နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရွှေနှင့်ဒေါ်လာအမှုအထူးအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြားနာရန် ဇွန်လ ၂ ရက်နေ့က လက်ခံလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်းထံမှ လာဘ်ယူသည်ဟုစွပ်စွဲပြီး စစ်ကောင်စီလက်အောက်ခံအထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလတွင် အဆိုပါအမှုနှင့်ပတ်သက်၍ ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့သည်။
ယင်းအမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က တရားလွှတ်တော်ချုပ်ထံ ပထမအကြိမ် အယူခံတက်ရာ လက်ခံကြားနာပြီးနောက် ပယ်ချခံရသည့်အတွက် အထူးအယူခံဆက်တက်ထားခြင်းဖြစ်သည်။
“ (အထူးအယူခံ) ကြားနာရန် လက်ခံတယ်။ နှစ်ဖက်ကြားနာဖို့ ချိန်းတယ်။ နှစ်ဖက်ကြားနာဖို့ စောင့်ဆိုင်းရမယ် ”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်ကြားနာမည့်ရက်ကိုမူ အတိအကျမသိရသေးကြောင်း တရားရုံးနှင့် နီးစပ်သူများကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဦးဖြိုးမင်းသိန်းထံမှ အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီအခေါက်ရွှေ ခုနစ်ပိဿာလက်ခံရယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ညွှန်ကြားရေးမှူး ဦးရဲထက်က တရားလိုပြုလုပ်ပြီးတရားစွဲခဲ့ခြင်းဖြစ်သည်။
သက်သေခံပစ္စည်းဖြစ်သည့် ရွှေနှင့် ဒေါ်လာများကိုမူ ဒေါ်အောင်ဆန်းစုကြည်ထံမှ သိမ်းဆည်းရမိခြင်းမရှိကြောင်း တရားလိုဦးရဲထက်က အထူးတရားရုံးတွင် ထွက်ဆိုခဲ့သည်။
တရားလိုပြသက်သေ ဦးဖြိုးမင်းသိန်းက ရွှေနှင့်ဒေါ်လာများကို ဒေါ်အောင်ဆန်းစုကြည်ထံပေးခဲ့ကြောင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းက ထွက်ဆိုခဲ့သည်။
သို့သော် ၎င်း၏ထွက်ဆိုချက်များမှာအဓိပ္ပါယ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က "All Absurd" ဟု ထိုစဉ်ကမှတ်ချက်ပေးခဲ့ဖူးသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင်အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရသည်။
အဆိုပါအမှုများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံတက်ရာတွင် ပလပ်ခံရခြင်း၊ ပယ်ချခံရခြင်းများ ကြုံတွေ့နေရသည့်အတွက် အထူးအယူခံဆက်တက်လျက်ရှိသည်။
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး