နတ်သံကွင်းမြို့တိုက်ပွဲ စစ်ကောင်စီပစ်မှတ်နေရာ ငါးခုကို အတိအကျ တိုက်ခိုက်နိင်ခဲ့ဟု ပဲခူးတိုင်းစစ်ဒေသခွဲပြော၊ စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့ဟုဆို

By YT (မဇ္ဈိမ)
06 June 2023
နတ်သံကွင်းမြို့တိုက်ပွဲ စစ်ကောင်စီပစ်မှတ်နေရာ ငါးခုကို အတိအကျ တိုက်ခိုက်နိင်ခဲ့ဟု ပဲခူးတိုင်းစစ်ဒေသခွဲပြော၊ စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့ဟုဆို

ပဲခူးတိုင်း၊ နတ်သံကွင်းမြို့ ရဲစခန်းအပါအဝင် စစ်ကောင်စစ်ပစ်မှတ်နေရာ ငါးခုကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့သည့် ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းယူနိုင်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ၊ဒုတိယစစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောသည်။

နတ်သံကွင်းမြို့ရှိ စစ်ကောင်စီစခန်းနေရာများကို KNLA နှင့် PDF ပူးပေါင်းတပ်များက ယနေ့ဇွန်လ ၆ရက် နံနက် ၄နာရီမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

" မနက် ၄ နာရီမှာ စတိုက်တယ်။ အဓိကရည်ရွယ်ချက်က နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတားကို ဖျက်ဆီးဖို့ ဖြစ်ပါတယ်။ စစ်ဆင်ရေးအကောင်အထည်ဖော်ရာမှာတော့ နတ်သံကွင်းရဲစခန်း၊ တံတားအရှေ့ကင်း၊ အနောက်ကင်း၊ ရေတွင်းကုန်းရွားနားနဲ့ဘုံသတောရွာနား စတဲ့ ပစ်မှတ် ငါးခုကို တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်" ဟု ဒုတိယစစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောသည်။

တိုက်ပွဲသည် နံနက် ၄နာရီမှ နံနက် ၇နာရီခန့်အထိ အပြင်းအထန်ဖြစ်ခဲ့ပြီး နံနက်မိုးလင်းချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖိုက်တာသုံးစင်းဖြင့် လာ‌ရောက်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။ စစ်ကောင်စီက အဓိက အသုံးပြုနေသည့် စစ်တောင်းမြစ်ကူးတံတားကို ချိုးဖျက်နိုင်ခဲ့သည်ဟု ဦးတင်ဦးကပြောသည်။ အဆိုပါတံတားသည် ဒေသခံများ အဓိကအသုံးပြုသည့်တံတားမဟုတ်ဘဲ စစ်ကောင်စီက ရိက္ခာသယ်ခြင်း၊ အင်အားဖြည့်တင်းခြင်းများကို အဓိကအသုံးပြုနေသည့် တံတားဖြစ်၍ စစ်ရေးအရ ပစ်မှတ်ထားဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဟု ၎င်းက ရှင်းပြသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်လေးဦး ကျဆုံးခဲ့သည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲက အတည်ပြုသည်။ ထို့အပြင် သေနတ်သုံးလက်နှင့် မိုင်းရှာစက်နှစ်လုံးအပါအဝင် လက်နက်ခဲယမ်းများအပြားကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့ကြောင်းသိရသည်။

" စစ်မြေပြင်မှာမို့လို့ စာရင်းအတိအကျရဖို့ ခက်ခဲပေမယ့် စစ်ကောင်စီဘက်က ၃၀ထက်မနည်းသေဆုံးပါတယ်။ ကျွန်တော်တို့ဘက်က ‌လေးဦး တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ပါတယ်" ဟု ဦးတင်ဦးက ပြောသည်။

အထိနာသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဒဏ်ရာရသူများကို ကားများဖြင့် နတ်သံကွင်းဆေးရုံနှင့် ကျောက်ကြီးဆေးရုံသို့ အခါခါ သယ်ယူနေရကြောင်းKNLA သတင်းအရင်းအမြစ်က မဇ္ဈိမကိုပြောသည်။

ထို့အပြင် အဆိုပါ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်သုံးစင်းဖြင့် လေကြောင်းတိုက်ခိုက်မှု ခြောက်က်ြမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယနေ့နံနက်ဖြစ်ပွားသော တိုက်ပွဲကြောင့် နတ်သံကွင်းမြို့ အရှေ့ဘက်ရှိ ရေတွင်းကုန်းကြီးကျေးရွာ၊ ဘုံသဘောကျေးရွာအပါအဝင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

" စစ်ကောင်စီဘက်က လေယာဉ်နဲ့ လက်နက်ကြီးနဲ့မြို့ထဲကို တောက်လျောက် ပစ်ခက်နေပါတယ်။ အခုညပိုင်းထိကို ပစ်ခတ်နေတဲ့အတွက် အတွက် စစ်ရှောင်တွေလည်း များနေပါတယ်" ဟု ယနေ့ည အခြေအနေကို ဦးတင်ဦးက ပြောသည်။

နတ်သံကွင်းမြို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ပါဝင်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ကလည်း မုန်းမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်း၊ ကျောက်ကြီးမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်းစခန်းတို့အား တပ်မဟာ (၃) KNLA တပ်ပေါင်းစုမှ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁ နာရီအတွင်း ညောင်ကုန်းစစ်ကောင်စီစခန်းနှင့် ကျွန်းကုန်းစစ်ကောင်စီစခန်းတို့အားတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

စာတည်း - မောင်ကြီး

#mizzima

#ပဲခူးတိုင်း

#နတ်သံကွင်းမြို့

#စစ်ကောင်စစ်ပစ်မှတ်နေရာငါးခု

#စီးနင်းတိုက်ခိုက်

#ပဲခူးတိုင်းစစ်ဒေသခွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly