ကောလင်းတိုက်ပွဲ စစ်ကောင်စီကလေကြောင်းရော လက်နက်ကြီးပါ အသုံးပြုတိုက်ခိုက်ဟု ဆို

By ကိုခင်မောင်(မဇ္ဈိမ)
06 June 2023
ကောလင်းတိုက်ပွဲ စစ်ကောင်စီကလေကြောင်းရော လက်နက်ကြီးပါ အသုံးပြုတိုက်ခိုက်ဟု ဆို

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်ကောင်စီကလေကြောင်းနှင့်လက်နက်ကြီးအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ကောလင်းမြို့နယ်တွင် ဇွန်လဆန်းမှစ၍ စစ်ကောင်စီကစစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဇွန်လ ၄ရက် နေ့လယ် ၃နာရီခန့်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

" အရင်နေ့တွေတုန်းက ချပ်သင်းဘက်မှာ ဖြစ်တယ်။ အဲ့ဒီစစ်ကြောင်းကဥမင်ကုန်းရွာကို ဝင်လာချိန်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တာပါ"ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

အင်အား ၁၂၀ခန့်ပါသော စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၄ရက်နေ့ နံနက်ပိုင်းတွင် ကောလင်းမြို့နယ် ကျောက်ပြင်သာတိုက်နယ်၊ အင်ပင်လှရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဥမင်ကုန်းရွာသို့ ဆက်လက်ဝင်ရောက်ချိန် နေ့လယ် ၃နာရီခန့်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ကောလင်းဒေသခံ သတင်းရင်းမြစ်များကပြောသည်။

ယင်းနေ့တိုက်ပွဲတွင် မြေပြင်၌ ပိတ်မိနေသော စစ်ကြောင်းကို ဆွဲထုတ်ရန်အတွက် စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

" တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လာပစ်တယ်။ သူတို့လူကို လုထုတ်တာ။ နေရာမှားပြီး ပစ်လို့ ကျွန်တော်တို့ဘက်က မထိဘူး။ ဝန်းသိုတပ်က‌နေလည်း လက်နက်ကြီးတွေနဲ့လှမ်းပစ်တယ်"ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

အဆိုပါတိုက်ပွဲသည် ယင်းနေ့ ညနေပိုင်းအထိပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ည ၈နာရီခန့်တွင် တိုက်ပွဲဝန်းကျင်ရှိ ကျေးရွာများအား ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့သော်လည်း ဒေသခံများ ထိခိုက်မှုမရှိခဲ့ဟု သိရသည်။

“ ၄ရက်နေ့က ဂျက်ဖိုက်တာနဲ့လာပစ်တာ ဥမင်ကုန်းရွာက နွား၁၀ကောင်သေတယ်။ ချောင်းကွေ့ရွာအနောက်ပိုင်း အိမ်လေးအိမ်ထိမှန်တယ်လို့ သိရပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ကောလင်းမြို့နယ် ကျောက်ပြင်သာတိုက်နယ်ရှိ ဥမင်ကုန်းရွာနှင့် ချောင်းကွေ့ရွာသည် တစ်မိုင်ခန့်သာ ကွာဝေးသော ကျေးရွာများဖြစ်ပြီး ဒေသခံများမှာ ဘေးလွတ်ရွာ တောတောင်အတွင်းသို့ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုကို အတိအကျမသိရသေးဘဲ တော်လှန်ရေးရဲဘော်များ တိုက်ခိုက်မှုမရှိခဲ့ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။

စစ်ကောင်စီတပ်သားများသည် ကိုးတောင်ဘို့ရွာကင်းစခန်းသို့ ညတွင်းချင်းပြန်ခေါက်သွားပြီး ယနေ့ ဇွန်လ ၆ရက်နေ့လယ်တွင် ကောလင်းမြို့နယ်နှင့်ထိစပ်နေသော ကန့်ဘလူမြို့နယ် ချပ်သင်းရွာဘက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

စာတည်း - မောင်ကြီး

#mizzima

#ကောလင်းမြို့နယ်

#တိုက်ပွဲပြင်းထန်

#လေကြောင်း

#လက်နက်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly