လူကုန်ကူးမှု အကြိမ်ကြိမ် ကျူးလွန်နေသည့် ပြည်သူ့စစ်များကို MNDAA က ထောင်ဒဏ်ချမှတ်

By ဂျူချန်း (မဇ္ဈိမ)
06 June 2023
လူကုန်ကူးမှု အကြိမ်ကြိမ် ကျူးလွန်နေသည့် ပြည်သူ့စစ်များကို MNDAA က ထောင်ဒဏ်ချမှတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကိုးကန့်တပ်ဖွဲ့ ( MNDAA )၏ နယ်မြေဖြစ်သော အထူးဒေသ (၁)၊ မုံကိုးခရိုင် ပန်းဆိုင်ဒေသတွင် စစ်ကောင်စီလက်အောက်ခံ မုံကိုးပြည်သူ့စစ်တပ်ဖွဲ့ဝင် လီအင်ဖူ ဦးဆောင်သည့် အဖွဲ့သည် လူကုန်ကူးခြင်း အပါအဝင် ပြစ်မှု ၁၃ ခုကို ကျူးလွန်ခဲ့သည်ဟု ဝန်ခံကြောင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြစ်မှုကျူးလွန်ခဲ့သူများမှာ လီအင်ဖူ(၄၁နှစ်)၊ ဟုတ်ချင်ပန်(၂၃နှစ်)၊ ရန်မင်ဟွေ(၂၁နှစ်)၊ အိုက်မောင်(၃၇နှစ်) တို့ဖြစ်ပြီး ၎င်းတို့သည် ပြစ်မှု ၁၃ မှုကျူးလွန်ခဲ့ပြီး တရုတ်လူမျိုး ၁၄ ဦးအား ပြန်ပေးဆွဲကာ အွန်လိုင်းငွေလိမ်သည့် ကုမ္ပဏီသို့ ရောင်းချခဲ့၍ တရုတ်ငွေ ၄၈၀,၀၀၀ ယွမ် နှင့် မြန်မာငွေ ကျပ် သိန်းပေါင်း ၃၈၀ ကိုရရှိခဲ့ကြောင်း The Kokang မှ ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်သည့် အထဲတွင် လီအင်ဖူ၊ ဟုတ်ချင်ပန်း နှင့် ရန်မင်ဟွေ တို့သည် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များဖြစ်ပြီး အချို့ပြစ်မှုများတွင် စစ်ကောင်စီလက်အောက်ခံ ပန်းဆိုင်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ရရှိငွေများအား ခွဲဝေသုံးစွဲခဲ့ကြကြောင်း ဆိုသည်။

၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအနက် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ပန်းဆိုင်ရဲစခန်းမှ ရဲမှူး ရဲလုံးဇော်နှင့်အတူ ၎င်းတို့လေးဦးသည် တရုတ်လူမျိုးနှစ်ဦးကို ပြန်ပေးဆွဲကာ ရောင်းချခဲ့ပြီး ရရှိငွေအား ရဲစခန်းနှင့်အတူ ခွဲဝေသုံးစွဲခဲ့ကြခြင်းဖြစ်သည်။

အလားတူ ၂၀၂၂ ခုနှစ်အတွင်း နောက်ထပ် တရုတ်လူမျိုး သုံးဦးအား ထပ်မံရောင်းချခဲ့သကဲ့သို့ ၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးညတွင်လည်း ပန်းဆိုင်ရှင်ကျင့်ဟိုတယ်လမ်းခွဲ၌ တရုတ်လူမျိုးတစ်ဦးအား ပြန်ပေးဆွဲကာ နမ်ပါတစ် KTV ထဲတွင် ချုပ်နှောင်ထားပြီး ရောင်းချရန် စောင့်ဆိုင်းနေခဲ့ကြောင်း ဆိုသည်။

ရှမ်းပြည် အထူးဒေသ (၁)၊ အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားခုံရုံးမှ ဇွန်လ ၅ ရက်နေ့ တွင် လီအင်ဖူအား ထောင်ဒဏ် ၁၀နှစ်၊ ဟုတ်ချင်ပန်းနှင့် ရန်မင်ဟွေအား ထောင်ဒဏ် ရှစ်နှစ်၊ အိုက်မောင်အား ထောင်ဒဏ် သုံးနှစ် အသီးသီး ချမှတ်ခဲ့ကာ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြစ်မှုကျူးလွန်သူ လေးဦးအနက် လီအင်ဖူ၊ ဟုတ်ချင်ပန်နှင့် ရန်မင်ဟွေတို့ သုံးဦးသည် တရုတ်လူမျိုးများဖြစ်ပြီး တရုတ်ပြည်ရှိ ရဲတပ်ဖွဲ့မှ ကိုးကန့်တပ်ဖွဲ့ (MNDAA) အား သတင်းပေးသဖြင့် ယခုကဲ့သို့ ဖမ်းမိခြင်းဖြစ်ကြောင်းနှင့် အလားတူဖြစ်ရပ် ရာဂဏန်းနှင့်အထက် ရှိကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“အလားတူဖြစ်ရပ်မျိုး မူဆယ်မှာ ရာဂဏန်းရှိတယ်၊ ပသစ(ပြည်သူ့စစ်) နဲ့ ရဲတွေပေါင်းလုပ်တာ၊ ဒါက မိလို့လေ၊ ဖမ်းမမိတာအများကြီး တရုတ်ပြည်ရဲက ကိုးကန့်အဖွဲ့ကိုသတင်းအတိကျပေးလို့ဖမ်းမိတာ၊ မြန်မာပြည်အဖွဲ့က ဘယ်လောက်တိုင်တိုင် မဖမ်းပေးဘူး” ဟု မူဆယ်ဒေသခံက ပြောသည်။

မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်လည်မှုများအား တရုတ်ရာဇဝတ်ဂိုဏ်းများမှ ဦးဆောင်လုပ်ကိုင်နေကြပြီး မူဆယ်မြို့ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင် အားလုံးနီးပါးသည် အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် ပါဝင်ပတ်သက်နေကာ လူကုန်ကူးမှုများ လုပ်ဆောင်လေ့ရှိကြောင်း မူဆယ်ဒေသခံ နောက်တစ်ဦးကလည်း ပြောသည်။

“တရုတ်နိုင်ငံမှာ ရာဇဝတ်မှုတွေလုပ်ပြီး ထွက်ပြေးလာတဲ့ လူတစ်ယောက်က မူဆယ်ကိုရောက်လာရင် ဘာမှမလုပ်နိုင်ဘူး၊ အဲ့တော့ အာဏာရှိတဲ့ လက်နက်ကိုင် ပသစ(ပြည်သူ့စစ်) တွေနဲ့ ပေါင်းရတယ်။ လူပို့ရင်လည်း ပြည်သူ့စစ်တွေက ကားတွေနဲ့ ယူနီဖောင်းနဲ့ ပို့ချင်ပို့မယ်၊ အရပ်ဝတ်နဲ့ ပို့ချင်ပို့မယ်၊ အဲ့လိုပို့တာကိုလည်း သူတို့က ပေါက်စီပို့တယ်လို့ ခေါ်တယ်၊ ပြည်သူ့စစ်မရှိရင် ဒီတရုတ်တွေလည်း ရပ်တည်လို့မရဘူး” ဟု မူဆယ်မြို့ဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် လက်နက်ကိုင်ခွင့်ရသည့် ပြည်သူ့စစ်များ အာဏာရလာသည်နှင့်အမျှ အွန်လိုင်းငွေလိမ်ခြင်းလုပ်ငန်းနှင့်အတူ လူကုန်ကူးခြင်းနှင့် ဒုစရိုက်လုပ်ငန်းများ ပိုမိုပေါများလာကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် အွန်လိုင်းငွေလိမ်ခြင်းလုပ်ငန်းများအား တွင်ကျယ်စွာ ပြုလုပ်နေပြီး မြန်မာနိုင်ငံတွင် မလေးရှားနိုင်ငံသားများ ပါဝင်ပတ်သက်နေသည့် အလုပ်အကိုင်လိမ်လည်ခြင်း၊ လူကုန်ကူး ဂိုဏ်းများနှင့် ပတ်သက်သည်များကို ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးရန် မလေးရှား နိုင်ငံတကာ လူသားချင်းစာနာမှုအဖွဲ့အစည်း (MHO) နှင့် မလေးရှား လူမှုအသိုက်အဝန်း ရာဇဝတ်မှု စောင့်ကြည့်ရေးအဖွဲ့ (MCCC) တို့က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် သတိပေးစာပေးပို့ကာ တောင်းဆိုခဲ့သေးသည်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ရာဇဝတ်မှုကျူးလွန်သူများကို မကြာခဏ ဖမ်းဆီးကာ ပြစ်ဒဏ်ချမှတ် စီရင်လေ့ရှိရာ ပြီးခဲ့သည့် မေလ ၂ ရက်နေ့တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းတွင် လူသတ်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ၂၅ ခု ကျူးလွန်ခဲ့သူ လေးဦးကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က သေဒဏ်ချမှတ်ကာ တရားစီရင်ခဲ့သေးသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကိုးကန့်

#MNDAA

#ပန်းဆိုင်တရားစီရင်

#လူကုန်ကူး

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly