ခင်ဦးမြို့နယ်တွင် နေအိမ်ပေါင်း ၆,၀၀၀ ဝန်းကျင် မီးရှို့ခံရပြီး စစ်ဘေးသင့်သူ ၃၀,၀၀၀ ကျော်ရှိလာ

By KMN (မဇ္ဈိမ)
06 June 2023
ခင်ဦးမြို့နယ်တွင် နေအိမ်ပေါင်း ၆,၀၀၀ ဝန်းကျင် မီးရှို့ခံရပြီး စစ်ဘေးသင့်သူ ၃၀,၀၀၀ ကျော်ရှိလာ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်မှစ၍ ကျေးရွာပေါင်း ၇၄ ရွာမှ နေအိမ်ပေါင်း ၆,၀၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ်များမှ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် တစ်မြို့နယ်လုံးတွင် စစ်ဘေး၊ မီးဘေးသင့်ပြည်သူ ၃၀,၀၀၀ ဦးကျော် ရှိလာပြီဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်သည်။

ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇွန်လ ၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီးနောက် လူနေ အိမ်များအား မီးရှို့ဖျက်ဆီခဲ့မှုကြောင့် နေအိမ် ၆၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိ ကံသစ်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ၂၀၂၂ ခုနှစ် ဇွန်လတွင် ပထမအကြိမ်၊ နိုဝင်ဘာလတွင် ဒုတိယအကြိမ်၊၂၀၂၃ ခုနှစ်မေလတွင် တတိအကြိမ်၊ ယခုဇွန်တွင်လ စတုတ္ထအကြိမ် မီးရှို့ခဲ့ခြင်းကြောင့် စုစုပေါင်း ၃၂၈ အိမ် ဆုံးရှုံးခဲ့သည်။

"စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး မကြာခဏမီးရှို့နေတာပါ။ စစ်ကြောင်းက တရစပ်ထိုးနေတာပေါ့။ ပြည်သူလူထုကို နှိပ်စက်အကြမ်းဖက်နေတာပါ" ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်မှ ဇွန်လ ၁ ရက် နေ့မှစ၍ တရစပ်စစ်ကြောင်းထိုးဝင်ရောက်လာပြီး မရမ်းအင်း၊ သာဂရ၊ ဂွေးကုန်းနှင့် ကံသစ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးနေသည်။

ခင်ဦးမြို့နယ်အတွင်းသို့ ဇွန်လ ၁ ရက်နေ့မှစတင်ကာ တစ်ကျော့ပြန်ဝင်ရောက်နေသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် မူးသာကျေးရွာ၌ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ဟု‌ ဒေသခံများက ပြောသည်။

ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင်ကြစဉ် မရမ်းအင်းကျေးရွာမှ အသက် ၆၆ နှစ်အရွယ် အဖွားအိုတစ်ဦး စစ်ရှောင်ရင်း အမောဖောက် သေဆုံးခဲ့ပြီး စစ်ရှောင်သည့်နေရာမှာပင် သင်္ဂြိုဟ်ခဲ့ရကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင်ဝင်ရောက်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကံသစ်ရွာအပါအဝင် အနီးနားကျေးရွာများမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

#Mizzima

#ခင်ဦးမြို့နယ်

#စစ်ဘေးသင့်

#နေအိမ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly