိုင်ငံပေါင်း ၁၄၄ နိုင်ငံ (အများစု) ထောက်ခံမှုဖြင့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် အထွေထွေညီလာခံက အတည်ပြုသဘောတူခဲ့သည်။

အိန္ဒိယတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ လူမျိုးနွယ်စုဝင်ပြည်သူတို့အတွက် အထူး ပြဋ္ဌာန်းချက်များ ရှိသည်။ ယေဘုယျ သတ်မှတ်ချက်များအရ မျိုးနွယ်စုဝင်တို့ကို ပိုမို၍ ရှေ့ရောက်နှင့်သော အစုအဖွဲ့များ၏ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းမှ အကာအကွယ်ပေးထားသည်။ ထို့ပြင် မျိုးနွယ်စုဝင် မဟုတ်သူများက မျိုးနွယ်စုဝင်များ၏ မြေများကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ ဒုတိယတစ်ချက်က မျိုးနွယ်စုဝင် ပြည်သူတို့အတွက် စီမံအုပ်ချုပ်မှုပိုင်းတွင် ကိုယ်ပိုင်လုပ်ပိုင်ခွင့် အတိုင်းအတာတစ်ခုအတွက် ပြဋ္ဌာန်းချက်များ ရှိသည်။ မီဇိုရမ်နှင့် မဂ်ဟာလာယာ တို့သည် ဆဌမမြောက် ဇယားအောက်တွင် ရှိနေပြီး နာဂလန်းက ယင်းပြဋ္ဌာန်းချက်ကို ပယ်ချခဲ့သည်။ မဏိပူရ် လူမျိုးနွယ်စုဝင်များအတွက် ၎င်းတို့၏ မြေနေရာများကို မျိုးနွယ်စု မဟုတ်သူများထံ လွှဲပြောင်းရမှုမရှိစေရေး တားဆီးကာကွယ်ရန် အထူးဥပဒေများနှင့် အပိုဒ်ခွဲ ၃၇၁-ဂ ဖြင့် အကာအကွယ်ပေးထားသည်။ ပညာရေး အင်စတီကျူးရှင်းများနှင့် အလုပ်အကိုင်များတွင် သီးသန့်ဖယ်ပေးထားခြင်းများ အပါအဝင် မျိုးနွယ်စုများ၏ အခြေအနေကို ပိုမိုကောင်းမွန်စေမည့် သက်သာချောင်ချိရေး အထူးအစီအစဉ်များလည်း ရှိသည်။

ST အဆင့်အတန်းအတွက် စံသတ်မှတ်ချက်
လူအစုအဖွဲ့တစ်ခုကို Scheduled Tribe တစ်ခုအဖြစ် ကြေညာခြင်းအတွက် စံ သတ်မှတ်ချက်ကို အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှင်းရှင်းလင်းလင်း ဖော်ပြမထားပေ။ ၁၉၆၅ ခုနှစ်တွင် လူအစုအဖွဲ့တစ်ခုကို ST စာရင်းတွင် ထည့်သွင်းနိုင်သလား ဆိုသည်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ခဲ့သည့်  Lokur ကော်မတီ ရှိခဲ့သည်။ စံသတ်မှတ်ချက်များတွင် ရှေးကျသော ဉာဉ်လက္ခဏာများ၏ ပတ်သက်သည့် အမှတ်အသားများ၊ ကွဲပြားသော ယဉ်ကျေးမှု၊ ပထဝီဝင်ဆိုင်ရာ သီးသန့် ဖြစ်မှု၊ အများစုဖြစ်သော လူအစုအဖွဲ့နှင့် ထိတွေ့ဆက်သွယ်ရန် ရှောင်ဖွယ်မှုနှင့် ခေတ်နောက်ကျကျန်မှုတို့ ပါဝင်သည်။

လူအစုအဖွဲ့များကို ထည့်သွင်းပါဝင်စေခြင်းအတွက် လုပ်ထုံးလုပ်နည်းနှင့် စံ သတ်မှတ်ချက်တို့သည် ခေတ်နောက်ကျနေခြင်း၊ စီးပိုးခြင်း၊ တရားသေစွဲခြင်းနှင့် တင်းကျပ်ခြင်းတို့ ရှိနေခြင်းအတွက် ၂၀၁၄ ၊ ဖေဖေါ်ဝါရီလတွင် ဖွဲ့စည်းသော ပြည်တွင်း အစိုးရ အထူးလုပ်ငန်းအဖွဲ့တစ်ခုက အပြင်းအထန် ဝေဖန်ခဲ့သည်။ လေ့လာကြည့်သည့်အခါတွင် အဆိုပါ လုပ်ထုံးလုပ်နည်းတို့က “ကိုးရိုးကားရား နိုင်” သလို လူမျိုး၊ အသားအရောင်အရ အနှိမ်ခံရခြင်းကို ကျော်လွှားရေးကျင့်စဉ် (affirmative action) နှင့် ထည့်သွင်းပါဝင်စေခြင်းအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ငန်းစဉ်ကို ပျက်ပြားစေသည်ဟု ထိုစဉ်က မျိုးနွယ်စုရေးရာ အတွင်းဝန် ဟရူဆီကက်ရှ် ပန်ဒါ ဦးဆောင်သော ကော်မတီက ပြောသည်။ ထို စံသတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကြောင့် နိုင်ငံတစ်ဝန်း လူအစုအဖွဲ့ ၄၀ နီးပါးတို့၏ ထည့်သွင်းပါဝင်စေခြင်းအပေါ် နှောင့်နှေးကြန့်ကြာစေခြင်း သို့မဟုတ် ဖယ်ထုတ်ခံခြင်းတို့ကို ဖြစ်စေခဲ့သည်ဟု အထူးလုပ်ငန်းအဖွဲ့က ကောက်ချက်ချသည်။

ထို အထူးလုပ်ငန်းအဖွဲ့၏ အစီရင်ခံစာအပေါ် အခြေပြုပြီး နာရင်ဒြာ မိုဒီ ဦးဆောင်သော ပထမအစိုးရအဖွဲ့သည် ၂၀၁၄ ခုနှစ် တာဝန်စယူသည့် အစောပိုင်းရက်များအတွင်းမှာပင် လုပ်ထုံးလုပ်နည်းများနှင့် စံသတ်မှတ်ချက်များကို ပြောင်းလဲရန် အစိုးရအဖွဲ့ မူကြမ်း မှတ်ချက်တစ်စောင်ကို အဆိုပြုခဲ့သည်။ သို့သော် ရှစ်နှစ်နီးပါးကြာ စီစဉ်ဆောင်ရွက်ပြီးနောက် အဆိုပြုချက်ကို ဆိုင်းငံ့ထားခဲ့ရသည်။

ထိုနောက်ပိုင်းမှစ၍ မျိုးနွယ်စုရေးရာ ဝန်ကြီး အာဂျန် မွန်ဒါက Lokur ကော်မတီ သတ်မှတ်သော စံသတ်မှတ်ချက်တို့က သင့်လျော်မှုရှိကြောင်းနှင့် မျိုးနွယ်စု အစုအဖွဲ့များ အပြောင်းအလဲ မဖြစ်ကြောင်း ပါလီမန်၌ အခိုင်အမာ ပြောခဲ့သည်။ အစိုးရအနေဖြင့် ST အမျိုးအစားတွင် လူအစုအဖွဲ့များ ထည့်သွင်းခြင်းအတွက် စံသတ်မှတ်ချက်တို့ကို ပြောင်းလဲရန် အမှန်တကယ် ကြိုးပမ်းလျက် ရှိကြောင်း လူမျိုးနွယ်စုရေးရာ ဝန်ကြီးဌာန၏ များမကြာမီက မှတ်ချက်တစ်ခုတွင် ပြသသည်။
၁၉၉၉ ၊ ဇွန် ၁၅ ရက်တွင် အိန္ဒိယအစိုးရသည် (၂၀၀၂ ဇွန် ၂၅ ရက်တွင် ထပ်မံပြင်ဆင်ထားသကဲ့သို့) Scheduled Tribes (STs) စာရင်းများကို သတ်မှတ်သည့် အမိန့်ညွှန်ကြားချက်များတွင် ထည့်သွင်းပါဝင်စေခြင်းနှင့် ဖယ်ထုတ်ခြင်းဆိုင်ရာ တောင်းဆိုမှုများနှင့် အခြား ပြုပြင်မွမ်းမံမှုများကို ဆုံးဖြတ်ခြင်းအတွက် ကျင့်စဉ်များကို အတည်ပြုခဲ့သည်။ သို့ဖြစ်၍ သက်ဆိုင်ရာ ပြည်နယ်အစိုးရ/ ပြည်ထောင်စုနယ်မြေ အုပ်ချုပ်ရေးပိုင်းက မှန်ကန်ကြောင်းပြသထားသည့်၊ ထောက်ခံချက်ပေးထားသည့် အဆိုပြုချက်များကိုသာလျှင် ရှေ့ဆက်လက်လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထို့နောက် ယင်းသည် ဥပဒေ ပြင်ဆင်မှုကို စဉ်းစားသုံးသပ်ခြင်းအတွက် Scheduled Tribes ဆိုင်ရာ အမျိုးသားကော်မရှင် (NCST) နှင့် RGI တို့နှင့် သဘောထား တိုက်ဆိုင်ရလိမ့်မည် ဖြစ်သည်။

ရှိရင်းစွဲ စံသတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းတို့ကို စစ်ဆေးရန် ထိုစဉ်က အတွင်းဝန် (မျိုးနွယ်စုရေးရာ) ၏ ဦးဆောင်မှုအောက်ရှိ အထူးလုပ်ငန်း အဖွဲ့တစ်ခုကို လူမျိုးနွယ်စုရေးရာ ဝန်ကြီးဌာနက ၂၀၁၄ ဖေဖေါ်ဝါရီတွင် တရားဝင် လုပ်ပိုင်ခွင့်ပေးခဲ့သည်။ ဝန်ကြီးဌာနသို့ တင်ပြသော အထူးလုပ်ငန်းအဖွဲ့၏ အစီရင်ခံစာထဲတွင် အကြံပြုချက်များ ပြုလုပ်ထားပြီး ယင်းတို့အနက် STs များအဖြစ် မျိုးနွယ်စုများကို အစီအစဉ်ဇယား ရေးဆွဲ သတ်မှတ်ခြင်းအတွက် လုပ်ထုံးလုပ်နည်းနှင့် စံသတ်မှတ်ချက်များကို ပြင်ဆင်ရေးလည်း ပါဝင်သည်။ အထူးလုပ်ငန်းအဖွဲ့၏ အကြံပြုချက်များကို စစ်ဆေးခဲ့ပြီး ယင်းနောက် STs များအဖြစ် လူအစုအဖွဲ့များကို အစီအစဉ်ဇယား ရေးဆွဲ သတ်မှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကို စုစည်းခိုင်မာစွာ အသုံးပြုရေးနှင့် STs များအဖြစ် လူအစုအဖွဲ့များကို အစီအစဉ်ဇယား ရေးဆွဲ သတ်မှတ်ခြင်းဆိုင်ရာ စံနှုန်းများကို ပြင်ဆင်ရေးအတွက် အဆိုပြုချက်ကို ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများထံ ဖြန့်ဝေခဲ့သည်။ ပြည်နယ်တစ်ခုမှလွဲပြီး ပြည်နယ်အားလုံး/ ပြည်ထောင်စုနယ်မြေအားလုံးထံမှ အမြင်များကို ရယူခဲ့သည်။

မဏိပူရ်ရှိ အငြင်းပွားမှု
မဏိပူရ်တွင် လူများစု အစုအဖွဲ့ဖြစ်သည့် မေထေးတို့သည် Scheduled Tribe အတန်းအစားတွင် ထည့်သွင်းပါဝင်ခွင့်ရရေး တောင်းဆိုထားကြသည်။ ဒေသခံဌာနေတိုင်းရင်းသား အစုအဖွဲ့တစ်ခု ဖြစ်ခြင်းအပေါ် အခြေခံသည့် အခြေအနေ အဆင့်အတန်းတစ်ခုကို ၎င်းတို့က တောင်းဆိုနေကြသည်။

၂၀၁၅ တွင် မဏိပူရ်ပြည်နယ် အစိုးရသည် ဥပဒေမူကြမ်း သုံးခုကို တင်သွင်းခဲ့သည်။ ယင်းတို့မှာ မဏိပူရ် မြေယာ ဝင်ငွေနှင့် မြေယာ ပြုပြင်ပြောင်းလဲမှုများ (ခုနစ်ကြိမ်မြောက်) ပြင်ဆင်ချက် ဥပဒေမူကြမ်း ၂၀၁၅ (MLRLR Bill 2015) ၊ မဏိပူရ် ပြည်သူတို့၏ အကာအကွယ်ပေးမှု ဥပဒေမူကြမ်း ၂၀၁၅ နှင့် မဏိပူရ် ဈေးဆိုင်များနှင့် အဆောက်အအုံများဆိုင်ရာ အက်ဥပဒေ (ဒုတိယ) ပြင်ဆင်ချက် ဥပဒေမူကြမ်း ၂၀၁၅ တို့ဖြစ်သည်။

မဏိပူရ်၏ မျိုးနွယ်စုဝင်များက ထို ဥပဒေမူကြမ်းများကို ပူးတွဲ ကန့်ကွက်ခဲ့ကြပြီး ထိုဥပဒေများ ပြန်ရုပ်သိမ်းရေး တောင်းဆိုခဲ့ကြသည်။ အကယ်၍ မေထေးများကို ဌာနေတိုင်းရင်းသားများအဖြစ် အသိအမှတ်ပြုပါက ယင်းသည် ၎င်းတို့ကို ST အဆင့်အတန်း ပေးခြင်း သဘောသက်ရောက်မည် ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။ ယင်းမှတစ်ဆင့် မဏိပူရ်တွင် မေထေးတို့၏ စီးပွားရေးနှင့် နိုင်ငံရေး လွှမ်းမိုးမှုနှင့် ထိန်းချုပ်မှုကို ပိုပြီး အားကောင်းစေရုံသာ ဖြစ်စေလိမ့်မည်ဟု မျိုးနွယ်စုဝင် ပြည်သူများက ပြောသည်။ တောင်တန်းတောင်ပေါ် ဒေသများသည်လည်း ဖွံ့ဖြိုးရေး ရန်ပုံငွေများနှင့်ပတ်သက်ပြီး ၎င်းတို့ရရမည့် ဝေစုကို ရရှိခြင်း မရှိကြောင်းနှင့် မျိုးနွယ်စုဆိုင်ရာ သက်သာချောင်ချိရေးအတွက် ရန်ပုံငွေများကိုတောင်မှ တောင်ကြားဒေသသို့ လွှဲပြောင်းပေးထားခဲ့ရသည် ဆိုပြီး တောင်ပေါ်ပြည်သူတို့က ထုတ်ဖော်ခဲ့သည်။

ဥပဒေမူကြမ်းများအပေါ် ဆန့်ကျင်လှုပ်ရှားသည့် ဖြစ်စဉ်အတွင်း အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး အပါအဝင် လူကိုးဦး သေဆုံးခဲ့သည်။ ကူကီး မျိုးနွယ်စုဝင်တို့သည် အဆိုပါ သေဆုံးသူတို့ကို ရက်ပေါင်း ၆၃၂ ရက်ကြာ မြှုပ်နှံခြင်း မပြုဘဲ ထားခဲ့သည်။ ထို ဥပဒေမူကြမ်းများသည် ပြည်နယ်တွင်းသို့ မဏိပူရီ မဟုတ်သူများ ဝင်ရောက်ခြင်းအပေါ် တားဆီး၊ စည်းမျဉ်းဖြင့် ထိန်းသိမ်းမည့် အတွင်းစည်း ပါမစ် စနစ်တစ်ခု မိတ်ဆက်ခြင်းအတွက် အင်ဖာ တောင်ကြားဒေသတွင် မျိုးနွယ်စုမဟုတ်သော မေထေးတို့၏ လှုပ်ရှားမှုတစ်ခု၏ အပြီးသတ်ရလဒ်လည်း ဖြစ်သည်။

မျိုးနွယ်စု ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ MLAs အားလုံးနှင့် စေ့စပ်သေချာစွာ တိုင်ပင်ဆွေးနွေးပြီးမှ ထို ဥပဒေမူကြမ်းသုံးခုကို ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု ကွန်ဂရက် အစိုးရက ပြောသော်လည်း ယင်းကို မျိုးနွယ်စု အစုအဖွဲ့များက ငြင်းဆန်သည်။ မိမိတို့ကို တိုင်ပင်ခဲ့ခြင်း မရှိဟု ၎င်းတို့က ပြောသလို ထိုဥပဒေမူကြမ်းများကြောင့် မျိုးနွယ်စုမဟုတ်သူများ၊ အထူးသဖြင့် မေထေးများက မျိုးနွယ်စု ဧရိယာများသို့ ကျူးကျော်ဝင်ရောက်မှုကို ဖြစ်စေလိမ့်မည်ဟု ပြောသည်။

ဌာနေတိုင်းရင်းသားပြည်သူများ
အပြင်လူ၊ သူစိမ်းများဘေးမှ ၎င်းတို့ကို အကာအကွယ်ပေးခြင်း မရှိပါက နိုင်ငံသားဆိုင်ရာ ပြင်ဆင်ချက် ဥပဒေ ၂၀၁၉ ကို ထောက်ခံမည် မဟုတ်ဟု မဏိပူရီတို့က ပြောပြီးနောက် မဏိပူရ် ပြည်သူများ အကာအကွယ်ပေးခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ၂၀၁၈ တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ မျိုးနွယ်စုများက ထိုဥပဒေများကို ကန့်ကွက်သော်လည်း မေထေးများသည် ဥပဒေပြုလွှတ်တော်အမတ်နေရာ ၆၀ အနက် အမတ်နေရာ ၄၀ နှင့်အတူ နိုင်ငံရေးပါဝါ ရှိသည်။ အမှန်အားဖြင့် တောင်ပေါ် ဧရိယာများဆိုင်ရာ ကော်မတီ ရှိသော်လည်း လူမျိုးဘာသာစွဲ အတ္တဘာဝ နိုင်ငံရေးကြောင့်နှင့် နိုင်ငံရေးအမြင် မရှိမှုကြောင့် မျိုးနွယ်စု ပြည်သူများ၏ အခွင့်အရေးများကို ကာကွယ်ရာတွင် ကြီးကြီးမားမား ထိရောက်မှု မရှိခဲ့ပေ။

ထိုကဲ့သို့ တစ်ဖက်စောင်းနင်း ဖြစ်မှုကြောင့် မဏိပူရ် လွှတ်တော်တွင် မျိုးနွယ်စုဆိုင်ရာ အကျိုးစီးပွားများကို ကိုယ်စားပြုခြင်းနှင့်ပတ်သက်သည့် အရေးကိစ္စများကို ထွက်ပေါ်စေပြီး ယင်းက နိုင်ငံသားဖြစ်မှုဆိုင်ရာ အခွင့်အရေးများနှင့် ဆက်နွယ်သည့် အဓိက ကိစ္စတစ်ခုဖြစ်သည်။ မဏိပူရ်တွင် ၁၉၅၁ မတိုင်မီကတည်းက နေထိုင်လာသော အခြားသော အစုအဖွဲ့များလည်း ရှိနေသည်။ ဥပမာအားဖြင့် နီပါလီတို့ ဖြစ်ပြီး ၎င်းတို့သည် ဥပဒေမူကြမ်းကို ကန့်ကွက်ထားခဲ့ပြီး အကြောင်းမှာ ၎င်းတို့တွင် ပြည်နယ်၌ ၎င်းတို့နေထိုင်ကြောင်းကို သက်သေပြနိုင်မည့် စာရွက်စာတမ်းမရှိခြင်းကြောင့် ဖြစ်သည်။

မဏိပူရ် ပြည်သူများဆိုင်ရာ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ အငြင်းပွားမှုက ပြဋ္ဌာန်းချက်နှစ်ခုကြောင့် ဖြစ်သည်။ “ဌာနေ တိုင်းရင်းသား” များဆိုင်ရာ အသိအမှတ်ပြုခြင်းနှင့် အသိအမှတ်ပြုမှုအတွက် နောက်ပိတ်ဆုံးနေ့ကို ၁၉၇၁ မှ ၁၉၅၁ ထံ နောက်ပြန်ဆုတ်ခဲ့ခြင်း ဖြစ်သည်။ တစ်စိတ်တစ်ဒေသအားဖြင့် မေထေးတို့ကို ဌာနေတိုင်းရင်းသားများအဖြစ် အသိအမှတ်ပြုခြင်းက Scheduled Tribe အဖြစ် အသိအမှတ်ပြုခံရရေး ၎င်းတို့၏ တောင်းဆိုမှုအတွက် အခြေခံဖြစ်စေခဲ့ပြီး ထိုတောင်းဆိုချက်အပေါ် နာဂများနှင့် ကူကီး-ချင်း-မီဇို အစုအဖွဲ့တို့အပါအဝင် လူမျိုးနွယ်စု အားလုံးက အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ထားသည်။

ပြင်ပလူ၊ သူစိမ်းများ အလုံးအရင်းဖြင့် ဝင်ရောက်မှုမှ အကာအကွယ်ပေးရန် အတွင်းစည်း ပါမစ် စနစ် အကောင်အထည်ဖော်ရေး မေထေး အဖွဲ့အစည်းများ၏ ကာလကြာ ဆိုင်းငံ့ထားခဲ့ရသော တောင်းဆိုချက်အတွက် ဖြေရှင်းချက်နည်းလမ်းတစ်ခုအဖြစ် ဥပဒေမူကြမ်းများကို မဏိပူရ်ပြည်နယ် အစိုးရက တင်ပြခြင်း ဖြစ်သည်။ အတွင်းစည်း ခွင့်ပြုချက် ဆိုသည်မှာ အထူးသဖြင့် အထူးသတိထားဆင်ခြင်ရသော နယ်စပ်ဧရိယာများ အပါအဝင် နိုင်ငံရှိ တချို့တချို့သော ကန့်သတ်ဧရိယာများထဲ ဝင်ရောက်ရန် အိန္ဒိယနိုင်ငံသားများပင်လျှင် တောင်းခံရန် လိုအပ်သည့် အထူးပါမစ်တစ်ခုဖြစ်သည်။ “ဌာနေတိုင်းရင်းပြည်သူများကို ရွှေ့ပြောင်းများဘေးမှ အကာအကွယ်ပေးမည့် ဥပဒေအတွက် လှုပ်ရှားဆောင်ရွက်မှုကို အတွင်းစည်း ပါမစ် စနစ်ဆိုင်ရာ ပူးတွဲကော်မတီ (JCILPS) က ဦးဆောင်လုပ်ဆောင်ထားခဲ့သည်။

အပြင်လူ၊ သူစိမ်းများက ဘယ်သူတွေလဲ
အိန္ဒိယ၏ နေရာဒေသအများအပြားတွင်ကဲ့သိုပင် မဏိပူရ်တွင်လည်း နိမ့်ကျသော အသုံးအနှုန်းများဖြင့် “အပြင်လူ၊ သူစိမ်း” ကို ရည်ညွှန်းသည့် စကားလုံးတစ်လုံး ရှိသည်။ စကားလုံးက Mayang ဖြစ်ပြီး ယင်းသည် မဏိပူရီ မဟုတ်သော အိန္ဒိယများကို ရည်ညွှန်းသည်။ သို့သော် ၎င်းတို့သည် မီဇိုများဖြစ်စေ သို့မဟုတ် ဗမာများဖြစ်စေ မွန်ဂိုလွိုက်များကို မရည်ညွှန်းပေ။

မဏိပူရ်ရှိ လူအစုအဖွဲ့များနှင့် မျိုးနွယ်စုအများအပြားကို မြန်မာနှင့် အိန္ဒိယအကြား နိုင်ငံတကာ နယ်စပ်ဖြင့် ပိုင်းခြားထားသည်။ ထိုသို့ ဆိုသော်လည်း ၎င်းတို့သည် နယ်စပ်၏ ဟိုဖက်၊ ဒီဖက်တွင် ၎င်းတို့၏ မိသားစုများ၊ အစုအဖွဲ့များနှင့် ဆက်သွယ်မှုများ ဆက်ရှိနေသည်။ လူအစုအဖွဲ့များကို အတူတကွ ဖြစ်စေရန်အတွက် နယ်စပ်များကို ပြန်လည်ရေးဆွဲရန် သောင်းကျန်းသူအဖွဲ့တချို့က တောင်းဆိုထားသည်။ မေထေးတို့က နယ်စပ်နှင့်ပတ်သက်ပြီး စောဒကတက်သလို မြန်မာရှိ ကဘော ချိုင့်ဝှမ်းသည် ၎င်းတို့အပိုင် ဖြစ်သည်ဟု ဆိုသည်။ တစ်ချိန်တည်းမှာပင် ဗမာရှိ နာဂလူမျိုးစုသည် အိန္ဒိယရှိ နာဂများနှင့် ပေါင်းစည်းသင့်သည်ဟု နာဂ‌ သောင်းကျန်းသူများက တောင်းဆိုသည်။

ကူကီး သောင်းကျန်းသူတို့တွင်လည်း ကူကီးတို့ နေထိုင်ရာ ဧရိယာအားလုံးကို ကူကီး ဇာတိဒေသတစ်ခု၏ အုပ်ချုပ်မှုတစ်ရပ်အောက်တွင် တပေါင်းတစည်းတည်း ရှိရေး အမြင်တစ်ခု ရှိသည်။ သီးခြား ကူကီး လက်နက်ကိုင်အဖွဲ့ ၁၉ ဖွဲ့ခန့် ရှိပြီး အများစုအတွက် ၎င်းတို့သည် အိန္ဒိယ ပြည်ထောင်စုအတွင်း ဇာတိဒေသတစ်ခုကို ၎င်းတို့က တောင်းဆိုလျက် ရှိသည်။ ကူကီး MLAs ၁၀ ဦးက ၎င်းတို့အနေဖြင့် မဏိပူရ်တွင် မနေထိုင်နိုင်ကြောင်း ပြောဆိုပြီး သီးခြား အုပ်ချုပ်မှုတစ်ရပ်ကို တောင်းဆိုထားသည်။

နာဂ သောင်းကျန်းသူများက အိန္ဒိယ နှင့် မြန်မာရှိ နာဂ အခြေချ ဧရိယာအားလုံး ပေါင်းစည်းရေးအတွက် တောင်းဆိုချက်ကို ပထမဆုံး ထုတ်ဖော်ခဲ့သည်။ မူလကနဦးတွင် ၎င်းတို့၏ တောင်းဆိုချက်မှာ အချုပ်အခြာအာဏာပိုင် အမျိုးသားနိုင်ငံတစ်ခုအတွက် ဖြစ်သော်လည်း များမကြာမီတွင်မူ ၎င်းတို့သည် မူလကနဦး တောင်းဆိုချက်ကို ဆက်လက် ရှင်သန်စေလျက်ဖြင့် မဏိပူရ်၏ နာဂ ဧရိယာများကို နာဂလန်း (နှင့် အာသံနှင့် အရူနာချယ် ပရာဒက်ရှ်၏ နာဂ ဧရိယာများ) နှင့် ပေါင်းစည်းရေးကို တောင်းဆိုထားသည်။ နာဂများနှင့် ကူကီးများသည် နယ်မြေနယ်နိမိတ်နှင့် ပတ်သက်၍ ယခင်အတိတ်ကာလက လူသေဆုံးစေသော ပဋိပက္ခများ ရှိထားခဲ့သော်လည်း များမကြာမီက ပဋိပက္ခများတွင် နာဂတို့ ပါဝင်ပတ်သက်ထားခဲ့ခြင်း မရှိပေ။

မြန်မာတွင် စစ်တပ်အာဏာသိမ်းမှုနှင့် မြန်မာနိုင်ငံသားများ မဏိပူရ်ပြည်နယ်ထဲ ဝင်ရောက်ခိုလှုံခြင်းတို့ကြောင့် ဇာတိဒေသ မွေးရပ်ဌာနေတို့နှင့် ပတ်သက်သည့် ပဋိပက္ခမှာ လက်တလော ဆက်စပ် စဉ်းစားရမည့် အခြေအနေနှင့် သက်ဆိုင်နေသည်။ ဝင်ရောက်ခိုလှုံသူများအနက် အများစုသည် ချင်းလူမျိုးစုဝင်များဖြစ်သော်လည်း အဝေးဆုံး ရန်ကုန်မှ လာသည့် တက်ကြွလှုပ်ရှားသူများလည်း ရှိသည်။

မြန်မာနိုင်ငံဘက်မှ “တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ” အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခြင်းအပေါ် တားဆီးရမည်ဟု အိန္ဒိယအစိုးရက ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် ၂၀၁၇ ခုနှစ်တွင် အရှေ့မြောက်ပြည်နယ်များထံ သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထို့နောက် ၂၀၂၁ မတ်လ ၁၀ ရက်တွင် ၎င်းတို့ကို ‘ဒုက္ခသည်များ’ အဖြစ် ဆက်ဆံခြင်း မပြုရန် ပြည်နယ်အစိုးရများကို အိန္ဒိယ ဗဟိုအစိုးရက သတိပေးခဲ့သည်။

၂၀၂၁ ၊ ဖေဖေါ်ဝါရီလ အာဏာသိမ်းခဲ့သည့် မြန်မာစစ်တပ်၏ လူမဆန်သော ဖြိုခွင်းနှိမ်နင်းမှုများနောက်ပိုင်း ထွက်ပြေးလာရသော မြန်မာနိုင်ငံသားများနှင့် တစည်းတလုံးတည်း ရှိကြောင်း ထုတ်ဖော်ခဲ့သည့် ဒေသခံပြည်သူတို့၏ ဖိအားပေးမှုအောက်တွင် မဏိပူရ်နှင့် မီဇိုရမ်ပြည်နယ် အစိုးရများသည် ဗဟိုအစိုးရ၏ ညွှန်ကြားချက်များကို ဆန့်ကျင်ခဲ့ကြသည်။

လူအစုအဖွဲ့အားလုံးသည် ဒုက္ခသည်များကို အကူအညီများ ကမ်းလှမ်းပေးခဲ့သော်လည်း ဖိစီးနှိပ်စက်မှုမှ ထွက်ပြေးလာကြရသော အဆိုပါ ဒုက္ခသည်များကို ထောက်ကူပံ့ပိုးရသည့် ဝန်ထုပ်ဝန်ပိုးသည် ကူကီးတို့အပေါ် ကျရောက်ခဲ့သည်။ ကူကီး လူမျိုးစုဝင်များသည် ဒုက္ခသည်များကို အခြေခံ အထောက်အပံ့များဖြင့် ပံ့ပိုးပေးခဲ့သည်။ ယင်းနောက် မဏိပူရ်ပြည်နယ် အစိုးရသည် ဗဟိုအစိုးရ၏ ဖိအားပေးမှုကို မလွန်ဆန်နိုင်ခဲ့ဘဲ မြန်မာနိုင်ငံမှ လာသော နိုင်ငံခြားသားအားလုံးသည် “တရားမဝင် ရွှေ့ပြောင်းများ” ဖြစ်သည်ဟု ကြေညာခဲ့သည်။ ယုတ်စွအဆုံး ၎င်းတို့သည် မြန်မာနိုင်ငံသားတချို့ကို ခိုလှုံစရာနေရာပေးခဲ့သည့် သင်းအုပ်ဆရာတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဒုက္ခသည်များကို ထုတ်ပေးသည့် UNHCR သက်သေခံကတ်ပြားကို အသိအမှတ်ပြုမည်မဟုတ်ဟု အိန္ဒိယအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။ တတိယနိုင်ငံများတွင် ပြန်လည်အခြေချခွင့် ရထားသူများကိုပင်လျှင် ထွက်ခွာခွင့် ပါမစ်များ ထုတ်ပေးမည် မဟုတ်ဟု ၎င်းတို့က ပြောသည်။ သို့သော် ပြည်ပရေးရာ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များသည် UNHCR အမှုဆောင် ကော်မတီတွင် ပါဝင်နေသည်။

မြန်မာဘက်မှ ဝင်လာသော ချင်းလူမျိုးစုဝင် အများအပြားမှာ နောက်ဆုံးတွင် မိမိတို့ မြေပေါ်တွင် အခြေချခွင့် ရပြီး မဲဆန္ဒရှင်များအဖြစ် ရေတွက်ခံရမည့်အပေါ် စိုးရိမ်ကြောင်း မေထေးများနှင့် နာဂတို့က ထုတ်ဖော်ခဲ့သည်။ ယင်းအတွက် မေထေးများက နိုင်ငံသားများအတွက် အမျိုးသား မှတ်ပုံတင်စာရင်းတစ်ခုကို တောင်းဆိုနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဖိစီးနှိပ်ကွပ်ခံ မွတ်စလင် လူနည်းစုဖြစ်သည့် ရိုဟင်ဂျာများနှင့် စပ်လျဉ်းပြီး အိန္ဒိယအစိုးရ၏ စိုးရိမ်ပူပန်မှုက ခက်ခဲနေပြီးသား ကိစ္စကို ပိုမိုရှုပ်ထွေးစေသည့် အကြောင်းအချက်တစ်ခု ဖြစ်သည်။ အဆိုပါ ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်ခံထားရပြီး ၎င်းတို့သည် နိုင်ငံမဲ့ (ပုဂ္ဂိုလ်များ) ဖြစ်လာသလောက် ဖြစ်နေကြသည်။ အိန္ဒိယရှိ လက်ရှိ နိုင်ငံရေး အခြေအနေအောက်တွင် ရိုဟင်ဂျာ မွတ်စလင်တို့မှာ အခြားသော ဒုက္ခသည်များထက် ပို၍ပင် မတရား ဖိနှိပ်ခံထားရသည်။

မြန်မာဘက်မှ လာသော ဒုက္ခသည်များကို သက်သေခံ ကတ်ပြားများ ပြည်နယ်အစိုးရက ထုတ်ပေးခြင်းကို ခွင့်ပြုခြင်းက ပြဿနာအတွက် အလွယ်ကူအရိုးရှင်းဆုံး ဖြေရှင်းနည်းလမ်း ဖြစ်ခဲ့နိုင်သည်။ ယင်းက ၎င်းတို့ကို အခြေခံ လူသားချင်းစာနာမှု အကူအညီများ ရရှိခွင့် ရစေလိမ့်မည် ဖြစ်သည်။ ထို့ပြင် နိုင်ငံသားများအတွက် အမျိုးသား မှတ်ပုံတင်စာရင်းတစ်ခု အစိုးရတွင် ရှိရေး မေထေးများ တောင်းဆိုနေသည့် အပိုင်းတစ်ခုအစား ယင်းက ‘အပြင်လူ၊ သူစိမ်း’ များ၏ အရေအတွက်ဆိုင်ရာ မှတ်တမ်းတစ်ခုကို ထိန်းသိမ်းရာ ရောက်လိမ့်မည် ဖြစ်သည်။ ‘အပြင်လူ၊ သူစိမ်းများ’ ကို ဆန့်ကျင် ကြွေးကြော်ခြင်းက သူစိမ်းကြောက်သည့် ထိန်းမနိုင် သိမ်းမနိုင်ဖြစ်မှုအခြေအနေကို အရှိန်မြင့်စေသလို ယင်းက နောက်ထပ် အကြမ်းဖက်မှုတို့ကိုသာ ဦးတည်စေလိမ့်မည် ဖြစ်သည်။

မြေယာ မေးခွန်း
ပဋိပက္ခ၏ ဇာစ်မြစ် အကြောင်းရင်းမှာ မြေ ဖြစ်သည်။ မျိုးနွယ်စုများက တောင်ကြား ချိုင့်ဝှမ်းဒေသတွင် မြေပိုင်ဆိုင်နိုင်ခွင့် ရှိနေချိန် မိမိတို့အနေဖြင့် မျိုးနွယ်စု တောင်ပေါ်ဒေသများတွင် မြေပိုင်ဆိုင်နိုင်ခြင်း မရှိသည့်အပေါ် တရားမျှတမှု မရှိဟု မေထေး တချို့က ခံစားကြသည်။ မဏိပူရ် အစိုးရသည် သီးသန့် သစ်တော ဧရိယာများဟု ၎င်းတို့ ခေါ်သည့် နေရာများမှ မျိုးနွယ်စုများကို စတင်နှင်ထုတ်ခဲ့သည်။ ၂၀၂၀ တွင် Langol သီးသန့် သစ်တောအောက်ရှိ ဧရိယာများ၌ တရားမဝင်ဟု ဆိုသည့် အဆောက်အအုံ (အိမ်များ) ၁,၃၄၆ လုံးကို ဖြိုဖျက်ရန် ညွှန်ကြားခံရပြီး ယင်းအမှုကိစ္စများသည် တရားရုံးများတွင် ဆိုင်းငံ့ထားသည်။ ဥပဒေအရ နှင်ထုတ်မှု လုပ်ဆောင်ချက်အရ မိသားစု ၉၅ စု နေအိမ်များကို ဆုံးရှုံးခဲ့သည်။ Langol ဧရိယာသည် အင်ဖာရှိ တောင်ခြေများတွင် ရှိသည်။

မျိုးနွယ်စုများ မြေပိုင်ခွင့်များ ပိတ်ပင်ခံခဲ့ရသည့် မရေမတွက်နိုင်အောင် များပြားသော တရားဝင်နှင့် တရားမဝင်သော နည်းလမ်းများ ရှိသည်။ ဖွံ့ဖြိုးရေး ဖော်ဆောင်မှု အမည်အောက်တွင် မျိုးနွယ်စု မြေများမှာ မဖြစ်စလောက် လျော်ကြေးဖြင့် သိမ်းယူခံခဲ့ရသည်။ မြေကိစ္စသည် ဘိန်းစိုက်ပျိုးမှုအောက်၌ ဖြစ်ပေါ်နေသည့် တိုးပွားနေသော မြေဧကများနှင့် ဆက်နွယ်နေသည်။ ပြည်နယ်သည် မူးယစ်မှောင်ခိုကူးသူများအတွက် ဗဟိုချက်တစ်ခု ဖြစ်နေခဲ့ပြီး လက်ရှိတွင် ယင်းသည် ထုတ်လုပ်မှု စင်တာတစ်ခု ဖြစ်နေသည်။ ယင်းတို့သည် မဏိပူရ်ရှိ ပဋိပက္ခများ၏ အရင်းအမြစ်တွင် ရှိနေသည့် အဓိကကိစ္စရပ်များဖြစ်သည်။

ပဋိပက္ခ ဖြေရှင်းခြင်း
ဥပဒေပြု လွှတ်တော်သည် အရေးကိစ္စ (ပြဿနာ) များကို ငြင်းခုံဆွေးနွေးနိုင်သည့် နေရာတစ်ခု ဖြစ်ခဲ့သင့်သည်။ သို့သော် မျိုးနွယ်စုများမှာ လူနည်းစုများဖြစ်ပြီး ဝန်ကြီးချုပ်မှာ မျိုုးနွယ်စုခေါင်းဆောင်တစ်ဦး ဖြစ်သည် ဆိုလျှင်တောင်မှ ၎င်းတို့သည် ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးနိုင်ခြင်း မရှိပေ။
မျိုးနွယ်စုများတွင် ၎င်းတို့၏ ကိုယ်ပိုင် ကျောင်းသား အဖွဲ့အစည်းများ၊ မျိုးနွယ်စုဆိုင်ရာ အစုအဖွဲ့များနှင့် ဘုရားကျောင်းများ ရှိသလို မေထေးများတွင် ၎င်းတို့၏ ကိုယ်ပိုင်အဖွဲ့အစည်းများ ရှိသည်။ လူအစုအဖွဲ့များ အတူတကွ လာရောက် ပေါင်းစုံ စုဝေး ဆွေးနွေးနိုင်သည့် အဖွဲ့အစည်း သို့မဟုတ် ပလက်ဖောင်း မရှိပေ။ မည်သို့ဆိုစေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများ သို့မဟုတ် ပြောဆိုမှုများအတွက် ဖြစ်နိုင်ခြေ အလားအလာမရှိပေ။ အဘယ့်ကြောင့်ဆိုသော် အစုအဖွဲ့တိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် တောင်းဆိုချက်များ ရှိနေပြီး တောင်းဆိုချက်ကို လက်နက်ကိုင်အဖွဲ့တစ်ခုဖြင့် ကျောထောက်နောက်ခံပြုထား၍ဖြစ်သည်။
လူမျိုးစုဆိုင်ရာ အမျိုးသားရေး စိတ်ဓာတ်ကို ဘာသာရေး အတွေးအမြင်စနစ်များက လောင်စာဖြည့်ပေးနေသည်။ ၁၇ ရာစု အထိ မဏိပူရ်၏ ပြည်သူတို့တွင် ၎င်းတို့၏ ကိုယ်ပိုင် ဌာနေတိုင်းရင်း ဘာသာအယူဝါဒများ ရှိသည်။ တောင်ကြားချိုင့်ဝှမ်းတွင် မေထေးတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဘုရားကျောင်းများ၊ အသေးစိတ် စီစဉ်ပြင်ဆင်ထားသော ဘာသာဓလေ့များနှင့် အထွတ်အမြတ်ထားရာ စာပိုဒ်များနှင့်အတူ Sanamahi ဟု ခေါ်သည့် ဘာသာအယူဝါဒတစ်ခုကို ကျင့်သုံးခဲ့သည်။ ယင်းနောက်တွင် ၎င်းတို့ကို ဟိန္ဒူ သာသနာပြု အဖွဲ့များက Vaishnavism သို့ ကူးပြောင်းပေးခဲ့သည်။ ကူးပြောင်းခြင်း မရှိခဲ့သူများကို လွတ်လပ်သော အိန္ဒိယ၌ အစီအစဉ်ဇယားရေးဆွဲထားသော ဟိန္ဒူအမျိုးဇာတ်အဖြစ် သတ်မှတ်ခဲ့သည်။ မေထေး အမျိုးသားရေးဝါဒီများ၏ ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်သော အပိုင်းတစ်ခုက ၎င်းတို့၏ မူလ ဘာသာအယူဝါဒကို ပြန်ကျင့်သုံးခဲ့ကြသည်။ယင်းမှာ တစ်စိတ်တစ်ဒေသအားဖြင့် ဟိန္ဒူ အမျိုးဇာတ် စနစ်အောက်တွင် တော်ဝင်မိသားစုဝင်ကိုတောင်မှ ခတ္တိယ Kshatriyas မဟုတ်ဘဲ OBC အဆင့်အတန်း ပေးခြင်းကြောင့် ဖြစ်သည်။
Sanamahi ရိုးရာဟောင်းမှ လှုံ့ဆော်မှုကို ရရှိပြီး ယခုတစ်ကြိမ်တွင် အကြမ်းဖက်မှုကို ဦးဆောင်ခဲ့သည့် မေထေး စစ်သွေးကြွအဖွဲ့နှစ်ဖွဲ့ ပေါ်ထွက်ခဲ့သည်။ ယင်းတို့မှာ Arambai Tengol နှင့် Meitei Leepun တို့ ဖြစ်သည်။ အဖွဲ့နှစ်ခုစလုံးက ၎င်းတို့၏ ဌာနေတိုင်းရင်း ယုံကြည်မှုကို မှန်ကန်ကြောင်း အခိုင်အမာဆိုသည်။ နှစ်ဖွဲ့စလုံးသည် မဏိပူရ်ရှိ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်ခဲ့သည်။
နာဂများထဲတွင် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခြင်း မရှိသည့် လူအစုအဖွဲ့များ ရှိနေပြီး ၎င်းတို့သည် ၎င်းတို့၏ ဌာနေတိုင်းရင်း ဘာသာအယူဝါဒကို ကျင့်သုံးသည်။ ယင်းတို့အနက် တစ်ခုမှာ Heraka ဘာသာအယူဝါဒ ဖြစ်သည်။ BJP သည် ခရစ်ယာန် သာသနာပြုအဖွဲ့များကို ဆန့်ကျင်သည့် ၎င်းတို့၏ လှုပ်ရှားမှုအတွက် သင်္ကေတတစ်ခုအဖြစ် Rani Gaidinliu ကို လျာထားခဲ့သည်။ အဆိုပါ ဌာနေတိုင်းရင်း အစုအဖွဲ့များ၏ အစုအဖွဲ့ဝင်များ စုစည်းညီညွတ်ရေးအတွက် ပလက်ဖောင်းတစ်ခုကို RSS က ပံ့ပိုးပေးထားသည်။
နာဂများနှင့် ကူကီး-ချင်း-မီဇိုတို့သည် အဓိကအားဖြင့် ခရစ်ယာန်များဖြစ်ကြသည်။ အရှေ့မြောက်ပိုင်းတွင် ဘုရားကျောင်းများကို မီးရှို့ခြင်းနှင့် ခရစ်ယာန်များအပေါ် တိုက်ခိုက်ခြင်းတို့က ရှည်လျားသည့် သမိုင်းကြောင်းတစ်ခု ရှိသည်။ အရှေ့မြောက်ပိုင်းသို့ ဝင်ရောက်မည့် RSS ၏ ကြိုးပမ်းမှုကို တက်ကြွထက်သန်စွာ တန်ပြန်ရန် ခရစ်ယာန် သာသနာပြုအဖွဲ့များက ကြိုးပမ်းထားကြသည်။ ၎င်းတို့သည် အိန္ဒိယနှင့် ပြည်ပရှိ ခရစ်ယာန်အသိုင်းအဝိုင်းများ၏ ထောက်ခံမှုကို ရထားသည်။
မဏိပူရ်တွင် မေထေး မွတ်စလင်များ သို့မဟုတ် Pangals ဟု ခေါ်သည့် သေးငယ်သော မွတ်စလင် အစုအဖွဲ့ငယ်တစ်ခု ရှိသည်။ ၎င်းတို့သည် ရာစုနှစ်များနှင့်ကြာ မဟုတ်သော်လည်း ဆယ်စုနှစ်များကြာ ယင်းတွင် ရှိနေကြသည်။ အင်ဖာတွင် မွတ်စလင် ၁၀၀ ကျော် ခုတ်ပိုင်းသတ်ဖြတ်ခြင်းခံရသည့် ၁၉၉၃ ခုနှစ်၊ မေလ ဖြစ်စဉ်များနောက်ပိုင်း မွတ်စလင် ကိုယ်ပိုင်လက္ခဏာဆိုင်ရာ အခိုင်အမာ ပြောဆိုချက်တစ်ခု ရှိလာသလို အစ္စလမ္မစ် လက်နက်ကိုင်အဖွဲ့များလည်း ရှိလာသည်။ ၁၉၉၃ ဖြစ်စဉ်က လူအစုအပြုံလိုက် သတ်ဖြတ်မှုဖြစ်ပြီး ယင်းမှတစ်ဆင့် ပြည်သူများ၏ ညီညွတ်သော လွတ်မြောက်ရေး တပ်ဦး (PULF) ဖွဲ့စည်းခြင်းကို ဦးတည်စေခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် မဏိပူရ်တွင် လှုပ်ရှားသော အခြားသော အစ္စလမ္မစ်အဖွဲ့ဖြစ်သည့် အစ္စလမ္မစ် အမျိုးသား တပ်ဦး (INF) က PULF နှင့် ပူးပေါင်းခဲ့သည်။

လူမျိုးဘာသာစွဲ အတ္တဘာဝ နိုင်ငံရေး
ယင်းအတွက်ကြောင့် လူအစုအဖွဲ့အားလုံး အတူတကွ စုဝေးနိုင်ပြီး ၎င်းတို့၏ တောင်းဆိုချက်များကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်နိုင်သည့် ပလက်ဖောင်း မရှိပေ။ လူအစုအဖွဲ့တစ်ခုစီတိုင်းသည် ရင်ဆိုင်ရသည့် ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ၎င်းတို့ ယုံကြည်သော ဖြေရှင်းနည်းလမ်းများအကြောင်းကိုသာ တွေးနေကြသည်။
နာဂနှင့် ကူကီး သောင်းကျန်းသူများသည် အိန္ဒိယပြည်ထောင်စုအတွင်းမှာပင်ဖြစ်စေ သို့မဟုတ် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံများအတွက်၊ ၎င်းတို့၏ ကိုယ်ပိုင် ဇာတိဒေသများအတွက် တိုက်ခိုက်ထားခဲ့ကြသည်။ တချို့သည် သီအိုကရက်တစ် နိုင်ငံတစ်ခုတွင် နေထိုင်ခြင်းအတွက်ပင် အိပ်မက်မက်ကြသည်။ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး ခေါင်းဆောင်များသည် ထို လက်နက်ကိုင်အဖွဲ့များနှင့် အဆက်အသွယ်များ ရှိသည့်အတွက် ၎င်းတို့၏ နိုင်ငံရေး သို့မဟုတ် အမြင်အ‌ပေါ် ဝေဖန်ခြင်းက အန္တရာယ်ရှိသည်။
လူမျိုးစု တစ်ဖွဲ့ချင်းစီအတွင်းရှိ အလယ်အလတ်တန်းစား လူတန်းစားတွင် လူမျိုးစု ကိုယ်ပိုင်လက္ခဏာရပ်များကို ဆက်လက်တည်တံ့စေရေးအတွက် ကိုယ်ကျိုး မျှော်လင့်ချက်တစ်ခု ရှိသည်။ အဘယ့်ကြောင့် ဆိုသော် ယင်းက အထူး အခွင့်အရေးများနှင့် အခွင့်အလမ်းများကို သေချာစေ၍ ဖြစ်သည်။ နိုင်ငံရေး ချွတ်ခြုံကျမှုကြောင့် မျိုးနွယ်စုများနှင့် မျိုးနွယ်စုမဟုတ်သည့် အစုအဖွဲ့များက ပြဿနာအားလုံးအတွက် ‘အပြင်လူ၊ သူစိမ်းများ’ ကို ကြားဝင် အချောင်ဒဏ်ခံသူများဖြစ်စေရေး လုပ်ဆောင်စေရန် ဦးတည်စေသည်။ ထိုသို့ ကြားက အချောင်ဒဏ်ခံရသူများမှာ အပြင်လူ၊ သူစိမ်းများ၏ အဆင်းရဲဆုံး၊ ပျော့ကွက်အရှိဆုံး အစုအဖွဲ့ဖြစ်သည့် ရွှေ့ပြောင်းလုပ်သားများဖြစ်ပြီး ၎င်းတို့သည် အမြဲလိုလိုပင် အဆိုပါ အကြောင်းမဲ့ အကြမ်းဖက်မှုဒဏ်ခံရသည့် သားကောင်များ ဖြစ်နေကြသည်။
ဆင်းရဲသူနှင့် ချမ်းသာသူအကြား ကွာဟချက် တိုးလာခြင်းနှင့် ဆင်းရဲနွမ်းပါးမှု မြင့်တက်ခြင်း ပြဿနာကို မည်သူမှ ကိုင်တွယ်ဖြေရှင်းလိုခြင်း မရှိပေ။ ထောင်နှင့်ချီသော လူငယ်များသည် ၎င်းတို့၏ ကျေးရွာများမှ ထွက်ခွာနေကြပြီး အိန္ဒိယတစ်ဝန်းနှင့် ပြည်ပရှိ မြို့၊ မြို့ကြီးများ၌ ပထမမျိုးဆက် ရွှေ့ပြောင်းလုပ်သားများ ဖြစ်လာကြသည်။ မဏိပူရ်ပြင်ပတွင် အဆိုပါ ရွှေ့ပြောင်းလုပ်သားများမှာ မဏိပူရီများအဖြစ် စည်းလုံးကြသည်။
မိသားစု အများအပြားတွင် လယ်ကွင်းပုံစံဖြင့် မြေများ ရှိသော်လည်း ယင်းတို့က မိသားစုကို ကျွေးမွေးနိုင်ရန် လုံလုံလောက်လောက် ထွက်ရှိခြင်း မရှိပေ။ နိုင်ငံတကာ ဈေးကွက်ထဲသို့ ပေါင်းစည်းပါဝင်ရမှု တိုးပွားခြင်းနှင့်အတူ ငွေသား လိုအပ်မှုက မြင့်တက်နေသည်။ ယင်းမြေတို့ကို ဖမ်းဆုပ်ရယူရန် ကော်ပိုရေးရှင်းများက စောင့်ဆိုင်းလျက် ရှိသည်။

နိုင်ငံတကာ ရှုထောင့်များ
အိန္ဒိယအရှေ့မြောက်ပိုင်း၏ ကျန်ဒေသများကဲ့သို့ပင် မဏိပူရ်သည် ထောက်လှမ်းရေး အေဂျင်စီများအတွက် ကျက်စားရာနေရာတစ်ခုဖြစ်ပြီး ၎င်းတို့သည် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကို ဆန့်ကျင်သော အခြားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကို ထောက်ခံလျက်ဖြင့် ထို လူမျိုးစွဲ အတ္တဘာဝ နိုင်ငံရေးနှင့် ကသောင်းကနင်းဖြစ်စေရန် လုပ်ဆောင်သည်။ ပြည်ပနိုင်ငံများသည် အိန္ဒိယအရှေ့မြောက်ပိုင်းတွင် သဘောကွဲလွဲမှုများကို ဆက်ရှိစေရန် လူ့အခွင့်အရေး အဖွဲ့အစည်းများကဲ့သို့ NGOs များမှတဆင့် လုပ်ကိုင်ဆောင်ရွက်သည်။ မျိုးနွယ်စု ပဋိပက္ခများကြောင့် ရုန့်ရင်းကြမ်းတမ်းသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွားနေခဲ့သည် ဆိုသော အိုင်ဒီယာကို အားပေးအားမြှောက်ပြုခဲ့သည်က အနောက်အုပ်စုဖြစ်သည်။ အတန်းအစား၊ အမျိုးဇာတ်နှင့် ယောကျ်ားကြီးစိုးမှုတို့က လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အဓိက အကြောင်းရင်းများအဖြစ် အသိအမှတ်ပြုရမည့် အကြောင်းအရာများ မဟုတ်ပေ။
လူမျိုးစွဲ အတ္တဘာဝ နိုင်ငံရေးက ပြည်သူများအတွက် မည်သည်ကို ရယူဖန်တီးပေးထားပါသလဲ။ အရှေ့မြောက်ပိုင်းသည် အောက်သို့ မနားတမ်း ထိုးစိုက်ဆင်းနေပြီး မူဝါဒချမှတ်သူများမှာ ထုတ်ဖော်ရန် ဖြေရှင်းချက်နည်းလမ်းများ ရှိမနေပေ။ ယခုနောက်ဆုံး ထွက်ပေါ်သည့် ဒေတာအချက်အလက်များအရ အရှေ့မြောက် ပြည်နယ် ရှစ်ခုအနက် ပြည်နယ်ခုနစ်ခုရှိ ဝင်ငွေများသည် လက်ရှိသည် နိုင်ငံ ပျမ်းမျှအောက်တွင် ရှိနေသည်ကို ပြသနေသည်။ လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကပင် ဤပြည်နယ်များအနက် လေးခုသည် နိုင်ငံပျမ်းမျှထက် ပိုမိုမြင့်မားသည့် ဝင်ငွေ လယ်ဗယ်များ ရှိခဲ့သေးသည်။
အိန္ဒိယ၏ ပြည်နယ်များထဲတွင် မီဇိုရမ်သည် အလျင်မြန်ဆုံး ကြီးထွားနေသော စီးပွားရေးများအနက် တစ်ခုဖြစ်နေစဉ် မဏိပူရ်သည် နိုင်ငံတွင် တတိယမြောက် အဆင်းရဲဆုံး ပြည်နယ် ဖြစ်လာသည်။ ငြိမ်းချမ်းရေးအတွက် ပန်ကြားတောင်းဆိုမှုများက တင်းတိမ်ရောင့်ရဲမှု လုံးဝ ကင်းမဲ့နေပြီး ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။ လူမျိုးစွဲ အတ္တဘာဝနိုင်ငံရေးက ဖြေရှင်းချက်နည်းလမ်း မဟုတ်ဘဲ ပြဿနာဖြစ်သည် ဆိုသည်ကို အသိအမှတ်ပြု လက်ခံရန် လိုအပ်သည်။
မဏိပူရ်ရှိ ပြည်သူများ၊ အစုအဖွဲ့များနှင့် မျိုးနွယ်စုများအနေဖြင့် အတူတကွ မစုရုံးဘူးဆိုပါက ၎င်းတို့၏ မြေနှင့် ရင်းမြစ်များသည် တကယ်ပင် ၎င်းတို့၏ လက်ထဲမှ ပြင်ပသို့ ရောက်သွားလိမ့်မည် ဖြစ်သည်။ ယင်းတို့ကို သိမ်းယူရန် ဘေးတွင် ရပ်စောင့်နေသည့် အရွယ်အစားကြီး နိုင်ငံတကာ ကော်ပိုရေးရှင်းများက ယင်းတို့ကို မောင်ပိုင်စီးသွားလိမ့်မည် ဖြစ်သည်။ မဏိပူရ် ပြည်သူများအနေဖြင့် ယင်းအခြေအနေအပေါ် ခုခံရန် အတူတကွ မစုစည်းဘူးဆိုပါက ထိုကော်ပိုရေးရှင်းများအနေဖြင့် ကြာကြာ စောင့်ရလိမ့်မည် မဟုတ်ပေ။ မဏိပူရ် ပြည်သူများ အတူတကွ စုဝေးစည်းလုံးမှု မရှိဘူးဆိုပါက နီအာမယ်လ် နစ်ဘီဒန် ခန့်မှန်းထားသလိုပင် အားလုံးသည် အရှုံးသမားများ ဖြစ်လိမ့်မည်ဖြစ်သည်။
မဏိပူရ်ရှိ အကြမ်းဖက်မှုက အိန္ဒိယ ဒီမိုကရေစီ ကျရှုံးမှုကို ထင်ဟပ်ပြသနေသည်။ အမျိုးသား နိုင်ငံရေး ဖြစ်အင်က ပြည်သူတို့ကို အမျိုးဇာတ်၊ အစုအဖွဲ့ သို့မဟုတ် ဘာသာမရွေး အတူတကွ စည်းလုံးစေမည့် ဘာသာရေး ဝင်မစွက်ဖက်သည့် နိုင်ငံရေးနှင့် ဒီမိုကရေစီ နိုင်ငံရေးအစား လူမျိုးစွဲ အတ္တဘာဝ နိုင်ငံရေးထဲသို့ တွန်းပို့ထားသည်။

(စာရေးသူသည် လူ့အခွင့်အရေး ရှေ့နေ ဖြစ်သလို စာရေးဆရာတစ်ဦးလည်း ဖြစ်သည်)

Stop Identity Politics
https://forceindia.net/guest-column/stop-identity-politics/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly