ပျူစောထီးမင်းကောင်းမှုတော် ဗူးဘုရား မိုးကြိုး ၄ ချက်ထိမှန်

By 007 (မဇ္ဈိမ)
07 June 2023
ပျူစောထီးမင်းကောင်းမှုတော် ဗူးဘုရား မိုးကြိုး ၄ ချက်ထိမှန်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဇွန်လ ၆ ရက် ယမန် နေ့ညက မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခတ်ခဲ့ရာ ပျူစောထီးမင်း၏ကောင်းမှုတော် ဗူးဘုရားစေတီ မိုးကြိုးလေးချက်ထိမှန်ခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။

“ညဘက်ကြီး မိုးတအားရွာနေချိန် မိုးကြိုးတွေလည်း ပစ်တယ်။ အဲဒီမှာ ဗူးဘုရား မိုးကြိုးလေးချက်ခတယ်၊ ထန်းတောတွေဘက်မှာတောင် ဘာမှမဖြစ်ဘဲ ဗူးဘုရားမှာ သွားဖြစ်တာ။ ရှေး/သု ကတော့ မိုးကြိုးပစ်တာ ကနေ စက်ကွင်းထိတာလို့ပြောတယ်”ဟု ညောင်ဦးဒေသခံတဦးကပြောသည်။

ဇွန်လ ၆ ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မိနစ် ၂၀ ခန့် မိုးသည်းထန်စွာရွာ သွန်းနေချိန် မိုးကြိုးစက်ကွင်းထိမှန်ခဲ့ခြင်းဖြစ်ကြောင်း Bagan World Heritage Site မှ ဒါရိုက်တာ ဦးကျော်မျိုး၀င်းကအတည်ပြုချက်ထုတ်ပြန်သည်။

မိုးကြိုးစက်ကွင်းထိမှန်မှုကြောင့် ဗူးဘုရားစေတီ၏လုံးပတ်တွင် တစ်လက်မခွဲအရွယ် အပေါက်ရာနှစ်ခုဖြစ် ပေါ်ခဲ့ပြီး ဇကောကွက်ကဲ့သို့အရာထင်ခြင်း၊ စိန်ဖူးတော်အောက်ခံ ကြာဖက်ပဲ့သွားခြင်း၊ ငှက်ပျောဖူးကြာ ဖက်ထိပ်ပိုင်း ခြောက်လက်မခန့်ပဲ့သွားခြင်းနှင့် ထီးတော်ပတ်လည်တွင်ချိတ်ဆွဲထားသော ကြေးခေါင်း လောင်းများ မဲသွားခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ ပုဂံရှေးဟောင်းသုတေသနဌာနခွဲမှစိစစ်ရာတွင် စက်ကွင်းထိမှန် သောအပေါက်နှစ်ခုမှ မိုးရေ၀င်ရောက်နိုင်သဖြင့် အချိန်မီပြုပြင်ရန် သြဝါဒစရိယဆရာတော်ထံ သြဝါဒ ခံယူပြီး ရှေးဟောင်းသုတေသနရုံးချုပ်သို့တင်ပြကာ ယနေ့မှစ၍ ပြုပြင်သွားကြမည်ဖြစ်ကြောင်း သိရ သည်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဗူးဘုရားစေတီ (စေတီပုထိုး အမှတ် ၁၆၅၇/၉၆၁)သည် ပုဂံဘုရင်တပါးဖြစ်သောပျူစောထီးမင်းက ဧရာ၀တီမြစ်ကမ်းဘေး တည်ခဲ့ သည့် ပုဂံခေတ်၏အစောဆုံးသော စေတီတဆူဖြစ်သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly