အိန္ဒိယစစ်တပ်သည် တရုတ်ကို အမီလိုက် နိုင်ဖွယ်မရှိခြင်းကြောင့် ခြိမ်းခြောက်နိုင်မည်မဟုတ်ကြောင်း တရုတ်   ပြောကြား 

အိန္ဒိယစစ်တပ်သည် တရုတ်ကို အမီလိုက် နိုင်ဖွယ်မရှိခြင်းကြောင့် ခြိမ်းခြောက်နိုင်မည်မဟုတ်ကြောင်း တရုတ်   ပြောကြား 

နျူကလီယားလက်နက်ပိုင်ဆိုင်သည့် အိမ်နီးချင်း အိန္ဒိယနှင့် တရုတ်အကြား ဆက်ဆံရေးဆက်လက် ဆိုးရွားနေ ချိန်တွင် အိန္ဒိယစစ်တပ်သည် လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်း တရုတ်ကို အမီလိုက်နိုင်ဖွယ်မရှိခြင်း ကြောင့် တရုတ်ကို စိန်ခေါ်နိုင်မည်မဟုတ်ကြောင်း အာရှထိပ်တန်းလုံခြုံရေး ထိပ်သီးအစည်း အဝေးတွင် တရုတ် စစ်တပ်(PLA)ကိုယ်စားလှယ်က ပြောကြားလိုက်သည်။  

အိန္ဒိယ၏ လက်ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်နိုင်စွမ်းနှင့် စစ်ဘက်ခေတ်မီရေး စွမ်းဆောင်ရည်များသည် တရုတ်ကို တန်ပြန်ရန် မလုံလောက်သေးကြောင်း စင်္ကာပူတွင် ကျင်းပသည့် ရှန်ဂရီယာဆွေးနွေးပွဲတွင် တရုတ်စစ်တပ်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။ 

နယ်မြေအငြင်းပွားမှုများကို ဖြေရှင်းရန် တရုတ်စစ်တပ်သည် တွေ့ဆုံဆွေးနွေးရေး၊ ဖလှယ်ရေးနှင့် ညှိနှိုင်းရေးကို ပိုမိုလိုလားကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ 

 နှစ်နိုင်ငံတပ်များသည် ဟိမဝန္တာဒေသတွင် ယင်းတို့ ဝေမျှထားသော နယ်နိမိတ်နှင့် ပတ်သက်၍ ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွားလေ့ရှိသည်။ 

 "တရုတ်က ရှုပ်ထွေးစနစ်ကျတဲ့ ကာကွယ်ရေးစက်မှုအခြေခံတွေကို တည်ဆောက်နေချိန်မှာ အိန္ဒိယရဲ့ အားနည်းတဲ့ စက်မှုအခြေခံအဆောက်အအုံတွေကြောင့် လာမည့်ဆယ်စုနှစ်တွေအတွင်း တရုတ်ကို အမီလိုက် နိုင်ဖို့ မဖြစ်နိုင်ပါဘူး" ဟု တရုတ်စစ်သိပ္ပံအကယ်ဒမီမှ အကြီးတန်းဗိုလ်မှူးကြီး ကျောက်ရှောင်ကော က South China Morning Post သို့ ပြောကြားခဲ့သည်။  

 "အိန္ဒိယစစ်တပ်ရဲ့ လက်နက်စနစ်တွေကို ကြည့်ရင် ဘယ်လိုတင့်ကားတွေ၊ လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေကို အိန္ဒိယလူမျိုးတွေက ဖန်တီးတီထွင်ခဲ့လဲဆိုတာ တွေ့ရပါလိမ့်မယ်" 

 နယ်စပ်အငြင်းပွားမှုသမိုင်းတွင်ရှိသည့် အိန္ဒိယနှင့် တရုတ်စစ်တပ်များသည် နယ်စပ်တွင် ဆယ်စုနှစ်များအတွင်း အသေအပျောက်များသည့် ထိတွေ့မှုများ ဖြစ်ပွားခဲ့သည့် ၂၀၂၀ပြည့်နှစ် ဇွန်လမှစတင်ကာ ကုန်းမြင့်ဒေသရှိ အစစ်အမှန်ထိန်းချုပ်မျဉ်းတွင် လိပ်ခဲတည်းလည်း အခြေအနေဖြစ်ပေါ်ခဲ့သည်။  

 နှစ်ဖက်စလုံးမှ ထောင်နှင့် ချီသော စစ်ဘက်ဝန်ထမ်းများအပြင် အမြောက်များ၊ တင့်ကားများနှင့် ဂျက်တိုက် လေယာဉ်များ ထားရှိခြင်းဖြင့် မြေမျက်နှာပြင်ကြမ်းတမ်းသောတောင်တန်းဒေသတွင် ထိပ်တိုက်တွေ့ဆုံမှုများမှ ကာလကြာရှည် လိပ်ခဲတည်းလည်း အခြေအနေဖြစ်လာခဲ့သည်။  

 အိန္ဒိယ၏ ဘက်မလိုက်လှုပ်ရှားမှု (NAM) ကို ရည်ညွှန်းပြီး ယင်း၏ လွတ်လပ်သော သံတမန်ရေးမူဝါဒကြောင့် အိန္ဒိယသည် အင်ဒို-ပစိဖိတ်မဟာဗူဟာတွင် အမေရိကန်အတွက် “သစ္စာရှိမိတ်ဖက်” ဖြစ်လာမည် မဟုတ် ကြောင်း ကျောက်က ပြောကြားခဲ့သည်။ 

 ထိပ်သီးစည်းဝေးပွဲအတွင်း အနီးကပ်စောင့်ကြည့်နေသည့် တွေ့ဆုံမှုတစ်ခုတွင် အမေရိကန်ကာကွယ်ရေးဝန် ကြီး လွိုက်အော်စတင်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လီဆန်ဖူတို့သည် လက်ဆွဲ နှုတ်ဆက်ခဲ့ကြ သော်လည်း မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ခဲ့ပေ။  

 အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့နက်ဆင်း နှင့် တွေ့ဆုံခဲ့ပြီး စွမ်းဆောင်ရည်မြင့်မားသည့်ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ်များ တည်ဆောက်ရေးကို ဆွေးနွေးခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

 ပစ္စည်းများတင်သွင်းရေးအတွက် အခြားနိုင်ငံများကို အားကိုးခြင်းထက် အိန္ဒိယက ယင်း၏ ကိုယ်ပိုင်လက်နက် တိုက်တည်ဆောက်ရန် နည်းပညာသစ်များရယူခြင်းဖြင့် ပြည်တွင်းကာကွယ်ရေးလုပ်ငန်းကို အားကောင်းစေရန် ကြိုးပမ်းလျက်ရှိသည်။ 

အိန္ဒိယသည် ကမ္ဘာတွင် လက်နက်တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ပြီး ၂၀၁၈-၂၂ ခုနှစ် ကာလအတွင်း ကမ္ဘာ့ လက်နက်တင်သွင်းမှု၏ ၁၁ ရာခိုင်နှုန်းရှိကြောင်း ဆွီဒင်အခြေစိုက်ပညာရှင်အဖွဲ့ဖြစ်သည့် စတော့ဟုမ်းနိုင်ငံ တကာငြိမ်းချမ်းရေးသုတေသနအဖွဲ့က ဖော်ပြထားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly