တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ချောင်းညီ ကိုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ် ဇွန်လ ၆ ရက်နေ့က တိုက် ခိုက်ခံရသဖြင့် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့ကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ကို ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း၊ KTLA-TCJF နှင့် တနင်္သာရီရိုးမ ပူးပေါင်းအဖွဲ့ များမှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ပြီး PDF ရဲဘော် နှစ်ဦးလည်း (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်ဟု ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းထံမှ သိရသည်။
“တိုက်ပွဲဖြစ်တဲ့အချိန်မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေရင်းနဲ့ မြေပြင် မျက်မြင်အရ စစ်တပ်ဘက် ၁၀ ဦးလောက်သေတယ်ဆိုတာ ကျွန်တော်တို့ အတည်ပြုလို့ရတယ်”ဟု ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။
စစ်ကောင်စီဘက်မှ သေဆုံး၊ ဒဏ်ရာရစာရင်းကို မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ အတည်ပြုချက် ရယူ နိုင်ခြင်း မရှိသေးပေ။
တိုက်ပွဲဖြစ်ပွားခဲ့သည့် တနင်္သာရီမြို့နယ် ဘန်းလမွန်ကျေးရွာအုပ်စုရှိ ဘန်းလမွတ်၊ ရမ်းဘို၊ ကမ်းတိုးနှင့် ချောင်းညီကိုကျေးရွာတို့တွင် မကြာခဏဆိုသကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံအများအပြား စစ်ရှောင်နေရသည်။
“ဒီရွာတွေက စစ်ရှောင်နေတာကြာပြီ။ အခုလည်း စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာတွေ ရှိနေပေမယ့် ဒေသခံတွေ ထိခိုက်တာမျိုး မကြာရသေးဘူး ”ဟု PDF ရဲဘော် တစ်ဦးက ပြော သည်။
လက်ရှိတွင် ထိတွေ့တိုက်ပွဲများကြောင့် စစ်ရေးတင်းမာနေပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ဆေးဝါးနှင့် ကျည်ဆံများလည်း လိုအပ်နေ၍ မိဘပြည်သူများအနေဖြင့် ထောက်ပို့ပါဝင်ပေးကြရန်လည်း ကာကွယ်ရေးတပ်ဖွဲ့များမှ မေတ္တာရပ်ခံထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ